ပေးလှူခြင်းအကြောင်း

လူများတို့မြင်စေခြင်း ငှါ ကိုယ်သီလ အကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည် အကြောင်း သတိပြုကြလော့။ သို့မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။ ထို့ကြောင့် သင်သည်အလှူဒါန ကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူအများအချီးအမွမ်းကိုခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည်မိမိတို့အကျိုးကိုရကြပြီ။ သင်သည် အလှူဒါနကိုပေးသော အခါ ပေးကြောင်းကိုမထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလတံ့။ (မဿဲ ၆း ၁-၄)
ယုဒလူမျိုးများသည် လှူဒါန်းပေးကမ်းသောအခါ အများသိစေလိုသောဆန္ဒကြောင့် ဘုရားရှိခိုးရာ ဘုရားကျောင်းနှင့် လမ်းဆုံလမ်းခွများ၌ ကျင်းပလေ့ရှိပါသည်။ အများသူငါကို သိစေလို၍ တံပိုးမှုတ်တတ်ကြသေးသည်။ သူတို့ ရည်မှန်းထားသည့်အတိုင်း သူများတကာက သိရှိပြီး၊ ဘုရားသခင်ထံမှ မဟုတ် လူများ၏ချီးမွမ်း၊ ချီးမြှောက်ခြင်းခံရ ကြသည်ဟုဆိုသည်။
ဤသို့ပြုလုပ်ခြင်းများကို ယေရှုက “ခိုးကြောင်ခိုးဝှက်သူများ” ၏ အကျင့်ဟုဆိုသည်။ ဤကဲ့သို့ ခိုးကြောင်ခိုးဝှက်သော အကျင့်ကို အင်္ဂလိပ်လို “Hypocrite” ဟုခေါ်ပြီး စတင်ပေါ်ပေါက်သော အချိန်က မူရင်ဂရိစကား၏ဆိုလိုရင်းမှာ “လူပေါ် လူဇော်များ” ဟုဆိုလိုခြင်းဖြစ်သည်။ သူကိုယ်တိုင် သူတို့ကိုယ်တိုင် မဟုတ်သော်လည်း၊ ပွဲလမ်းသဘင်၌ သူတစ်ပါးကဲ့သို့ ဟန်ဆောင်ခြင်းမျိုးကို ဖော်ပြလိုခြင်းဖြစ်သည်။ ယေရှုသည် ဤစကားကို အသုံးပြုသောအချိန်၌ စိတ်နှလုံးသားနှင့် မဟုတ်၊ “အယောင်ဆောင်” ဟန်ဆောင်သူများကို ဆိုလိုခြင်းဖြစ်သည်။ ပေးလှူခြင်းနှင့် ပါတ်သက်၍ ယေရှုသည် နှလုံးသားမှ ဘုရားသခင်ကို သတိရစေလိုသည်။ သူများ၏ သိမှုကိုမသိမှုကို ဂရုမပြု၊ ဘုရားသခင်တစ်ပါးတည်းသာ ဂရုပြု၍ ပေးလှူခြင်းမျိုးကို အလိုတော်ရှိတော်မူသည်။

လူတို့သည် ပေးကမ်းသောအခါ၌ အောက်ပါအချက်များကြောင့် ပေးကမ်းလျက်ရှိသည်။
  1. မပေးမနေရဟု ယူဆပြီး (မပေးချင်ပေးချင်နှင့် ပေးကမ်းခြင်း)။
  2. နာမည်ရလို၍ ပေးကမ်းခြင်း။
  3. သူများ၏အားနည်းချက်ကိုမြင်ပြီး၊ မပေးပဲမနေနိုင်၍ ပေးကမ်းခြင်း များဖြစ်သည်။
ခရစ်ယာန်များ၏ပေးကမ်း၊ ပေးလှူခြင်း၌ အဓိကထားရမည့် အရေးကြီးဆုံးအချက်မှာ ဘုရားသခင်ကိုချစ်ခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းတို့ ဖြစ်သည်။ ဘုရားသခင်အပေါ်မှာသာ ဦးတည်ရည်ရွယ်ပါက ဘုရားသခင်ဖန်ဆင်းသော လူသားအပေါ်မှာ မနာလို ၀န်တိုစိတ်ရှိမည်မဟုတ်တော့ပါ။ ထို့ကြောင့် ရှင်ပေါလုက “ခရစ်တော်၏ ချစ်ခြင်းသည် ငါ့ကိုပြုပြင်သည်” ဟုဆိုသည် (၂ကော ၅း၁၄။ ဖိ ၂း၁၃)။
လူအများသိမြင်စေလို၍ ပေးသမျှသည် ဘုရားသခင်ကိုပေးခြင်းမဟုတ်ပဲ၊ ကိုယ့်ကိုယ်ကို ပေးခြင်းသာဖြစ်သဖြင့် အကျိုးကျေးဇူးကို လူများထံမှ ရရှိပြီးဖြစ်သည်။ ယုံကြည်ချက်၏ အဓိကမဏ္ဏိုင်သည် “ဘုရားသခင်” သာဖြစ်သင့်သည်။ ဘုရားသခင်ကိုသာ အဓိက မဏ္ဏိုင်ထား၍ ပေးလှူနိုင်သူ များဖြစ်နိုင်ကြပါစေ။
မှတ်ချက်။
Rev. Dr. Simon Pau Khan En (B. th, B.R.E, B.D, S.T.M, Ph.D) ရေးသားပြုစု၍ MBC ပုံနှိပ်ထုတ်ဝေရေးဌါန မှထုတ်ဝေသော “တောင်ပေါ်တရားတော်” စာအုပ်မှထပ်ဆင့်တင်ပြထားပါသည်။