
- အိမ်ထောင်မိသားစုအတွင်းရှိ ချစ်ခြင်းမေတ္တာ၊ ဇနီးမောင်နှံ၊ သားသမီးများ ချစ်ခြင်း ဖြစ်၍၊ ဂရိစကားအားဖြင့် (Storge) လို့ခေါ်ပါသည်။
- ဒုတိယအမျိုးအစားမှာ သမီးရည်းစားချစ်ခြင်းမျိုးဖြစ်၍၊ လူသားတိုင်း၌ ရှိစမြဲဖြစ်သည်။ ချစ်ခြင်းမေတ္တာမျှကြခြင်းဖြစ်ပြီး၊ ဂရိဘာသာအားဖြင့် (Eros) ဟုခေါ်သည်။
- လူအချို့သည် မိသားစုဝင်လည်းမဟုတ်၊ သမီးရည်းစားလည်း မဟုတ်သော်လည်း သဘောထားချင်းတိုက်ဆိုင်ပါက မြတ်နိုးလေ့ရှိပါသည်။ သူငယ်ချင်းဖြစ်လာသည်။ ထိုမှတစ်ဆင့် မိတ်ဆွေဖြစ်လာကြပြီး၊ ဂရိဘာသာအားဖြင့် (Phillia) ဟုခေါ်ပါသည်။
- အထက်ဖော်ပြပါ အချက်များနှင့် မတူသော ချစ်ခြင်းမေတ္တာတစ်ခုကျန်ပါသေးသည်။ ၄င်းသည် အဘယ်အကြောင်းအရာတစ်ခုအပေါ်၌မျှ အခြေခံခြင်းမရှိပါ။ ကူညီထိုက်၍ သနားကြင်နာစိတ်ဝင်လာပြီး၊ စိတ်ထိခိုက်စေသဖြင့် ချစ်သော အချစ်မျိုးဖြစ်သည်။ သနားကြင်နာပြီး ကူညီချင်စိတ်ပေါ်လာသော မေတ္တာသည် စိတ်ကို နိုးဆော်သဖြင့် မနေနိုင် မထိုင်နိုင်ပင် ခံစားရသည်။ တစ်ခုမဟုတ် တစ်ခုလုပ်ပေးလိုသော စိတ်ဖြစ်လာသည်။ သို့ဖြစ်၍ ဤမေတ္တာမျိုးကို “ပေးကမ်းသော မေတ္တာ” ဟုခေါ်ပြီး၊ ဂရိဘာသာစကားအားဖြင့် (Agape) ဟုခေါ်ပါသည်။ ဤကဲ့သို့ ကိုယ်ချင်းစာနာ သနားစိတ်များ တဖွားဖွားပေါ်လာပြီး၊ တစ်ခုခုလုပ်ပေးရပါသည်။ အတွင်းစိတ်မှ ပေါက်ဖွားလာပါသည်။ သူ၏ကောင်းခြင်းကြောင့်မဟုတ်၊ ဆွေမျိုးညာတိဖြစ်၍လည်း မဟုတ်၊ သနားကြင်နာခြင်း၊ ကူညီထိုက်ခြင်းတို့ကြောင့် ချစ်ခင်စိတ်ပွားများလာသော မေတ္တာမျိုးသည် ပေးကမ်းသော ပေးကမ်းချစ်ခြင်းဖြစ်သည်။
သခင်ယေရှုသည် “ရန်သူကိုချစ်လော့” ဟုဆိုသောအခါ ပထမမေတ္တာ (၃) မျိုးကိုဆိုလိုခြင်း မဟုတ်ပါ။ ရန်သူများကို မချစ်နိုင်မှန်း သခင်ယေရှုကောင်းမွန်စွာသိနားလည်ပါလိမ့်မည်။ သို့ရာတွင် မိမိ မချစ်မနှစ်သက်နိုင်သော (၀ါ) ရန်သူတစ်ဦးတစ်ယောက်သည် ဆင်းရဲ ဒုက္ခ တစ်စုံတစ်ရာခံရ၍ အကူအညီလိုသော အခြေအနေ ရောက်သောအခါ “ကောင်းတယ် အစကတည်းက ဖြစ်မယ်လို့ ငါထင်သားပဲ” ဆိုပြီး၊ မသိဟန်ဆောင်ရန် ကိုယ်တော် အလိုမရှိပါ။ ကူညီနိုင်သည့် ဘက်၌ ကူညီရန် ဆိုလိုခြင်းဖြစ်သည်။ မည်ကဲ့သို့မျှ မချစ်နိုင်သည့်တိုင်အောင် ဘုရားသခင်ဖန်ဆင်းထားသော လူသားတစ်ယောက်ဖြစ်သောကြောင့် ချစ်နိုင်ဖို့ရန် အလိုတော် ရှိသည်။ သခင်ယေရှုဖော်ပြလိုသည်မှာ ရန်သူပင် ဖြစ်ပါစေ၊ ဆင်းရဲဒုက္ခခံရသောအခါ ဂရုပြုပါ။ သနားကြင်နာပါ ဟုဆိုလိုပါသည်။ ဂုဏ်ပြုချီးမြောက်ခြင်း၊ ဖက်ရမ်းနမ်းရှုပ်ခြင်း ပြုရန် ဆိုလိုခြင်း မဟုတ်ပါ။ မုန်းတီးသောသူ တစ်ဦးပင်လျှင် ဒုက္ခဆင်းရဲ ခံရသောအခါ မမြင်ဟန်ဆောင် မနေပဲ တတ်နိုင်သမျှ ကူညီမစပါဟု ဆိုလိုခြင်းဖြစ်သည်။ ကောင်းကင်နိုင်၌ရှိသော အဘဘုရားသခင်သည် လူမျိုးတကာအား ချစ်ခင်မြတ်နိုးသကဲ့သို့ သင်တို့သည်လည်း ပြုကျင့်ပါဟု ဆိုလိုခြင်းဖြစ်သည်။
ယခုတွင် သခင်ယေရှု၏ ပညတ်ချက်နှင့် ကောင်းကြီးများကို နှိုင်းယှဉ်ခြင်း (၅) ချက်ရှိ ကြောင်းတွေ့ရှိခဲ့ပါပြီ။ မောရှေသည် ထင်ထင်ရှားရှားရှိသော အပြစ်များကို မပြုလုပ်ရန် တားမြစ်ပြီး၊ သခင်ယေရှု၏ ကောင်းကြီးမှာမူကား မထင်မရှားရှိရမည့် လူ၏ စိတ်နှလုံးသားများကို ပိုမို လေးနက်စွာ ဖော်ပြထားပါသည်။ သခင်ယေရှုပြောသည့်အတိုင်း မည်သူသည် အသက်ရှင်လိုက်လျှောက်နိုင်ပါမည်နည်း။ သာမန်ကာလျှံကာ ပြောတာပါဟု ဆိုပြီး၊ တကယ်မလိုက်လျှောက်နိုင်သောကြောင့် လွယ်လွယ်နှင့် အလွဲယူသူများ ရှိနိုင်သည်။ သို့မဟုတ် ဤသို့တစ်ဝေမတိမ်း လိုက်နိုင်ပါက ကောင်းကင်နိုင်ငံ ၀င်စားမည်ဟု ယူဆပြီး၊ ကြိုးစားသူလည်းရှိနိုင်သည်။ သခင်ယေရှုသည် ပညတ်ချက် အသစ်ပေးတော်မူခြင်း မဟုတ်ပဲ၊ ပညတ်ဟောင်းများကို ပြည့်စုံစေသူဖြစ်သည်။ အမှန်တွင် သခင်ယေရှုသည် ဤသို့ ပညတ်သောအခါ ကျွန်ုပ်တို့၏ အင်အားနှင့် အောင်နိုင်မည်ဟု ယူဆ၍ မဟုတ်ပါ။ တစ်ခါက ဖခင်သည် သမီးထံသို့ “ငါ့သမီး . . . ဤတောင်ထိပ်အထိ တက်ရောက်နိုင်ပါက လက်ဆောင် ပေးမည်” ဟုကတိပေးပြီး၊ သားအဖနှစ်ယောက်တက်နေကြသည်။ သို့ရာတွင် သမီးဖြစ်သူသည် ပင်ပန်း၍ မတက်နိုင်သောကြောင့် ဖခင်သည် သမီးကိုချီပြီး တောင်ထိပ်ရောက်သွားသည်။ တောင်ထိပ်ရောက်သောအခါ ကတိအတိုင်း လက်ဆောင်ပေး ပါသည်။ သခင်ယေရှုသည် ကိုယ်ကျင့်တရား အတွက် စေခိုင်သောအခါ ဤကဲ့သို့ သူ၏ခွန်အားကို မူတည်၍ စေခိုင်းခြင်းဖြစ်ပါသည်။
“ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့ အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည် လည်း စုံလင်ခြင်းရှိကြလော့” ရှင်မဿဲ၌ “စုံလင်” ဟုဖော်ပြပြီး၊ ရှင်လုကာ၌မူကား “သနားခြင်း” ဟုဖော်ပြပါသည် (လု ၆း၃၆)။ စုံလင်ရန်စေခိုင်းသောအခါ သခင်ယေရှုသည် မည်သည်ကို အလိုရှိ၍ ဖော်ပြခြင်းဖြစ်ပါသနည်း။ အပြစ်ကို လုံးဝမလုပ်နိုင်တော့ ဟုဆိုလို ပါသလား။ ကိုယ်တော်သည် လူသားများ၏ ကြမ်းတမ်းခြင်း၊ မပြည့်စုံခြင်း၊ အပြစ်သားများ ဖြစ်ခြင်းအကြောင်းကို ကောင်းကောင်းသိပါသည်။ “စုံလင်ခြင်း” ဟုသုံးထားရာတွင် ဒေဗြဲဘာသာအားဖြင့် TAMIM ကိုသုံးထားပြီး၊ ဂရိဘာသာဖြင့် TELEIOS ဟုသုံးထားပါသည်။ တစ်စိတ်တစ်ပိုင်း သာမဟုတ်၊ တစ်ခုလုံးပြည့်စုံ ပြည့်ဝခြင်းကို ဆိုလိုပါသည်။ ဤသို့ ခရစ်ယာန်များသည် ကောင်းမြတ်ခြင်း၊ ဘုရားနှင့် တူညီခြင်းကို မက်မောသောအခါ ကျွန်ုပ်တို့၏ နှစ်သက်မှု၊ စိတ်နှလုံးတို့ထိမှုများကို ဦးစားပေးလိုခြင်တပ်မက်ခြင်းများ ဖြစ်တတ်သည်။ အခြားအကြောင်းအရာများ၌ မိမိ နေချင်သလိုနေလို့ရသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ဤလောက၌ရှိရှိသမျှအရာများကို ထောင့်စုံ မကြည့်၊ အကောင်းဖက်ကို ဦးစားပေးပြီး၊ ဘုရားသခင်ကဲ့သို့ ဖြစ်ဖို့ ကြိုးစားရန် ဆိုလိုခြင်းသာဖြစ်သည်။
ဤစုံလင်ခြင်းနှင့် ပတ်သက်၍ ခရစ်ယာန်များသည် နှစ်မျိုးစဉ်းစားနိုင်ပါသည်။
- အပြစ်မရှိနိုင်တော့သော စုံလင်ခြင်း။
- ခရစ်ယာန်များ၏ စုံလင်ခြင်း။
အထက်ပါ အပြစ်မရှိနိုင်တော့သော စုံလင်ခြင်းကို ဤလောက၌ ရရှိနိုင်ကြမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော အပြစ်ရှိသော ကမ္ဘာဖြစ်၍ အပြစ်သားများ၏ ကြားထဲ၌ပင် ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်များ၏စုံလင်ခြင်းသည် ခွန်အားမရှိ၍ အပြစ်လုပ်မိသည့် တိုင်အောင် ဤ အပြစ်၌ မနစ်မွန်း မကျေနပ်ပဲ သန့်ရှင်းသော နေရာ၊ ပို၍ကောင်းသောနေရာကို ရှာရမည်သာတည်း။ ကောင်းကင်နိုင်ငံ၌ ရှိတော်မူသော အဘကို မျက်စိဒေါက်ထောက်ကြည့်ပြီး၊ ပို၍ပြည့်စုံသော နေရာသို့ ခြေလှမ်း လှမ်းခြင်းကို “ခရစ်ယာန်များ၏ စုံလင်ခြင်း” ဟုခေါ်ပေသည်။
မှတ်ချက်
Rev. Dr. Simon Pau Khan En ရေး၍ MBC မှပုံနှိပ်ထုတ်ဝေသော “တောင်ပေါ်တရားတော်” စာအုပ်မှ ထပ်ဆင့်တင်ပြထားပါသည်။
You must log in to post a comment.