ကျေးဇူးတော်ချီးမွမ်းခြင်းဆိုဒါ ယုံကြည်သူခရစ်ယာန်များရဲ့ခရစ်ယာန်အသက်တာမှာ အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု (သို့) မဖြစ်မနေပြုလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၆၀၀ ပတ်ဝန်းကျင်ခန့်က မေဖလားဝါးသဘောင်္နဲ့ ဥရောပတိုက်နိုင်ငံ တစ်ခုကနေ အမေရိကန်ကိုရောက်ရှိလာတဲ့ အုပ်စုဟာ ဘုရားရှင်ရဲ့စောင့်ရှောက်မှု၊ လမ်းပြပို့ဆောင်မှု၊ ခက်ခဲကြမ်းတမ်းပြီးဘာဆိုဘာမှ မရှိသေးတဲ့ နယ်မြေသစ်မှာ ဆက်လက် ပြီးအသက်ရှင်နေထိုင်ခွင့်ရရှိမှုတို့ကြောင့် အမေရိကားတိုက်ကို ခြေချပြီး (၂) နှစ်အကြာမှာ ဘုရားရှင်ထံမှာကျေးဇူးတော်ချီးမွမ်း (Thanksgiving) ခဲ့ကြဒါ အားလုံးသိကြပါတယ်။ အဲဒီ ကျေးဇူးတော်ချီးမွမ်းခြင်း (Thanksgiving) ကိုအစွဲပြုပြီး ယနေ့ထိတိုင်အောင် အမေရိကားမှာ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ တတိယအပတ်မှာ Thanksgiving နေ့ကို မိမိတို့မိသားစုအသီးသီးနဲ့ဆင်နွဲကြတယ်ဆိုဒါကိုလည်း အားလုံးသိရှိကြပါတယ်။ ဒါပေမဲ့ အဲဒီ (၂) နှစ်မတိုင်ခင်ဘယ်လို ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီး၊ အဖွဲ့သားဘယ်နှစ်ယောက် ရဲ့အသက်ဆုံးရှုံးခဲ့ရတယ်ဆိုဒါကိုတော့ လူတော်တော်များများ မသိကြပါဘူး။
သမိုင်းကိုပြန်လေ့လာကြည့်မယ်ဆိုရင် ၁၆၁၀ ပတ်ဝန်းကျင်ခန့်မှာ ပထမဆုံး (Thanksgiving) ကို ဗာဂျီးနီးယား ပြည်နယ်အတွင်းတစ်နေရာမှာ ဥရောပကရောက်လာတဲ့ လူဖြူ အယောက် (၆၀) ခန့်နဲ့ ဒေသခံအင်ဒီးယာန်း တစ်ချို့ စုပေါင်းပြီးပြုလုပ်ခဲ့ကြတယ်ဆိုဒါ ကိုတွေ့ရှိရပါတယ်။ နဲနဲထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် အဲဒီလူဖြူ အယောက် (၆၀)ဟာ ဥရောပတိုက်ကနေ စတင်ရွက်လွင့်ခဲ့စဉ်က (၄၀၉) ယောက်ရှိပါတယ်။ နှစ်အနည်းငယ်ခန့် အတွင်းမှာဘဲ သူတို့ချစ်တဲ့ ညီအစ်ကို၊ မိဘတွေကို ဆုံးရှုံးခဲ့ကြရပါတယ်။ ချစ်ရသူများ ခွဲခွါသွားချိန်မှာ ကျေးဇူးတော်ချီးမွမ်းဖို့ဆိုတာ သိပ်တော့လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြတ်သန်းခဲ့ရတဲ့ ၀မ်းနည်းကြေကွဲဘွယ်ရာနေ့ရက်များကို မေ့ဖျောက်ပြီး ကျေးဇူးတော်ချီးမွမ်းခြင်း ကိုပြုလုပ်ခဲ့ကြပါတယ်။ ဘုရားရှင်ရဲ့ပို့ဆောင်မှုကိုပြန်လည် ရေတွက်ကြခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး ဘ၀မှာ ဘုရားရှင်ဘယ်လောက်ကောင်းကြီးပေးပြီး ပို့ဆောင်၊ ကာကွယ် လမ်းပြခဲ့တယ်ဆိုတဲ့ကောင်းကြီးတွေကိုပြန်လည်ရေတွက်ဖို့ တခါတရံမေ့လျော့ နေတတ်ပြီး ကြုံတွေ့ရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကိုဘဲ ရေတွက်မိမှန်းမသိ ရေတွက်မိတတ် ကြပါတယ်။ လူရယ်လို့ဖြစ်လာရင် ဘ၀မှာ အခက်အခဲတွေ အများကြီးကြုံတွေ့ရမှာ ဓမ္မတာဖြစ်ပါတယ်၊ ဒါပေမဲ့ ဘုရားရှင်က အမြဲတမ်း ထိုအခက်အခဲများကို ရင်ဆိုင်ကျော်လွားနိုင်ရသော အခွင့်ကိုပေးပါတယ်။ ကြုံတွေ့ရသော အခက်အခဲအတားအဆီး များကိုရေတွက်သောသူနဲ့ ကြုံတွေ့ရသော ကျေးဇူးတော်များကို ရေတွက်သောသူ (၂) မျိုးရှိပါတယ်။ မိတ်ဆွေ ဘယ်အမျိုးအစားထဲမှာပါသလည်း ဆန်းစစ်ကြည့်ပါ။ စစ်မှန်သော ခရစ်ယာန်အသက်တာမှာ နေ့စဉ်နေ့တိုင်း အရာရာကို ကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်ပါတယ်။
နူနာစွဲသူ (၁၀) ယောက်
ရှင်လုကာ ၁၇း၁၁-၁၉ မှာဖော်ပြတဲ့ နူနာစွဲသူ (၁၀)ယောက်အကြောင်းကို လေ့လာကြည့်ကြပါစို့။ အဲဒီမှာ နူနာစွဲသူ (၁၀)ယောက်ကို သခင်ယေရှု က ရောဂါပျောက်ကင်း စေတယ်ပါတယ်။ အားလုံးရောဂါပျောက်သွားကြပေမဲ့ တစ်ယောက်သောသူသာလျှင် သခင်ယေရှု ဆီပြန်လှည့်လာပြီး ကျေးဇူးတင်တဲ့အကြောင်းဖော်ပြပါတယ်။ ကျမ်းစာအုပ်ထဲမှာ ကျန်တဲ့ (၉) ယောက်က ဘာတွေ လုပ်ပြီး ဘာဖြစ်လို့ ကျေးဇူးတင်စကားပြောဖို့ လှည့်မလာသလည်း ဆိုဒါဖော်ပြမထားပါဘူး။ ဒါပေမည့် Charles Brown ဆိုသူက၊ အဲဒီ (၉) ယောက် ကျေးဇူးတင်စကားပြောဖို့ ပြန်လှည့်မလာရတဲ့အကြောင်းကို အောက်ပါအတိုင်းဖော်ပြ ပါတယ်။ အတိအကျတော့ မှန်ချင်မှမှန်မှာဖြစ်ပေမဲ့၊ သာမန်လူသားတို့ရဲ့ တွေးတောပုံ သဘောတရားကို ထင်ဟပ်ပေါ်လွင်စေပါတယ်။
– တစ်ယောက်က တကယ်ဟုတ်မဟုတ်ခဏကြည့်ဦးမယ်
– တစ်ယောက်က ခဏဘဲလားဆက်တိုက်ပျောက်မှာလားကြည့်ဦးမယ်
– တစ်ယောက်က သခင်ယေရှုကို နောက်မှသွားတွေ့မယ်
– တစ်ယောက်က ငါဘယ်တုန်းကမှ အနူရောဂါသယ်မဖြစ်ဖူးဘူး
– တစ်ယောက်က ဘယ်လိုဘဲဖြစ်ခဲ့ဖြစ်ခဲ့ ငါအခုမနူဘူး
– တစ်ယောက်က ရောဂါပျောက်မပျောက်စစ်ပေးမဲ့ ဆရာ(ယဇ်ပုယောဟိတ်)ကိုကျေးဇူးတင်စကားပြောမယ်
– တစ်ယောက်က “တကယ်တော့ ယေရှုဘာမှမယ်မယ်ရရ လုပ်မပေးပါဘူး”
– တစ်ယောက်က အခြားဘယ်တရားဟောဆရာတစ်ယောက်နဲ့မဆို ရောဂါပျောက်မှာပါ
– တစ်ယောက်က ငါအခုသက်သာသွားပြီ
နောက်ဆုံး တစ်ယောက်ကတော့ သခင်ယေရှုထံပြန်လှည့်လာပြီး ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အထက်က (၉) ယောက်အကြောင်းမဟုတ်ဘဲ အဲဒီနောက်ဆုံးတစ်ယောက် အကြောင်းနဲနဲထပ် လေ့လာကြည့်ကြရအောင်။
ကျွန်တော်တို့အားလုံး သမ္မာကျမ်းစာအုပ်ထဲက နူနာရောဂါသည်များ အကြောင်း အကြမ်းဖျဉ်းသိရှိနားလည်ကြပါတယ်။ အဲဒီခေတ်အခါက နူနာရောဂါ ဟာ အင်မတန်မှ ကြောက်ဖို့ကောင်းပြီး နူနာစွဲသူတစ်ယောက်ဟာ လူတောသူတော ထဲဝင်ခွင့်မရတဲ့အပြင် မြို့ထဲတောင် ၀င်ခွင့်မရှိ မြို့ပြင်မှာနေထိုင်ကြရပါတယ်။ မောရှေ ရဲ့ကျဥ့်ထုံးဥပဒေမှာ နူနာစွဲ သူကို မသန့်ရှင်းသူအဖြစ် သတ်မှတ်ထားပါတယ်။ တောလည်ရာကျမ်း (၅း၂-၃) မှာသူတို့ဟာ မိသားစုတို့နဲ့ အတူတူမနေထိုင်ရဘဲ မြို့ပြင်မှာနေရပါတယ်။ ဂျူးလူမျိုးတို့ရဲ့ အယူအဆမှာ နူနာစွဲ သူဟာ ဘုရားရဲ့ ငြူငြင်မှုကိုခံရသူဖြစ်တယ်၊ ပြစ်ဒဏ်သင့်ခြင်းဖြစ်တယ်။ ဒါကြောင့် နူနာစွဲသူ တစ်ယောက်ဟာ အရာအားလုံး (မိသားစု၊ အလုပ်အကိုင်၊ ရွှေငွေ ပိုင်ဆိုင်မှု) ကိုစွန့် လွတ်ရပါတယ်။ လုကာ ၁၇း၁၂ မှာ “နူနာစွဲသောသူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်” လို့ဖော်ပြထားဒါကို သတိပြုမိကြမှာပါ။ အဲဒီခေတ်က နူနာစွဲသူတစ်ယောက် ဟာ လူတွေနဲ့ အနီးဆုံး ခြေလှမ်း အလှမ်း (၁၀၀) အကွာမှာနေရ ပါတယ်။ သခင်ယေရှုရဲ့ အနီးကိုသွားကပ်ပြီး ကျန်းမာခြင်းအခွင့် တောင်းခွင့် မရရှိပါဘူး။
နူနာစွဲသူတစ်ယောက်အကြောင်းကို အသေးစိတ်ရှင်းပြရခြင်းအကြောင်းကတော့ နူနာစွဲခြင်း ဟာ အပြစ်တရားကို သဏ္ဍာန်ဆောင်ပြီး စာတန်မာရ်နတ်ဟာ လူသားအားလုံးကို အပြစ်တရား လို့ခေါ်တဲ့ နူနာစွဲခြင်းနဲ့သဏ္ဍာန်တူတဲ့ ဘ၀ကိုရောက်ဖို့ သိမ်းသွင်းစည်းရုံးချင်တဲ့ အကြောင်းကိုသဘောပေါက်စေချင်လို့ဖြစ်ပါတယ်။ Eaton’s Bible Dictionary ထဲမှာ နူနာရောဂါကို “လူတို့၏ ၀ိညာဉ်ရေးအရ ပျက်စီးယိုယွင်းခြင်းကို မြင်သာစေသော ကိုယ်ခန္ဓာ၏ပြင်ပဖြစ်ပျက်မှု” ဟု အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
အနာကြီးရောဂါစွဲသူအားလုံး အပြစ်ရှိသူများဖြစ်တယ်လို့ တိုက်ရိုက်ဆိုလိုခြင်းမဟုတ်ပါဘူး၊ အနာကြီးရောဂါစွဲကပ်သူ များရဲ့ ထိုခေတ်ထိုအခါက ဘ၀နှင့် အပြစ်ရှိသူ ကျွန်တော်ကျွန်မတို့၏ ဘ၀ တူသည့် အချက်များရှိသည်ဟု ထောက်ပြလိုခြင်းဖြစ်ပါတယ်။ အပြစ်သားများဟာ နူနာစွဲတဲ့သူတွေလိုဘဲ ဘုရားသခင် နိုင်ငံတော် ရဲ့ပြစ်ပြယ်ခြင်း ခံရမှာဖြစ်ပါတယ်။ နူနာစွဲကပ် နေသူများလိုဘဲ အပြစ်သားများဟာ ရှိသမျှ အရာအားလုံးကို ဆုံးရှုံး စွန့်လွတ်ရမှာဖြစ်ပါတယ်။ နူနာစွဲသူများလိုဘဲ အပြစ်ရှိသူများဟာ မိမိရဲ့အပြစ်ကြောင့် ပျက်စီးခြင်းကို ရောက်ရမှာဖြစ်တယ်။
အထက်မှာဖော်ပြခဲ့သည့်အတိုင်း နူနာစွဲသူများက သခင်ယေရှုကို ကျန်းမာခြင်းအခွင့်ပေးဖို့ အဝေးမှအော်ဟစ် အကူအညီတောင်းပါတယ်။ နူနာစွဲသူဟာ ဘယ်လူကောင်း အနားကိုမျှ သွားခွင့် မရှိပါဘူး။ ဆိုလိုချင်တာကတော့ ဘယ်သမားတော် အနားကိုလည်း ကပ်ခွင့်မရှိပါဘူး။ တနည်းပြောရမယ်ဆိုရင်တော့ နူနာ စွဲပြီဆိုရင် ကယ်သူမဲ့ဘ၀ ကိုရောက်ရဒါနဲ့ အတူတူဖြစ်ပါတယ်။ ရရှိစွဲကပ်တဲ့ ရောဂါနဲ့တသက်လုံး အပယ်ခံဘ၀မှာ ဒုက္ခဆင်းရဲခံပြီးနေရုံဘဲ ရှိပါတော့တယ်။ ထိုနည်း၎င်းဘဲ အပြစ်ရှိတဲ့ ကျွန်တော်တို့ ရဲ့ဘ၀ဟာလည်း ကယ်သူမဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ ကယ်သူမဲ့ ဖြစ်နေတဲ့ အပြစ်သားလူသားတို့ရဲ့အဖြစ်ကို ကယ်နိုင်မည့်သူ၊ ကယ်နိုင်မဲ့သူ သခင်ယေရှုကလွဲရင်လောကမှာ တစ်စုံ တစ်ယောက် မှမရှိပါဘူး။
ရောမ ၅း၆ မှာ “ငါတို့သည်အကျိုးနည်းရှိစဉ်တွင်ပငှ် ခရစ်တော်သည် မတရားသောသူတို့ အတွက် ကြောင့် အသေခံတော်မူ၏” လို့ဆိုထားပါတယ်။ “အကျိုးနည်းရှိနေစဉ်တွင်” ဆိုတဲ့အသုံးအနှုံးကို အင်္ဂလိပ် ကျမ်းစာအုပ်ထဲမှာ “when we were still powerless” လို့သုံးထားပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ဘာမှ မတတ်နိုင်တဲ့ အချိန် (သို့) တနည်းအားဖြင့် ကယ်သူမဲ့ဖြစ်နေတဲ့အချိန်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီအချိန်မှာ သခင်ယေရှုဟာ ငါတို့အတွက် အသေခံတော်မူခြင်း ဖြစ်ပါတယ်။ အပြစ်သား ကျွန်တော်တို့ဟာ ထို အနူစွဲနေသူတွေလိုဘဲ ဘာမှမတတ်နိုင် (powerless) ဖြစ်နေပါတယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ သခင်ယေရှုဘုရားရဲ့ သနားခြင်းဂရုဏာကို တောင်းခံခြင်းဘဲဖြစ်ပါတယ်။
အပိုဒ်ငယ် ၁၄ မှာ “ယေရှုသည်မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊” လို့ဖော်ပြထားပါတယ်။ ဘာဖြစ်လို့ သူတို့ရဲ့ အနာရောဂါကို “ပျောက်စေ” လို့မမိန့်ဘဲ ယဇ်ပုရောဟိတ်ထံ သွားစေသလဲ? သူတို့ရဲ့ ယုံကြည် ခြင်းအားဖြင့် အနာရောဂါကိုပျောက်စေတဲ့အတွက်ဖြစ်ပါတယ်။ ယုံကြည်အားဖြင့် ဗိုလ်ချုပ်နေမန် ရဲ့ နူနာပျောက်ကင်းခဲ့သလို၊ ရှင်မဿဲ အခန်းကြီး (၈) က အနာကြီးရောဂါ စွဲကပ်သူသည်လည်း သူ၏ယုံကြည်ခြင်းအားဖြင့် ပျောက်ခြင်းအခွင့်ကိုရပါတယ်။ နူနာစွဲသူ (၁၀) ယောက်ဟာလည်း ယုံကြည်သောကြောင့် ယဇ်ပုရောဟိတ်မင်းထံ စစ်ဆေးခံရန်ထွက်သွားကြပါတယ်။ တကယ်လို့ မယုံကြည်ဘူးဆိုရင် ယဇ်ပုရောဟိတ်မင်းထံ စစ်ဆေးခံရန် ထွက်ခွါသွားစရာ အကြောင်းမရှိပါဘူး
ကျွန်တော်တို့ဆက်ဖတ်ကြည့်မယ်ဆိုရင် ယဇ်ပုရောဟိတ်ထံ အစစ်ဆေးခံဖို့ အသွား သူတို့ရဲ့ ရောဂါများပျောက်ကင်းသွားကြပါတယ်။ အပိုဒ်ငယ် (၁၅-၁၆) မှာ “ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။” ဟုဖော်ပြထားပါတယ်။
ကျွန်တော်ထင်ပါတယ်၊ အခြား (၉) ယောက်လည်း သူတို့ရဲ့ ရောဂါများပျောက်ကင်း သွားတာကို အသေအချာတွေ့ရှိ သဘောပေါက်မှာပါ။ ဘာဖြစ်လို့ပြန်လာပြီး ကျေးဇူးတင်စကား မပြောတာလဲ ? ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်က တစ်ယောက်သောသူနဲ့ (၉)ယောက်တို့ အကြားခြားနာချက် သုံးချက်ကိုဖော်ပြပါတယ်။
(က) ချမ်းသာလွတ်ငြိမ်းခြင်းတရားကိုအသေအချာသဘောပေါက်ခြင်း။
အထက်ကဖော်ပြသလိုဘဲ “တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင် ” လို့ဆိုသလိုဘဲ ထိုတစ်ယောက်သောသူသည် အသေအချာသဘောပေါက် ရုံမက နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်တယ်လို့ဆိုလို့ရပါတယ်။
ဂျူးပုံပြင်တစ်ခုမှာ လူတစ်ယောက်ဟာ ဆရာတစ်ပါးဆီသွားပြီး သူဟာလူ ၉ ယောက်နှင့်အတူ အခန်းတစ်ခန်းမှာ နေထိုင်ရလို့ သူဘ၀ ပျော်ရွှင်စရာမကောင်းပါဟု စောဒကတက်ကာ မည်သို့ ပြုလုပ်သင့်သနည်းဟု အကြံတောင်းသည် ဟုဆိုသည်။ ဆရာက ဆိတ်တစ်ကောင်ကို အခန်းထဲသို့ အတူခေါ်ပြီး ထားရန် နှင့် တစ်ပတ်ပြီးလျှင် ပြန်လာရန်အကြံပေးလိုက်သည်။ တပတ်ကြာသောအခါ ထိုသူရောက်လာပြန်ပြီး ဆိတ်၏ မစင်နှင့် အနံ့အသက်၊ အသံများကြောင့် ပို၍စိတ်ညစ်ကြောင်း စောဒကတက်လာပြန်သည်။ ဆရာက ထိုဆိတ်ကို ပြန်ထုတ်ပြီး တစ်ပါတ်ပြည့် လျှင်နောက်ထပ်တစ်ခါပြန်လာရန် အကြံပေးလိုက်ပြန်သည်။ တပါတ်ပြည့် ၍ပြန်လာသောအခါ ထိုသူက သူ့အရမ်းပျော်ရွှင်ကြောင်း ဆိတ်လည်းမရှိတော့ဘဲ သူနှင့် သူငယ်ချင်း ကိုးယောက်သာ ရှိသဖြင့် အနံ့အသက်လည်းမရှိတော့ကြောင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ကြောင်း ပြောသည် ဟုဆိုသည်။ အမှန်ကတော့ အစကတည်းက သူငယ်ချင်း ကိုးယောက်နှင့်တစ်ခန်းတည်းတွင် နေထိုင်ခဲ့သော်လည်း ယခုမှ ပျော်ရွှင်ခြင်း၏ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း အသေအချာ နားလည်သဘောပေါက် လာခြင်းပင်ဖြစ်သည်။ မိတ်ဆွေ သင့်ဘ၀မှာလည်း စိတ်ညစ်စရာ ဒုက္ခများတွေ့မှ ဘုရားရှင်ရဲ့ ကျေးဇူးဂရုဏာကို သိတတ်၊ ခံစားတတ်သူ ဖြစ်ချင်ပါသလား ? ဒါမှမဟုတ် ကျေးဇူးတော်ကို နေ့စဉ်ရေတွက် ချီးမွမ်းပြီး ကောင်းကြီးခံစားသူ ဖြစ်ချင်ပါသလား၊ ကိုယ့်ကိုယ်ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။
ထိုတစ်ယောက်သောသူသည် ရောဂါပျောက်ကင်းသည်ကို သိရှိနားလည်သည်နှင့် မိမိပထမဦးဆုံး ဦးစားပေးပြုလုပ်ရမည့် အရာ (သို့) သူ့နေရာနှင့်သူ သူ့အချိန်နှင့်သူ ပြုလုပ်သင့်သည့်အရာကို နားလည်သည်။ သခင်ယေရှုကို ကျေးဇူးတင်စကားပြောရန်၊ ကျေးဇူးတော်ချီးမွမ်းရန် အမှုသည် အခြေအနေနှင့် အချိန်အခါ အရ ပထမဦးစားပေး ဖြစ်သည်ကို အသေအချာသဘောပေါက် နားလည်သောကြောင့်ဖြစ်သည်။
အပိုဒ်ငယ် (၁၉) တွင် “သင်ထ၍သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကို ငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏” ကိုးယောက်သောသူတို့၏ ဘ၀ကို ကျမ်းစာတွင် ဆက်လက်ဖော်ပြခြင်းမရှိသော်လည်း တစ်ယောက်သူအား သခင်ယေရှုက “….သင်၏အနာကို ငြိမ်းစေပြီ” ဟု မိန့်တော်မူသည်။ ဤအချက်သည်လည်း တစ်ယောက်သောသူ ထံတွင်သာ မိန့်တော်မူသော သခင်ယေရှု၏ နှုတ်ထွက်ကောင်းကြီးပေးသည့် စကားဖြစ်သည်။ အခြားသော ကိုးယောက်က ဤကောင်းကြီးပေးခြင်းကို မရရှိလိုက်ကြပါ။ Bible Commentary တစ်ခုတွင် သခင်ယေရှုက တစ်ယောက်သောသူအား ၀ိညာဉ်ခွန်အားသစ် ကိုပေးသည်ဟု ဆိုသည်။ အခြားအခြားသော Commentary များတွင် ထိုသူ၏ ယုံကြည်ခြင်းသည် အနာရောဂါ ပျောက်ရုံလောက်သော ယုံကြည်ခြင်းထက်ပိုပြီး၊ သခင်ယေရှု၏ နောက်တော်သို့ မမိတ်မသုန် လိုက်လျှောက်ရဲသည့် ယုံကြည်ခြင်းမျိုးနှင့်ပြည့်ဝသူဖြစ်သည်ဟု ဖော်ပြထားသည်။
ယနေ့လောကကြီးတွင် ယုံကြည်သူခရစ်ယာန် မြောက်များစွာရှိပါသည်။ သို့သော်လည်း ကျေးဇူးတော်ချီးမွမ်းတတ်သော ယုံကြည်သူ ခရစ်ယာန်ဖြစ်ရန် သခင်အလိုရှိပါသည်။
နူနာစွဲသူအားလုံးသည် ယုံကြည်ခြင်းကြောင့် ပျောက်ကင်းခြင်းသို့ရောက်ကြသော်လည်း
တစ်ယောက်သောသူ၏ ကျေးဇူးတော်ချီးမွမ်းတတ်သော နှလုံးသားသည် သူ၏ယုံကြည်ခြင်းအားကြီးမှုကို ထင်ဟပ်ပြကာ ထိုတစ်ယောက်သောသူသည် စစ်မှန်သော ခရစ်တော်၏ သစ္စာရှိနောက်လိုက် တပည့်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။
နာမတော်မြတ်၌
သောင်းနိုး
မှတ်ချက် Robert Massey (Church of God) ၏ Where are the Nine ကို ကိုးကား၍ ဆီလျော်အောင် တင်ပြထားပါသည်။
You must log in to post a comment.