ရောင့်ရဲတင်းတိမ်ခြင်း

လောက၌ လူတစ်ဦးအဖို့ အရေးကြီးဆုံးသည် ဖြစ်လေရာ ဘ၀၌ ရောင့်ရဲ တင်းတိမ်  နိုင်ခြင်း ဖြစ်သည်။ လူပျိုတစ်ဦးက “အကယ်၍ အခုအချိန်မှာ ကျွန်တော် အိမ်ထောင်ပြုခဲ့ရင်၊ နောင်အချိန်မှာ အင်မတန် လှပ  ချောမောတဲ့ မိန်းကလေးတွေ  မွေးဖွါး လာဦးမယ်၊ အဲဒီအချိန်ကျရင် ဇနီးကို ကွာရှင်းလို့ရမှာ မဟုတ်  တော့ဘူး ဟုစဉ်းစားရင်းနှင့် ကျွန်တော့် အသက် (၆၀) ပြည့်လာပါတော့တယ်” ဟုပြောခဲ့ပါသည်။ မိမိတို့ပိုင်ဆိုင်သော အိမ်၊ ယာ၊ စည်းစိမ်ဥစ္စာ၊ ခင်ပွန်း၊ ဇနီးအပေါ်မှာ မရောင့်ရဲနိုင်သောသူသည် လောကတွင် အဆင်းရဲဆုံး စာရင်းဝင်သူဖြစ်သည်။

Joseph Addison ရေးသည့် စာအုပ်တစ်ခုတွင် ဂျူပီတာ (နတ်ဆိုး) သည် သူ့လက်အောက် ငယ်သားများကို ခေါ်၍ သူတို့၏ အခက်အခဲ (၀န်ထုတ်ဝန်ပိုး) များကိုယ်စီယူလာ၍ တစ်နေရာ တွင်စုပုံရန် အမိန့်ပေးသည်။ သူတို့သည် မတူညီသော အခက်အခဲ ကိုယ်စီနှင့် အရပ်ရပ်မှ ထွက်လာကြသည်။ ဖျားနာခြင်း၊ စိတ်ပူပင်ခြင်း၊ ဆင်းရဲခြင်း စသည်ဖြင့် အသီးသီးသော ၀န်ထုတ်ဝန်ပိုးများ သယ်ဆောင်လာကြသည်။ စိတ်ဆိုးခြင်းများကိုပင် ယူဆောင်လာကြသည်။
နောက်ဆုံးတွင် ခက်ခဲပင်ပန်းခြင်း ၀န်ထုတ်ဝန်ပိုးများသည် အလွန်များသဖြင့် အလွန်ကြီးမားသော တောင်ကြီးပမာဖြစ်လာသည်။ ထို့နောက်ဂျုပီတာက “သင်တို့ ၏အခက်အခဲမဟုတ်သော အခြားသူများ၏ အခက်အခဲ တစ်ခုစီကိုယူ၍ မိမိအိမ်သို့ ပြန်သယ်သွားကြ” ဟု အမိန့်ပေးပြန်သည်။ သူ၏ငယ်သားများ အားလုံးတို့သည် ၀န်အပေါ့ဆုံးဖြစ်နိုင်ချေ ရှိသည့်အရာများကို အလုအယက် ရှာဖွေကြသော်လည်း၊ တစ်ဦးတစ်ယောက်ကမျှ မရွေးချယ်နိုင်ပါ၊ ဆုံးဖြတ်ချက်မချနိုင်ကြပါ။

ထိုအချိန်တွင် ဂျူပီတာသည် “သည်းခံခြင်း” ဟုအမည်ရသော သူ၏ တပည့်ကိုစေလွှတ်၍ သူတို့၏ ခက်ခဲသောဝန်များအပေါ် ခံနိုင်ရည်ရှိဖို့ရန် သည်းခံခြင်း တရားကိုသင်ခိုင်းသည်။ ထို့နောက် သူတို့၏ ၀န်ထုတ်အသီးသီးကို ယူ၍ ကိုယ်စီထမ်းကာ ပြန်သွားကြသည်။ အရင်ကထက် ပို၍ လိမ္မာလာသော၊ ရောင့်ရဲတင်းတိမ်နိုင်သော သူများဖြစ်လာကြသည်။

လူသားများသည် မိမိတို့ ကြုံတွေ့ရသော အခက်အခဲများသည်၊ အခြားသူများ၏ အခက်အခဲ များထက်ပို၍ လေး၏၊ ခက်ခဲ၏ ဟုထင်တတ်ကြသည်။ ကျွန်တော်တို့သည် သူတပါးကို သနားဖို့ထက်၊ မိမိကိုယ်ကို သနားတတ်သောသူများဖြစ်ကြသည်။ အခြားသူများသည် မိမိထက်ပို၍ ကောင်းကြီးခံစားရသည်၊ ပို၍စိတ်ချမ်းသာသည်ဟု ထင်မြင်ကာ သူတပါးစီမှ တစ်စုံတစ်ခု ရရှိဖို့ချည်း တွေးတောတတ်ကြသည်။

တမန်တော်ရှင်ပေါလုက “ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါသင်မိပြီ” ဟုပြောသည်။ ယခုအချိန်မှ စ၍ မိမိကိုယ်ကို သနားခြင်းထက် သူတစ်ပါးကို သနားတတ်ရန် စဉ်းစားသင့်ပါသည်။ ကိုယ့်ရဲ့ ဖြစ်ခြင်းအပေါ်မှာ ရောင့်ရဲနိုင်သူများဖြစ်ပြီး၊ ညည်းတွါးတတ်သူများ မဖြစ်မိဖို့ရန် ဆင်ခြင်ပြုပြင်သင့်ပါသည်။
မိမိဥစ္စာဖြင့် မရောင့်ရဲနိုင်သော သူဌေးကြီးတစ်ယောက်သည်  အလွန်ဆင်းရဲသောသူ ဖြစ်မှန်းမသိ ဖြစ်နေသကဲ့သို့၊  မိမိဥစ္စာဖြင့် ရောင့်ရဲ တင်းတိမ်နိုင်သော ဆင်းရဲသားတစ်ဦးသည် အလွန်ချမ်းသာသောသူ ဖြစ်နေသည်။

ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှါ သင်မိပြီ။
( ဖိ ၄း၁၁)

မှတ်ချက်။   ။ လူမျိုးတကာ ဓမ္မစာစောင် ၏ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ဝေသော စာစောင်မှ ပြန်လည်တင်ပြထားပါသည်။

Leave a Reply