စက်တင်ဘာလ ၈ ရက်၊ ၁၈၆၀ တွင် Lady Elgin အမည်ရှိ ရေနွေးငွေ့သဘောင်္တစ်စီးသည် ခရီးသည်အပြည့်နှင့် မီချီဂန် အိုင်ထဲခုတ်မောင်းနေစဉ် နှစ်မြုပ်ခဲ့သည်။ အက်ဒ်ဝါဒ်စပင်ဆာ သည် ရေခဲရေတမျှအေးစက်ပြီး ကြမ်းတမ်းလွန်းလှသော လှိုင်းတံပိုးကြားခုန်ဆင်းကူးခတ်ပြီး ရေနစ်သူ (၁၇) ယောက်၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သည်။ (၁၇) ယောက်မြောက်ကို ကယ်ဆယ်အပြီး မောပန်းလွန်းသည်ဒဏ်ကြောင့် မေ့မျောလုနီးပါးဖြစ်ကာလဲ ကျသွားသည်။ အတန်ကြာအနားယူ လိုက်သောအခါ ပြန်လည်လန်းဆန်းလာသည်။ သို့သော် ကြမ်းတမ်းလွန်း လှသောထို ကယ်ဆယ်ရေးကြောင့် ကျမ်းမာရေးချုချာ ချို့တဲ့စွာဖြင့် သေသည်အထိ မထင်မရှားဘ၀ခရီးကိုလျှောက်လှမ်းခဲ့ရသည်။ ဘုရားရှင်၏ အမှုတော်ဆောင်ဖြစ်ရန် ကြိုးစားခဲ့သမျှအချီးအနှီးဖြစ်ခဲ့ရသော်လည်း၊ သခင်ယေရှု၏ သွန်သင်ချက်များနှင့်အညီ ဒုက္ခရောက်သူတို့အတွက် မိမိ၏ဘ၀တခုလုံးကို စတေးခဲ့ခြင်းဖြစ်သည်။အသက် (၈၁) နှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၌ ကွယ်လွန်သွားခဲ့သည်။ သူ၏ အသုဘအခန်းအနား၏ စာတစ်စောင်တွင် “သူအသက်ကယ်တင်ခဲ့သော လူသား (၁၇) ယောက်တွင် ကျေးဇူးတင်စကားပြောရန် သူ့ထံပြန်လာသူ တစ်ယောက်မျှမရှိပါ” ဟုရေးသားထားသည်။
ဤဖြစ်ရပ်မှန် အဖြစ်အပျက်ကလေးကို အင်တာနက်ထဲတွင် အမှတ်မထင်ဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။ စပင်ဆာကို စိတ်ထဲမှာ တိတ်တဆိတ်ချီးကျူးဂုဏ်ပြုမိသလို၊ သူကယ်တင်ခဲ့တဲ့ လူသား (၁၇) ယောက်ကိုလည်း အားမလိုအားမရဖြစ်မိပါတယ်။ သူတို့ကို ကယ်တင်ခဲ့တဲ့ လူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုဒါ မသိလို့များလား၊ ဒါမှမဟုတ် သူ့တာဝန် (ကယ်ဆယ်ရေးဝန်ထမ်း) သူထမ်းဆောင်ဒါဘဲ၊ အထွေအထူး ကျေးဇူးတင်စကားပြောဖို့ မလိုဘူး လို့များယူဆကြဒါလား၊ ဒါမှမဟုတ် ဘယ်သူမှမသိလိုက်ပေမည့် ကျေးဇူးတင်တုံ့ပြန် တဲ့လူ တစ်ယောက်တလေတော့ ရှိမလား ဆိုပြီး “လား” ပေါင်းမြောက်များစွာ စိတ်ကူးထဲ ထွက်ပေါ်လာပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ ကျော်ကအဖြစ်အပျက်ဆိုတော့ တိကျတဲ့ အဖြေမှန်ပြန်ရဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ သည်အဖြစ်အပျက်ကလေးအပေါ်မူတည်ပြီး ရလိုက်တဲ့ သင်ခန်းစာလေး တစ်ခုကတော့ ကျွန်တော်တို့တတွေ အဲဒီ (၁၇) ယောက်ကဲ့သို့ ကျေးဇူးတင်စကားပြန်မပြောတဲ့လူများ မဖြစ်ဖို့ အင်မတန်အရေးကြီးတယ်ဆိုတဲ့အချက်ပါဘဲ။ တဆက်ထဲမှာဘဲ အဲဒီသေခြင်းထက် ဆိုးဝါးတဲ့ ထာဝရသေခြင်းဆိုတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ လောကလူသားအားလုံးရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အသက်စတေးခဲ့တဲ့ သခင်ယေရှု ရဲ့ချစ်ခြင်းမေတ္တာ ကိုလည်းသတိရစေပါတယ်။
ကိုယ့်ကို ကယ်တင်ခဲ့တဲ့ သခင်ယေရှုကို ကျေးဇူးတင်စကား လုံလုံလောက်လောက်ပြောမိရဲ့လားလို့လည်း ကိုယ့်ကိုယ်ကို အသစ်တဖန် ဆင်ခြင်သုံးသတ်မိပါတယ်။
ထာဝရသေခြင်းကို ဦးတည်ပြီးလျှောက်လှမ်းနေတဲ့ မိတ်ဆွေရဲ့ဘ၀ကိုလည်း သခင်ယေရှုက သူ့ရဲ့အသက်ကို ကရာနီကုန်းပေါ်မှာ စတေးပြီးကယ်ဆယ်ထားပါတယ်။ မိတ်ဆွေလည်း အထက်က ဖြစ်ရပ်မှန်အဖြစ်အပျက်ကလေးထဲက ကယ်ဆယ်ခြင်းခံရတဲ့ လူသား (၁၇) ယောက်လို ကျေးဇူးမသိတတ်တဲ့သူများဖြစ်နေသလား?
ယခုပင် ယေရှုခရစ်ကို ကျေးဇူးတင်စကားပြောပြီး နောက်လိုက်တပည့်ကောင်းများ ဖြစ်နိုင်ဖို့အတွက် ဆန္ဒပြုရင်း. . . .
မြေကြီးသားအပေါင်းတို့၊ ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။ ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီ;မွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေသတည်း။ (ဆာလံ ၁၀၀း ၁-၅)
Happy Thanksgiving to you all.
နာမတော်မြတ်၌
သောင်းနိုး
မှတ်ချက်။ ။ အက်ဒ်ဝါဒ်စပင်ဆာ ၏အဖြစ်အပျက်ကိုဖတ်လိုသူများ (http://www.eyelightmedia.org/pdf/spencer_project.pdf) တွင်ဖတ်နိုင်ပါသည်။
You must log in to post a comment.