ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများ အကြောင်းအကျဉ်း (မော်မွန်)

ဝါရှင်တန်ဒီစီ ဧရိယာရှိမော်မွန်ဗိမ္မန်

ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား နှင့်မေရီလင်း  ပြည်နယ် များတွင် နေထိုင်သူများ အတွက် ဟိုင်းဝေး အမှတ် ၄၉၅ မြို့ပတ်လမ်းမ ကြီး၏ တစ်ခုသော တစ်နေရာ၊  အုပ်အုပ်ဆိုင်းဆိုင်း သစ်တောအုပ်ကလေးတစ်ခု၏ အထက်တွင် ကြီးကျယ်ခန်းနားလှသော မော်မွန်တို့၏ ဗိမ္မန်တော်ကြီးတစ်ခု ငွားငွားစွင့်စွင့်ထောင်တက်နေသည့်မြင်ကွင်းမှာ အထူးအဆန်းတော့မဟုတ်ပါ။ သို့သော်သူတို့ အခြေခံယုံကြည်ခြင်းဖြစ်သော ဘုရားသခင်သည်တချိန်တခါကလူသားဖြစ်ခြင်း၊ ယေရှုသည် ဘုရားနှင့် မယ်တော်မာရိဆက်ဆံမှုကြောင့်မွေးဖွားလာခြင်း၊ ယေရှု ဒုတိယအကြိမ် အမေရိကတိုက်ပေါ်တွင် မွေးဖွါးခဲ့ဘူးခြင်း စသော ယုံကြည်ခြင်း နှင့် ထိုဘာသာရေးနှင့်ပတ်သက်သည့် အခြားအခြားသော အရာတို့ကို သိရှိသူ အလွန်နည်းသေးသည်ဟု ထင်မိပါသည်။

အဓိကပုဂ္ဂိုလ် (၀ါ) ပရောဖက်များ
Joseph Smith (1805 – 1844) မော်မွန်ဘာသာ ကိုစတင်တည်ထောင်သူဖြစ်ပြီး ၁၈၃၀ ခုနှစ်တွင် နယူးယောက် ပြည်နယ်၊ Palmyra မြို့၌ မော်မွန်ဘာသာရေးကိုစတင်ခဲ့သည်။
Brigham Young (1801 – 1877) Joseph Smith ၏ အရိုက်အရာကို ဆက်ခံခဲ့သူဖြစ်ပြီး မော်မွန်အသင်းတော်၏ ဒုတိယမြောက် ဂိုဏ်းချုပ် president ဖြစ်သည်။
Ezra Taft Benson (1899 –  1994) အမေရိကန်သမ္မတ အိုက်စင်ဟောင်ဝါ လက်ထက်တွင် စိုက်ပျိုးရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မော်မွန်ဘာသာရေး၏ ၁၃ ယောက်မြောက်ဂိုဏ်းချုပ် (president) ဖြစ်သည်။

နောက်ခံသမိုင်းအကျဉ်း။
မော်မွန်အသင်းတော် (Mormon Church) သို့မဟုတ် The Church of Jesus Christ of Latter-Day Saints ဟုခေါ်သောအသင်းတော်တွင် ယုံကြည်သူ အသင်းသား 11 million နှင့် 12 million ကြားရှိသည်။ တစ်ချို့ online source များတွင်မူ 10.6 to 12.2 million ခန့်ရှိသည်ဟုဆိုသည်။

၁၈၂၀ ခုနှစ်တွင် Joseph Smith သည် နယူးယောက်အထက်ပိုင်းပြည်နယ်ရှိ ယာတောတစ်ခုတွင် နေထိုင်အသက်ရှင်ပြီး ဘုရားတရားရိုသေကိုင်းရှိုင်းသော်လည်း ၀ိညာဉ်ရေးတွင်တွေဝေနေသော၊ ဇဝေဇ၀ါ ဖြစ်နေသော သူတစ်ယောက်ဖြစ်သည်။ ထိုခေတ်ထိုအချိန်တွင် အသင်းတော်များအချင်းချင်းကြား၌ သူမှန်သည်၊ ငါမှန်သည် ဟူ၍အကြီးအကျယ်ငြင်းခုန်နေကြသည်။ Joseph သည် ဧဖက် ၄း ၅ (သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံ တပါး) ကိုစွဲကိုင်လျက် မည်သည့်အသင်းတော်သည် အမှန်ကန်ဆုံးဖြစ်သည်ကို ဥာဏ်အလင်းပညာ နှင့် နားလည်နိုင်စွမ်းပေးပါရန် ဘုရားသခင်ထံရိုးသားစွာဆုတောင်းသည်ဟုဆိုသည်။ မော်မွန်တို့၏ ပြောဆိုချက်အရ Joseph ထံ ယေရှုခရစ်တော် ကိုယ်ထင်ပြပြီး မည်သည့်အသင်းတော်မှ မှန်ကန်ခြင်းမရှိသောကြောင့် မည်သည့်အသင်းတော်တွင်မှ မ၀င်ရောက်ရန်မိန့်ကြားသွားသည်ဟုဆိုသည်။ ဆက်လက်၍ ခရစ်တော်က တမန်တော် ၁၂ ပါး မရှိတော့သည့် အချိန်မှစပြီး ကမ္ဘာပေါ်တွင် အခွင့်အာဏာရသော စစ်မှန်သည့်အသင်းတော်၊ စစ်မှန်သောအမှုတော်ဆောင် ဟူ၍မရှိတော့ကြောင်းမြွက်ဆိုသေးသည်ဟုဆိုသည်။

Joseph Smith နှင့် ကောင်းကင်တမန် မိုရိုနီ
Joseph  က ၁၈၂၃ ခုနှစ်တွင် မိုရိုနီ (Moroni) ဟုအမည်ရသော ကောင်းကင်တမန်တစ်ပါး သူ့ထံတွင် ကိုယ်ထင်ပြသည်ဟုဆိုသည်။ မော်မွန် ဟု အမည်ရသော ပရောဖက်တစ်ပါး၏ သားဖြစ်သူ မိုရိုနီ သည် လူ့သမိုင်းတွင်မှတ်တမ်းတင်ထားခြင်း မရှိသော ဖြစ်ရပ်တချို့ကို ရွှေဖြင့်ပြုလုပ်သော အပြားများအပေါ်တွင် မှတ်တမ်းတင်ထားသည်ဟုဆိုသည်။ ဤမှတ်တမ်းထဲတွင် ကမ္ဘာပေါ်၌ ထွန်းကားခဲ့သည့် ရှေးကျသော လူမှု ယဉ်ကျေးမှုတစ်ခုမှ လူသားများ အမေရိကန် တိုက်မြေ ပေါ်သို့ နှစ်ကြိမ် တိုင်တိုင် ရွှေ့ပြောင်းနေထိုင်ခဲ့သောအမှု ဖြစ်ခဲ့ဘူးသည်။ ဤသူတို့ကို “ကမ္ဘာ့အခြားတဖက်ခြမ်းမှ သိုးကလေးများ” ဟုခေါ်ပြီး သူတို့ထံသို့ သခင်ယေရှု ပြန်လည်မွေးဖွါးခဲ့သည်ဟုဆိုသည်။ ကောင်းကင်တမန် မိုရိုနီ က ထိုရွှေပြားများကို မြှပ်နှံထားသည့်နေရာအား ဖော်ပြပြီး ထိုရွှေပြားများအပေါ်တွင် “ပြီးပြည့်စုံသောဘုရားသခင်၏ထာဝရသတင်းကောင်း The fullness of the everlasting Gospel” ရှိကြောင်းသူ့အားပြောပြသည် ဟုဆိုသည်။ Joseph သည် ထိုရွှေပြားများကို တူးဖော်ရရှိပြီး ရှေးခေတ်စာ (ရုပ်ပုံစာ) တစ်မျိုးဖြင့်ရေးသားထားသည်ဟုဆိုသည်။ Joseph က ထိုစာပေရေးသားနည်းကို “Reform Egyptian” ဟု အမည်ပေးထားသည်။ ဆက်လက်ပြီး “Urim” နှင့် “Thummim” ဟု Joseph ကအမည်ပေးထားသော ကျောက်ပြား နှစ်ပြားကိုအသုံးပြု ကိုးကားပြီး ထို Reform Egyptian စာပေကိုနားလည်၊ ဖတ်ရှုနိုင်ခဲ့ပါသည် ဟုဆိုသည်။ ထိုရွှေပြားကိုဖတ်ရှုဘာသာပြန်ထားသော “The book of Mormon” ကို ၁၈၃၀ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

Polygamy ခေါ်တစ်လင်တစ်မယား စနစ်နှင့်သွေဖြည်ကာ မိန်းမအမြောက်အများကို ယူနိုင်ခွင့်ရှိသော အသစ်မွေးဖွားလာသည့် ဤဘာသာရေးသစ်အပေါ် မယုံမကြည်မှုများ၊ ငြင်းပန်းနှိပ်စက်မှုများ သည်လည်းအရှိုရှိုပေါ်လာသည်။ Joseph နှင့်နောက်လိုက်အပေါင်းအပါများသည် နယူးယောက်မှ အခြားပြည်နယ်များသို့ တစ်နေရာပြီး (New York to Ohio to Missouri, then to Illinois) တစ်နေရာ ပြောင်းရွှေ့သွားကြသည်။ ဤကာလ ( ၁၈၃၀ မှ ၁၈၄၀ နှစ်လွန်များအထိ) များအတွင်း Joseph သည် ဘုရားသခင်သူ့အား ဗျာဒိတ်များစွာမြင်စေသည်ဟုဆိုသည်။ ထိုဗျာဒိတ်အားလုံးတို့အား ပေါင်း၍ Mormon Holy book, Doctrines and Covenants ဟုခေါ်သော မော်မွန်ကျမ်းစာအုပ်ဖြစ်ပေါ်လာသည်။

၁၈၄၄ ခုနှစ်တွင် အီလီနွိုက် ပြည်နယ် နာအိုဗို (Nauvoo) မြို့တွင် Joseph သည် အဖမ်းခံရကာ သေနပ်ဖြင့် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်ပွါးပြီး သေနပ်မှန် သေဆုံးခဲ့သည်။ Brigham Young ဆိုသူက သူ၏အရိုက်အရာကို ဆက်ခံပြီး ၁၈၄၇ ခုနှစ်တွင် ယူတား ပြည်နယ် Salt Lake City သို့ တစ်ဖွဲ့လုံးပြောင်းရွှေ့ သွားကြသည်။ ထိုအချိန်မှစပြီး ယနေ့တိုင်အောင် Salt Lake City မြို့သည် မော်မွန်အဖွဲ့၏ ဌါနချုပ်ရုံးစိုက်ရာ မြို့ဖြစ်ခဲ့သည်။

အခြေခံယုံကြည်ချက်များ
မော်မွန် တို့ယုံကြည်သော သမိုင်း နှင့် သီအိုရီ များသည် မော်မွန်ဘာသာဝင် မဟုတ်သောသူများအတွက် အလွန်ထူးဆန်းသောအရာများချည်းဖြစ်သည်။ မော်မွန်ဘာသာဝင်များအတွက် ကယ်တင်ခြင်းရရန်အတွက် နှစ်ခြင်းခံရန်လိုအပ်သည်။ သေလွန်ပြီးသောသူများသည်လည်း သူ၏နောက်ကြောင်းရာဇ၀င်ကို အသေးစိတ်ပြန်လည်သုံးသတ်ပြီး နိုးကြားသောမော်မွန်အသင်းသားစစ်စစ်ဟုတ်မဟုတ်၊ မော်မွန်အသင်းသားမဟုတ်သူများအား အကူအညီပေးသူ ဟုတ်မဟုတ်စသည့်အချက်များအပေါ်တွင်မူတည်ပြီး သေလွန်ပြီးနောက်ပိုင်း နှစ်ခြင်းပေးနိုင်သည်ဟုဆိုသည် Proxy Baptism ဟုခေါ်သည်။

မော်မွန်အသင်းတော်သည်အော်သိုဒေါ့ (Orthodox) အသင်းတော်များကို အကျင့်ပျက်ယိုယွင်းသော အသင်းတော် မဟုတ်ဘဲ ပြီးပြည့်စုံခြင်းမရှိသော အသင်းတော်ဖြစ်သည်ဟု မြင်သည်။ ခရစ်ယာန်များ၏ ပြီးပြည့်စုံခြင်းမရှိသော ယုံကြည်ခြင်း(၀ါ) သတင်းကောင်းGospel ကို မော်မွန်တို့က “Great Apostasy” ဟုခေါ်ပြီး၊ သခင်ယေရှု Joseph ထံသို့ ကိုယ်ထင်ပြပြီးဗျာဒိတ်တော်ပေးသည့် အခါကျမှ ပြီးပြည့်စုံခြင်းသို့ ရောက်သည်ဟုယုံကြည်သည်။ မော်မွန်အသင်းဝင် မဟုတ်သော်လည်း ယေရှုခရစ်ကို ယုံကြည်လက်ခံသူ တို့အား ခရစ်ယာန်များဖြစ်သည်ဟု လက်ခံပြီး ဘုရားသခင်၏ လမ်းပြဦးဆောင်မှုကို ခံယူနိုင်သည်ဟုဆိုသည်။

မော်မွန်ဘာသာရေးတွင် ဓမ္မ၀န်ဆောင်ခဖြင့် အမှုတော်ဆောင်သော ဓမ္မ၀န်ဆောင် ဟူ၍ မရှိပါ။ အသင်းတော်၏ လုပ်ငန်းအားလုံးကို အသင်းသားများက လုပ်အားပေးလုပ်ဆောင်သည်။ ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ်အားလုံးကိုလည်း အသင်းသားများအားလုံး သူ့နေရာနှင့်သူ ဦးဆောင်လုပ်ကိုင်ကြသည်။ အမျိုးသမီးများကို အသင်းတော်၏ လုပ်ငန်းအတော်များများတွင် ပါဝင်ခွင့်ပေးထား သော်လည်း ဘုန်းကြီး (Priesthood) အဖြစ် ယုံကြည်စိတ်ချခြင်းခံရသော၊ အသင်းတော်အပေါ် သစ္စာရှိသော အမျိုးသားများကိုသာ ပါဝင်အသုံးတော်ခံခွင့်ပေးသည်။ Joseph Smith သေဆုံးပြီးနောက်တွင် သူ၏ အရိုက်အရာကို ဆက်ခံသူ ဂိုဏ်းချုပ် (၀ါ) အုပ်ချုပ်ရေးမှူး (president)ပေါင်း ၁၄ ဦးရှိပြီဖြစ်သည်။ ထိုသူများကို ဘုရားသခင်ခန့်ထားတော်မူသော ပရောဖက် ကြီးများဖြစ်သည်ဟု ခံယူပြီး ၄င်းတို့အောက်တွင် contemporary apostles ဟုခေါ်သော ခေတ်သစ်တမန်တော်များဖြင့် အသင်းတော်ကို ဖွဲ့စည်းထားသည်။

ဘုရားသခင်အပေါ်အမြင်
ဘုရားသခင်ကို “Heavenly Father” ဟုခေါ်ပြီး၊ သူသည် တစ်ချိန်တစ်ခါက ကျွန်တော်တို့အားလုံးကဲ့သို့ပင် လူသားတစ်ဦးဖြစ်ခဲ့သည်ဟုယုံကြည်သည် (Heavenly Father, also known as Elohim was once a man)။ ဤဖြစ်စဉ်ကို “theois” ဟုခေါ်ပြီး ကျွန်တော်တို့သည်လည်း သခင်ယေရှု၏ ကူညီမစမှု (assistant) နှင့် တန်ခိုးတော် ဖြင့် တစ်နေ့ သူကဲ့သို့ဖြစ်နိုင်သည် ဟုယုံကြည်သည်။ ထို့ကြောင့် မော်မွန်ဘာသာကို ဘုရားသခင်တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်သော monotheistic များမဟုတ်ဘဲ ဘုရားများကို ယုံကြည်လက်ခံသော polytheistic များဖြစ်သည်ဟုပြောနိုင်သည်။

Joseph Smith ၏ Gospel Doctrine တွင် ဘုရားသခင်သည် လူသားများကဲ့သို့ အသွေးအသားနှင့် ဖွဲ့စည်းထားသူဖြစ်သည်ဟုဖော်ပြထားပြီး၊ အိမ်ထောင်ပြုခဲ့သည်ဟုဆိုသည်။ ဘုရားသခင်အား သုံးပါးတစ်ဆူ အဖြစ်လက်မခံဘဲ ခမည်းတော်၊ သားတော် နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် ဘုရားများ အသီးသီးဖြစ်ကြသည်ဟုဆိုသည်။

မော်မွန်ဘာသာဝင်များသည် သန့်ရှင်းသောဝိညာဉ်တော်ကို Holy Ghost ဟု ခေါ်ပြီး ကောင်းသောလူသားတိုင်း Holy Ghost ၏ရှိခြင်းကို ခံစားနိုင်သော်လည်း နှစ်ခြင်းခံပြီး မော်မွန်ဘုန်းကြီးများ၏ ကောင်းကြီးပေးခြင်းခံရသော သူများသာ အသက်တာတစ်လျှောက်လုံး Holy Ghost ၏ လမ်းပြပို့ဆောင်ခြင်းကို ရရှိသည်ဟုယုံကြည်သည်။

သေခြင်း၏အခြားတဖက်
မော်မွန်ဘာသာဝင်များ၏ယုံကြည်ခြင်းတွင် သေခြင်း၏အခြားတဖက်တွင် ပြန်လည်ရှင်ပြန်ထမြောက်ခြင်း ရှိသည်၊ တရားစီရင်ခြင်း နေ့ ရှိသည် ထိုနေ့တွင် အပြစ်ပေးခြင်းနှင့် ဆုပေးခြင်းရှိသည်ဟုယုံကြည်သည်။ သေလွန်ပြီးရောက်ရမည့်နေရာ အဆင့် သုံးဆင့် ရှိသည်ဟုယုံကြည်သည်။ အမြင့်ဆုံးနေရာကို Celestial kingdom ဟုခေါ်ပြီး ဘုရားသခင်နှင့် မော်မွန်ဘာသာကို ကိုင်းရှိုင်းစွာ ယုံကြည်လက်ခံခဲ့သူများအတွက်ဖြစ်သည် ဟုဆိုသည်။ ထိုနေရာတွင် မိမိတို့ အသီးသီး၏ အဆင့်သည် ကမ္ဘာတွင်ရှိစဉ်က အဆင့်/ရာထူးအတိုင်းဖြစ်မည် (Doctrine and Covenants 130:2)။ ဒုတိယအဆင့်ကို terrestrial kingdom ဟုခေါ်ပြီး၊ ပြီးပြည့်စုံသည့် သတင်းကောင်း (မော်မွန်ကျမ်းစာ) ကိုလက်မခံ၊ မယုံကြည်၊ မကျင့်သုံးခဲ့သော ခရစ်ယာန်များအတွက် ထာဝရလိပ်စာဖြစ်သည် ဟုဆိုသည်။ အနိမ့်ဆုံးသော နောက်တစ်ဆင့်ကို telestial kingdom ဟုခေါ်ပြီး အပြစ်ရှိသူများ၊ သေသည်အထိနောင်တမရသူများ ရောက်မည့်နေရာဖြစ်သည်ဟုဆိုသည်။ ဆိုးသွမ်း ၍ကောက်ကျစ်သောသူများ လူဆိုးသူဆိုးများသည် ဤ အဆင့် သုံးဆင့်၏ အပြင် အမှောင်လောက outer darkness သို့ရောက်မည်ဟုဆိုသည်။

မော်မွန်တို့နှင့်ပတ်သက်သောသိမှတ်ဖွယ်ရာအချို့
  • ပျောက်ဆုံးနေသော အစ္စရေးလ် လူမျိုး (The lost tribe of Israel) သည် အမေရိကတိုက်ပေါ်သို့ ဘီစီ ၆၀၀ ခန့် တွင် ပြောင်းရွှေ့နေထိုင်ကြသည်။ အေဒီ ၃၄ ခန့်တွင် သခင်ယေရှုသည် ဤ ပျောက်ဆုံးနေသော အစ္စရေးလ် လူမျိုးများထံတွင်ပြန်လည်မွေးဖွါးသည် ဟုယုံကြည်သည်။
  • သခင်ယေရှုနှင့် စာတန်မာရ်နတ်တို့သည် ယခင်က ညီအစ်ကိုများဖြစ်ခဲ့သည်။ ဘုရားသခင်၏ သားများဖြစ်ပြီး ယေရှုအား ခမည်းတော်က လောက၏ ကယ်တင်ရှင်အဖြစ်ရွေးချယ်သောအခါ စာတန်သည် စိတ်ဆိုးပြီး ဆန့်ကျင်တော်လှန်သူဖြစ်သွားသည်။
  • မော်မွန်ဘာသာရေးကိုင်းရှိုင်းသူအသင်းသားတိုင်းသည် အသင်းတော်၏ အချိန်ပြည့်မီရှင်အစီအစဉ် (Full time mission) တွင် ပါဝင်ဆက်ကပ်ကြပြီး ၁၈ လ မှ ၂၄ လ ခန့်အထိပါဝင်ကြသည်။ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်တွင်ဆက်ကပ်ကြလေ့ရှိပြီး အိမ်တိုင်ယာရောက်ဟောပြောသောစနစ် (door to door evangelism) ဖြင့် ဧ၀ံဂေလိပြုလုပ်ကြသည်။ သစ္စာရှိသောအသင်းသားတိုင်း မိမိဝင်ငွေ၏ ဆယ်ဘို့တစ်ဘို့ကို မှန်မှန်အသင်းတော်သို့ ပေးသည်။ အရက်သေစာသောက်သုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းကိုလည်း တင်းကြပ်စွာတားမြစ်သည်။ ကာဖိန်းဓါတ်ပါသော အစားအသောက်များကိုလည်းတားမြစ်သည်။
  • Ward သို့မဟုတ် Branch ဟုခေါ်သော တနင်္ဂနွေနေ့တိုင်း ၀တ်ပြုခြင်းအစီအစဉ်ပြုလုပ်သည့် နေရာများ ကို အမေရိကန် နိုင်ငံရှိ မြို့ကလေးများအားလုံးလိုလိုတွင်ရှိပြီး ၀တ်ပြုစည်းဝေးခြင်း အစီအစဉ်သည် မိနစ် ၆၀ မှ ၇၅ မိနစ်ခန့်ကြာလေ့ရှိသည်။ လူစိမ်းသူစိမ်းများကို ပြူပြူငှါငှါ ကြိုဆိုလေ့ရှိပြီး ထိုဝတ်ပြုအစီအစဉ်ကို Sacrament meeting ဟုခေါ်သည်။ ဤအစီအစဉ်တွင် များသောအားဖြင့် ဓမ္မသီချင်း (Hymn) သီဆိုခြင်း၊ ဆုတောင်းခြင်း နှင့် sacrament (communion) ပြုလုပ်ခြင်းများပါဝင်ပြီး  ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် တိုက်တွန်းခွန်အားပေးခြင်းအစီအစဉ် (short message) ကို တာဝန်ပေးခံရသော အသင်းသားများမှ ပါဝင်ဆက်ကပ်သည်။
  • မော်မွန်တို့၏ ဗိမ္မန်တော် (Temple) ဟုခေါ်သော အဆောက်အဦသည် ကမ္ဘာအနှံ့ ၁၀၀ ခန့် ရှိပြီး ဤ ဗိမ္မန်ကြီးထဲတွင် မော်မွန်ယုံကြည်ခြင်း (Mormon Doctrine) တို့ကိုသင်ကြားပို့ချခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ နှစ်ခြင်းပေးခြင်း နှင့် သေလွန်ပြီးသောသူတို့ကို နှစ်ခြင်းပေးခြင်း (Proxy Baptism) တို့ကိုပြုလုပ်သည်။
  • မော်မွန်တို့သည် တမန်တော်ဝထ္ထုထဲတွင်ဖော်ပြသော သခင်ယေရှု၏ အသင်းတော် အစစ်အမှန်သည် သူတို့အသင်းတော်သာဖြစ်သည်ဟုခံယူသည်။
  • မော်မွန်တို့၏ယုံကြည်ခြင်းတွင် လူသားအားလုံးသည် လောကတွင် မမွေးဖွားခင်ကတည်းက ၀ိညာဉ်အနေဖြင့် ရှိနှင့်ပြီးသူများဖြစ်သည်။ ထိုယခင်ဘ၀ ၀ိညာဉ်များသည် Heavenly Father နှင့်  Heavenly Mother တို့၏ ဆက်ဆံမှုကြောင့် ၀ိညာဉ်အနေဖြင့်မွေးဖွါးခဲ့သူများဖြစ်သည်။ James Talmadge ရေးသော A Study of the Articles of Faith စာအုပ်တွင် ဘုရားသခင်သည်တချိန်တခါက လူသားဖြစ်ခဲ့သလို၊ ကျွန်ုပ်သည်လည်းနောင်တွင် ဘုရားဖြစ်နိုင်သည် ဟုဖော်ပြထားသည်။
  • မော်မွန်ဘာသာဝင်တို့သည် သခင်ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဗေတည် ခြင်းကို လက်မခံဘဲ၊  ဘုရားသခင် (Father God, Elohim) နှင့် မေရီ တို့၏ဆက်ဆံမှုကြောင့် ပဋိသန္ဗေတည်သည် ဟုဆိုသည်။ ထို့ကြောင့် ယေရှုသည် လူသားအားလုံး၏ အကြီးဆုံးသောအကို elder brother ဖြစ်သည်ဟုဆိုသည်။
  • ကယ်တင်ခြင်း ရရန်အတွက် သစ္စာရှိစွာ အမှုတော်ဆောင်ခြင်းနှင့် မော်မွန်ထုံးတမ်းအရ နှစ်ခြင်းခံရန်လိုအပ်သည် ဟုဆိုသည်။
ကျမ်းစာများ
Joseph Smith ရေးသားသော Doctrine and Covenant နှင့် Pearl of Great Price နှစ်အုပ်ကို အဓိက ကျမ်းစာအုပ်များအဖြစ်အသုံးပြုသည်။ ခရစ်ယာန်တို့အသုံးပြုသော သမ္မာကျမ်းစာအုပ်ကိုလည်း တန်ဖိုးထားလေ့လာသည်။ Joseph Smith ၏ တမန်တော် မိုရိုနီ ထံမှ ဗျာဒိတ်မြင် ရရှိသည်ဟုဆိုသောရွှေပြားပေါ် ရေးထားသည့် ရှေးခေတ်စာမှ ဘာသာပြန်သော The Book of Mormon: Another Testament of Jesus Christ ကျမ်းစာအုပ်ကိုလည်း အသုံးပြုသည်။ ထိုကျမ်းစာအုပ်တွင် ဘီစီ ၅၉၀ မှ အေဒီ ၄၂၁ အတွင်း ယေရှုခရစ်တော် အမေရိကတိုက် တွင်မွေးဖွါးပြီး သွားလာ လှုပ်ရှားခဲ့သည့် အဖြစ်အပျက်များကို ရေးသားထားသည်။

အရေးကြီးသည့်နေ့ရက်များ
    • အီစတာ (ရက်အတိအကျ သတ်သတ်မှတ်မှတ်ထားခြင်းမရှိ)
    • ခရစ္စမတ် – ဒီဇင်ဘာလ ၂၅ ရက်
    • Pioneer Day – July 24 မော်မွန်အသင်းသားများ Salt Lake City သို့ရောက်သည့်နေ့ အထိမ်းအမှတ်
    • မော်မွန်အသင်းတော်တည်ထောင်သည့်နေ့  – ဧပြီလ ၆ ရက်
    • နှစ်ခြင်းဆရာ ယောဟန် John Smith ထံလာရောက်လည်ပတ်သည့်နေ့ – မေလ ၁၅ ရက်
  • General Conference – first weekends in April and October.

သောင်းနိုး

မှတ်ချက်။   ။ Len Woods ရေးသားသော Handbook of World Religions (A bible-based review of 50 World faiths) စာအုပ်မှ ကိုးကားတင်ပြထားပါသည်။ မော်မွန်ဘာသာရေးနှင့်ပတ်သက်ပြီးပိုမို၍ အသေးစိတ်လေ့လာလိုသူများအောက်ပါ ၀က်ဘ်ဆိုဒ်များတွင် လေ့လာနိုင်ပါသည်။

http://en.wikipedia.org/wiki/Mormonism
http://en.wikipedia.org/wiki/Joseph_Smith,_Jr.
http://mormon.org/joseph-smith/



Leave a Reply