လက်တုန့်ပြန်ခြင်း(ဂလဲ့စားချေခြင်း) ၁

သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကို ခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကိုခံစေ ဟူသောပညတ်စကားကို သင်တို့ကြားရပြီ။  ငါပညတ်သည်ကား၊ နှောင့်ရှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတဘက်ကို သူတပါးပုတ်လျှင်၊ ပါးတဘက်ကိုလှည့်၍ပေးဦးလော့။ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူ  အားသင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။ အကြင်သူသည် သင့်ကိုအနိုင်ပြု၍ ခရီးတတိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။ တောင်းသောသူအားပေးလော့။ ချေးငှါးလိုသောသူကိုလည်း မငြင်းမပယ်နှင့် (မဿဲ ၅း ၃၈ – ၄၂)
မောရှေပညတ်တွင် လက်တုန့်ပြန်ခြင်းနှင့်ပတ်သက်၍ “မျက်စိအစား မျက်စိ၊ သွားတစ်ချောင်းအစား သွားတစ်ချောင်း” ဟူ၍ လက်တုန့်ပြန်သောအခွင့်ပေးထား သည်ကိုတွေ့ရသည် ( ၀တ် ၂၄း၁၇ – ၂၁၊ တရား ၁၉း၁၆-၂၁)။ ဤလက်တုန့်ပြန်ခြင်း ဥပဒေသည် ဂရိလူမျိုး နှင့် ရောမလူတို့၏ ပင်မ ပညတ်ချက်ဖြစ်သည်။ ဤပြဿနာ၏ အစမှာ ဘီစီ (၁၇၅၀) ခန့်က ဘေဘီလုံမင်း ဟာမိုရာဘီ (Hamurabi) ဥပဒေမှ စတင်ပေါ်ပေါက်ခဲ့သည်။ ဤ အချိန်က လူတစ်ယောက်သည် အခြားတစ်ယောက်အပေါ် ကျူးလွန်မိပါက ခွင့်လွှတ်ခြင်းမရှိ လက်စားခြေပြီး အမျိုးလိုက် အပြန်အလှန်ရစရာ မရှိအောင် မီးကုန်ယမ်းကုန် တိုက်ခိုက်ကြသည်။ ဤသို့ လက်တုန့်ပြန်ခြင်းကို ဟာမူရာဘီမင်းက မနှစ်သက်သောကြောင့် “မျက်စိတစ်ဘက်အစား မျက်စိ၊ သွားတစ်ချောင်းအစား သွားတစ်ချောင်း” သာလက်စားချေပါ ဟုဆိုလိုခြင်းဖြစ်သည်။ ဤ ဟာမူရာဘီ ပညတ်ချက်မှ တစ်ဆင့် ဂရိ၊ ရောမတို့နှင့် ယုဒလူမျိုးတို့သည် မောရှေ ပညတ်ဖြင့် သယ်လာခဲ့သည်။ သခင်ယေရှု ကမူ ဤသို့ပြုလုပ်ရန် ဘုရားသခင်အလိုမရှိသောကြောင့် ဤသို့ပြုကျင့်ခြင်းကို လိုချင်တောင့်တမှု မရှိနှင့် ဟုဆိုသည်။
ဤအကြောင်းနှင့် ပတ်သက်ပြီး သခင်ယေရှုသည် အချက် လေးချက်နှင့် နှိုင်းယှဉ်ထားသည်။
  • လူတစ်ဦးနှင့် တစ်ဦးအကြားဖြစ်လေ့ရှိသောအကြောင်းအရာ
  • ရုံးတင်တရားစွဲခြင်း။
  • အစိုးရမင်း၏ နိုင်ထက်စီးနင်းပြုမှု။
  • အကူအညီတောင်းခံခြင်း။
အထက်ဖေါ်ပြပါအချက်များသည် လူထူအဖွဲ့အစည်း တစ်ခုနှင့် တစ်ခုအကြား၊ တိုင်းပြည်တစ်ခု၌ ကျင့်သုံးရန် မဟုတ်။ လူတစ်ယောက်နှင့် တစ်ယောက်အကြား ကျင့်သုံးရန်ဖြစ်သည်။
၁။ လူတစ်ဦးနှင့်တစ်ဦးအကြားဖြစ်လေ့ရှိသောအကြောင်းအရာ
“အကြမ်းနည်းနှင့် လက်တုန့်မပြန်ပဲ၊ ပါးတစ်ဖက် ရိုက်ပါက အခြားတစ်ဖက်လည်း ရိုက်ပါစေ” ဟုဆိုခြင်းဖြစ်သည်။ ဤအကြောင်းအရာသည် လူတစ်စုနှင့် တစ်စုအတွက် ဖေါ်ပြခြင်းမဟုတ်ပဲ၊ လူတစ်ဦးစီ၏ နိုင်ထက်စီးနင်းပြုသူအပေါ် အသုံးပြုရန်ဖေါ်ပြခြင်းဖြစ်သည်။ နိုင်ငံအနေနှင့် ကျင့်သုံး၍လည်း မရနိုင်ပါ။
ပါးတစ်ဖက်ကို ရိုက်သူအား အခြားတစ်ဖက်လည်း ရိုက်ခွင့်ပေးပါစေဟု ဆိုရာ၌ ဤသို့ တစ်ဝေ မတိမ်းလိုက်နာရန် မဟုတ်ပါ။ ဤ နည်းကို ခရစ်ယာန်များ ကျင့်သုံးပြီး ကမ္ဘာသူကမ္ဘာသားများက နမူနာပြ အတုယူမည်ဆိုပါက ဤ ကမ္ဘာသည် ကြီးနိုင်ငယ် ညှင်းသော ကမ္ဘာဖြစ်ဖို့ရန်သာရှိသည်။
ဤနေရာ၌ သခင်ယေရှုဆိုလိုသည်မှာ ကျွန်တော်တို့အပေါ် တစ်ဦးသောသူက နိုင်ထက်စီးနင်း ပြုကျင့်သောအခါ မခံချင်ဖြစ်ပြီး၊ နှစ်ဆတုန့်ပြန်လိုသောစိတ်မရှိစေရန် သွန်သင်ခြင်းဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခြင်းကို ဤကဲ့သို့ တုန့်ပြန်လိုပါက စိတ်၌ မကျေမနပ်ဖြစ်ကာ သံသရာလည်နေမည်သာဖြစ်သည်။ ပူပြင်းလှသောမီးကို ရေအေးက နိုင်နင်းသကဲ့သို့ နိုင်ထက်စီးနင်း ပြုလုပ်ခြင်းကို စိတ်နှိမ့်ချခြင်းနှင့် တောင်းပန်ခြင်းဖြင့် ပို၍အောင်နိုင်ပါသည်။
တစ်ခါတုံးက အိန္ဒိယနိုင်ငံ အုပ်ချုပ်သူ (Governor) သည် ၀ီလျံကယ်ရီ (William Carey) ကို မထီမဲ့မြင်ပြုလုပ်လို၍ ထမင်းစားပွဲ တစ်ခု၌ “သာသနာပြုဆရာ ၀ီလျံကယ်ရီ မင်းသာသနာပြု ဆရာအနေနဲ့ မလာခင်တုန်းက အင်္ဂလန်မှာ ဖိနပ်ချုပ်သမား မဟုတ်လား” ဆိုပြီး ကဲ့ရဲ့သည်။ ဤသို့ တဟားဟားရယ်ပြီး ၀ိုင်းကဲ့ရဲ့ကြသည်။ ၀ီလျံကယ်ရီ က “ဘုရင်ခံ ခင်ဗျား. . အင်္ဂလန် မှာနေတုန်းက ဖိနပ်ချုပ်သမားတောင် မဟုတ်ပါဘူး. . . ဖိနပ်အဟောင်းကို ပြု ပြင်တဲ့ သူမျှသာ ဖြစ်ပါတယ်” ဟုပြန်ဖြေပါသည်။ ဤသို့ စိတ်နှိမ့်ချစွာ တုန့်ပြန်သောအခါ ဘုရင်ခံနှင့် လူကြီးများ ပါးစပ်အဟောင်းသားနှင့် ဘာမျှ မပြောနိုင်ပဲ ငြိမ်နေကြသည်။ ဘုရင်ခံက ကဲ့ရဲ့သော သဘောဖြင့် “ဖိနပ်ချုပ်သမား” အခေါ်ခံရခြင်းကို လုံးဝစိတ်မဆိုးပဲ၊ ဖိနပ်ချုပ်အဆင့်တောင် မဟုတ်ပါ၊ ဖိနပ်ဟောင်းပြုပြင်သူသာဖြစ်ပါသည်ဟု ၀န်ခံပြောဆိုသောအခါ ဘုရင်ခံ၌ရှိသော ကဲ့ရဲ့ခြင်း၊ နိုင်ထက်စီးနင်းပြုလိုစိတ်ကို ကြေပျက်သွားစေပါတော့သည်။ ညာဖက်ပါးကိုရိုက်သော အခါ နောက်တစ်ဖက်ကိုပင် ပေးပါက မည်သူအနိုင်ရပါသနည်း။

ဆက်ရန်

မှတ်ချက်
Rev. Dr. Simon Pau Khan En ရေး၍ MBC မှပုံနှိပ်ထုတ်ဝေသော “တောင်ပေါ်တရားတော်” စာအုပ်မှ ထပ်ဆင့်တင်ပြထားပါသည်။

Leave a Reply