သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာအခွင့်ပေးဦးလော့။
ဤကျမ်းစာကို အတိအကျလိုက်နာပါက လူသားများသည် အ၀တ်အစားမပါပဲနေဖို့ရန်သာ ရှိပါသည်။ သို့တိုင်အောင် သခင်ယေရှုသည် ဤကဲ့သို့တစ်ဝေမတိမ်း လိုက်လျှောက်ရန် ပညတ်ထားခြင်းမဟုတ်ပဲ၊ ဖြစ်သင့်သော စိတ်နေသဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ ယုဒထုံးစံအရ အင်္ကျီကို အကြွေးအစား ယူပိုင်ခွင့်ရှိသော်လည်း ၀တ်လုံမူကား မည်သည့် အကြောင်းအရာမျိုးတွင်မဆို ယူပိုင်ခွင့် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၀တ်လုံသည် ညအခါတွင် စောင်အဖြစ်အသုံးပြုရသဖြင့် ဤ ၀တ်လုံကိုသိမ်းယူပါက လောက၌ အသက်ရှင်ရ ခြင်းသည် အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပါ (ထွက် ၂၂း၂၆)။ ဤသဘောတရားမှာ ဆင်းရဲသားဖက်မှ ရပ်တည်ခြင်းဖြစ်သည်။ ဤနေရာ၌ ဆိုလိုသည်မှာ အင်္ကျီကိုအကြွေးအစား ယူလိုခြင်းကို မပေးမိက တရားစွဲတင်ပြီး၊ ရုံးရောက်ခြင်းထက် အင်္ကျီသာမက ၀တ်လုံနှင့် ညအိပ်ခြုံသောစောင်ကိုပင်လျှင်ပေးပါဟုဆိုလိုခြင်းဖြစ်ပါသည်။ သခင်ယေရှု၏ဆန္ဒမှာ သူ့ကို ယုံကြည်သောခရစ်ယာန်များကို သူ၏လုပ်ပိုင်ခွင့်ကို မသုံးမချင်း ဆန္ဒမပျော်နိုင်သူများ မကျေမနပ်ဖြစ်မည်ကို အလိုမရှိပါ။ ဤနေရာသည် ငါ၏လုပ်ပိုင်ခွင့်မဟုတ်ပါလား။ အဘယ်ကြောင့် ၀င်စွက်သနည်း ဟုဆိုပြီး ငါတို့၏ အာဏာလုပ်ပိုင်ခွင့်သာ ဦးစားပေးရန် အလိုမရှိပါ။ တစ်ခါတစ်ရံအသင်းတော်တွင်းနှင့် လူမှုအဖွဲ့အစည်းများတွင် လုပ်ပိုင်ခွင့်ရှိသူများ ဂရုမစိုက်နိုင်တော့သည် အခြေအနေသို့ရောက်နိုင်ပါသည်။ ဤအချိန်မျိုးတွင် လုပ်ပိုင်ခွင့် အာဏာရှိသူများ နှင့် ရန်ညှိုးထားရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ဤသို့ပြုလုပ်ခြင်းသည် သူများ၏စိတ်နှလုံးကို မချိုးနှိမ်နိုင်ပါ။ အချုပ်ဆိုရပါမူ ခရစ်ယာန်များသည် လုပ်ပိုင်ခွင့်အာဏာကို မက်မောရန် မဟုတ်ပဲ၊ အလုပ်လုပ်ဖို့ကို ဦးစားပေးသူများဖြစ်သင့်ပါသည်။ ငါတို့၏အကျိုးကိုသာ မကြည့်ပဲ တာဝန်ကို အဓိကထားသူများသာဖြစ်ပါသည်။
၃။ အစိုးရမင်း၏နိုင်ထက်စီးနင်းပြုမှု (မဿဲ ၅း ၄၁)
စစ်သားတစ်ယောက်သည် တစ်မိုင်ပစ္စည်းထမ်းခိုင်းပါက နှစ်မိုင်အထိထမ်းပေးပါ။ ရောမစစ်သားများသည် လူထုကိုနိုင်ထက်စီးနင်း ပစ္စည်းထမ်းရန် ခေါ်လေ့ရှိသည် (မ ၂၇း၃၂)။ ဤကဲ့သို့ခေါ်သောအခါ တစ်မိုင်မက နှစ်မိုင်အထိ သယ်ပေးထမ်းပေးပါဟု ဆိုလိုခြင်းဖြစ်သည်။
၎။ အကူအညီတောင်းခံခြင်း ( မဿဲ ၅း၄၂)
တောင်းသောသူအားပေးလော့၊ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။
လူတစ်ဦးတစ်ယောက်က အကူအညီတောင်းသောအခါ ရှောင်နိုင်ဖို့ရာ မေးခွန်းအမျိုးမျိုး ထုတ်လေ့ရှိပါသည်။
(က) ဤသူသည် ငါနှင့်လူမျိုးတူလား။
(ခ) ငါ့မျိုးနွယ် ငါ့ဆွေမျိုးလား။
(ဂ) ဘာသာရေး တူရဲ့လား။
(ဃ) ငါဒုက္ခဆင်းရဲခံရတုန်းက ကူညီခဲ့ပါသလား။
(င) ပြန်ဆပ်နိုင်ပါ့မလား။
ဤသို့သောမေးခွန်းအမျိုးမျိုးထုတ်ဖေါ်ခြင်းသည် မကူညီလို၍ နည်းလမ်းရှာခြင်းသာဖြစ်ပြီး၊ “ဤလူသည် တကယ်ကူညီသင့်သလော” ဟုရှောင်ဖို့ရန် နည်းလမ်းရှာခြင်းသာလျှင်ဖြစ်သည်။ သူ့ကိုကူညီဖို့ရန် သင့်လျှော်ပါသလားဟု အကြောင်းရှာလေ့ရှိသည်။ သို့ရာတွင် သခင်ယေရှုသည် ဤသို့အကြောင်းရှာဖို့ရန် မမူဘဲ၊ ကူညီဖို့ရန် အကြောင်းမရှိသော သူများကိုပင် ကူညီစေလိုပါသည် (လု ၁၀း၂၅-၂၈)။
သို့ဖြစ်၍ သူတစ်ပါးအား ကူညီသောအခါ၌ အဓိကထည့်သွင်းစဉ်းစားရမည်မှာ “ဤသူသည် ငါ၏အကူအညီရထိုက်သလော ဟုဆိုသည်ထက် ဤလူသည် ငါ၏အကူအညီကို တကယ်လိုသလော” ဟုမေးမြန်းရန်သာဖြစ်သည်။ အမှန်မှာ ဤသို့ မေးခွန်းထုတ်ရန် မလိုပဲ၊ ကူညီရန်သာဖြစ်သည်။ လက်တုန့်ပြန်ခြင်းနှင့် ပတ်သက်၍ သခင်ယေရှုသည် နမူနာ (၄) ခုပြသခဲ့သည်ကို သိရပါပြီ။ ဤအရာသည် တိုင်းနိုင်ငံတစ်ခု၊ လူအစုအဖွဲ့တစ်ခု အတွက်သာ မဟုတ်ပဲ လူတိုင်းအတွက်သာလျှင်ဖြစ်သည်။ နားလည်စေလိုသောကြောင့် ပိုပိုမိုမိုဖော်ပြလေ့ရှိရာ လုံးစေ့ပတ်စေ့ လိုက်နာမည်ဆိုပါက ရှုပ်ထွေးနိုင်စရာရှိပါသည်။ သခင်ယေရှုဖေါ်ပြလိုသည်မှာ အပေါ်စီးမှ အနိုင်ယူခြင်းမဟုတ်ပဲ၊ နှိမ့်ချခြင်းအားဖြင့်သာ အနိုင်ယူစေလိုပါသည်။ အနုနည်းနှင့် အကြမ်းကိုနိုင်သော နည်းလမ်းကို ပြသတော်မူပါသည်။
ဆက်ရန်
မှတ်ချက်
Rev. Dr. Simon Pau Khan En ရေး၍ MBC မှပုံနှိပ်ထုတ်ဝေသော “တောင်ပေါ်တရားတော်” စာအုပ်မှ ထပ်ဆင့်တင်ပြထားပါသည်။
You must log in to post a comment.