“မသိသူ ကျော်သွား၊ သိသူ ဖေါ်စား´´ ဟူသောစကားရပ်ကို မိတ်ဆွေကြားဖူးပေလိမ့်မည်။ ကျွန်ုပ်တို့ မသိနားမလည်သော အရာများစွာ ရှိသော်လည်း ဤဓမ္မစာစုပါအကြောင်းအရာများကို မသိရှိပါမူ မိတ်ဆွေသည် အကြီးမားတကာ့ အကြီးမားဆုံးသော ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ဘို့ရန် ရှိပေသည်။ ဤဓမ္မစာစုပါ အကြောင်းအရာများသည် မိတ်ဆွေ၏ ယခုဘ၀နှင့်နောင်ဘ၀အတွက် အလွန်ပင် အရေးကြီးသောကြောင့် အဆုံးတိုင် ဖတ်ရှုလေလာဖို့ရန် မေတ္တာဖြင့် ရေးသားလိုက်ရပါသည်။
ဖန်ဆင်းရှင်ရှိသည်။ လောက၌ အဘယ်အရာမဆို အလိုအလျှောက် မဖြစ်လာတတ်ပါ။ အကြောင်းတရား ရှိ၍ အကျိုးတရားဖြစ်လာရသည်။ မိတ်ဆွေနေထိုင်သော အိမ်သည် သူ့အလိုအလျှောက် မဖြစ်လာဘဲ ဆောက်လုပ်သောသူ ရှိ၍ ဖြစ်လာရခြင်းဖြစ်သည် မဟုတ်ပါလော။ ထိုနည်းတူ ဤကမ္ဘာလောကကြီးနှင့် မြင်တွေ့နေရသောစကြ၀ဠာတစ်ခုလုံးသည်လည်း ပြုလုပ်သူ(ဖန်ဆင်းရှင်) ရှိသောကြောင့်သာ ဖြစ်လာရခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်သူ(ဖန်ဆင်းရှင်)မှာ “ထာဝရ ဘုရား´´တည်းဟူသော ဘွဲ့နာမတော်ရှိတော်မူသော အန္တတန်ခိုးရှင် ဘုရားသခင်ပင်ဖြစ်သည်။ ထိုဘုရားသည် တစ်ဆူတည်းသောဘုရားဖြစ်တော်မူ၏။ လူတို့ခေါ် ဝေါ်သမုတ်ကြသော ဘုရားအများရှိသော်လည်း စစ်မှန်သောဖန်ဆင်းရှင် ဘုရားမှာ တစ်ဆူတည်းရှိသည်။ ထိုဘုရားသည် မိတ်ဆွေနှင့် ကျွနုပ်ကို အလွန်ချစ်တော်မူသည်။ creatorလူ၏ဘ၀အစ – ကမ္ဘာပေါ်၌ လူသည် မည်သို့ ဖြစ်ပေါ်လာသည်ကို လောက လူ့ဥာဏ်ဖြင့်အမျိုးမျိုးသုံးသပ် ယူဆကြသော်လည်း တိကျမှန်ကန်သောအဖြေကို သမ္မာကျမ်းစာ ၌သာ တွေ့ရှိရပေသည်။ ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍ အသက်ဇီဝကို မှုတ်သွင်းသဖြင့် လူဖြစ်လာရပါသည်(က၊ ၂း၇)။ ဘုရားသခင်သည် ကမ္ဘာဦးအစ၌ လူနှစ်ယောက်တည်းကိုသာ ဖန်ဆင်းခဲ့ပါသည်။ ထိုလူနှစ်ယောက် ဖြစ်သော အာဒံနှင့်ဧ၀တို့သည် ဘုရားသခင်ပြင်ဆင်ထားသော ဧဒင်ဥယျာဉ်၌ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြ ရပါသည်။ စားဝတ်နေထိုင်ရေးအတွက် အစစအရာရာ ပြည့်စုံ၏။ ဒုက္ခဆင်းရဲ ပြဿနာ အနာရောဂါ မရှိ။ ပင်ပန်းစွာ လုပ်ကိုင်စားသောက်ဖို့မလို။ သာယာလှပတင့်တယ်သော ဧဒင်ဥယျာဉ်ကြီး၌ နေထိုင်ခဲ့ကြရပါ သည်။ ထိုဥယျာဉ်ကိုထိန်းသိမ်းစောင့်ရှောက်ရန် သူတို့အား ဘုရားသခင် ဘုရားသခင်တာဝန်ပေးထားသည်။ ဖန်ဆင်းစက ထိုသူတို၌ အပြစ်မရှိ၊ ဘုရားသခင်နှင့် ရင်းနှီင်္းစွာ မိတ်သဟာယဖွဲ့နိုင်ကြသည်။
အပြစ်တရားဝင်ရောက်လာပုံ – ထာဝရဘုရားသခင်က “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏ အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ် ထားတော်မူ၏။´´ လူသည် အထက်ပါ ပညတ်ချက်ကို ချိုးဖေါက်ြခင်းဖြင့် ဤလောကသို့ အပြစ်တရားဝင်ရောက်လာပါသည်။ ကျွန်ုပ်တို့လူသား များ သည် အပြစ်ရှိသော အာဒံ-ဧ၀မှ မွေးဖွါးလာကြ သူများဖြစ်ကြ၍ မွေးစကတည်းက အပြစ်ရှိသော လူသားများ ဖြစ်လာရပါသည် (က၊ ၂း ၁၆-၁၇၊ ရောမ၊ ၅း ၁၂၊ ဆာ၊ ၅၁း ၅)။
အပြစ်သားနှင့် အပြစ်များ
လူများစွာတို့က မကောင်းမှု ဒုစရိုက်၊ အပြစ်ကျူးလွန်သောကြောင့် အပြစ်သားဖြစ်လာရသည်ဟု ထင်တတ်ကြသည်။ ထို့ကြောင့် အပြစ်မကျူးလွန်မိစေရန် ဘာသာတရား၏ ပညတ်ချက်များကို အတတ်နိုင်ဆုံး စောင့်ထိန်းနိုင်ဖို့ ကြိုးစားကြသည်။ သို့သော် လူတိုင်းသည် အပြစ် တစ်ခုမဟုတ် တစ်ခုကို ကျူးလွန်ခဲ့ကြစမြဲဖြစ်သည်။ မုသားပြောခြင်း၊ ဆဲဆိုခြင်း၊ ဒေါသထွက်ခြင်း၊ မိဘစကား နားမထောင်ခြင်း၊ အရက်သေစာ သောက်စားမူးရစ်ခြင်း၊ ရန်တွေ့ခြင်း၊ မကောင်းအပြုအမူကို ပြုကျင့်ခြင်း စသည်တို့အနက် တစ်ခုခုကို မိတ်ဆွေကျူးလွန်ခဲ့ဘူးပေမည်။ အပြစ်လုပ်မိ၍အပြစ်သားဖြစ်လာရခြင်းမဟုတ်၊ အပြစ်သားဖြစ်၍ အပြစ်လုပ်မိခြင်းဖြစ်သည်။ ဥပမာ- သရက်ပင်သည် သရက်သီးကိုသီးသည်။ သရက်သီးသီး သောကြောင့် သရက်ပင်ဖြစ်လာရခြင်း မဟုတ်ပါ။ တဖန် ခွေးသည် ခွေးဖြစ်သောကြောင့် ဟောင်သည်။ ဟောင်သောကြောင့် ခွေးမဖြစ်လာပါ။ လူသည်လည်း အပြစ်သားဖြစ်သောကြောင့် အပြစ်ကို ကျူးလွန်ရခြင်းဖြစ်သည်။ လူသည် မွေးစကတည်းက အပြစ်ရှိသည်။ ဘုရားသခင်ရှေ့မှာ မသန့်ရှင်း၊ ရွံ့ရှာစရာ သတ္တ၀ါဖြစ်သည်။ အပြစ်လုပ်ဖို့ သင်တန်းတက်စရာမလို၊ အပြစ်ကို အလွယ်တကူ လုပ်တတ်ကြသည်။ “သို့ဖြစ်လျှင် ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက် ဆိုးညစ် ရွံ့ရှာဘွယ်သော လူသတ္တ၀ါ၌ အဘယ်ဆိုဘွယ်ရှိ သနည်း´´(ယောဘ၊ ၁၅း ၁၆)။
ဘုရားအမြင်၌လူ
လူသည် မိမိကိုယ်ကို ကောင်းသည်ဟု ထင်တတ်သော်လည်း ဘုရားအမြင်၌ ကောင်းကွက် မရှိပေ။ ရွံ့ရှာဘွယ်ရာ သတ္တ၀ါကဲ့သို့ဖြစ်သည်။ ဘုရားအမြင်၌ တီကောင်၊ ပိုးရွ(လောက်ကောင်) နှင့်တူသည်။ (ယောဘ၊ ၂၅း ၄-၆) လောက်ကောင်သည် ညစ်ညူးသောပိုးကောင်ဖြစ်၍ လူတိုင်း ရွံ့ရှာတတ်ကြသည်။ မည်သည့်နေရာ၌ ရှိစေကာမူ ရွံ့စရာကောင်းသည်။ ထိုနည်းတူ လူသည်လည်း ဘုရားရှေ့မှာရွံ့စရာကောင်းသည်။ လောက်ကောင်သည် ညစ်ညူးသောအရာနှင့် အပုပ်အသိုးများကို ကြိုက်သည်။ လူသည် လည်း ကောင်းမွန်သောတရားစကားများထက် မကောင်းသောအရာ ကိလေသာ ညစ်ညူးခြင်း စသည်တို့ကို နှစ်သက် တတ်သည်။ လောက်ကောင်သည် ညစ်ညူးသောအရာများမှ မထွက်ချင်။ လူသည်လည်း အရက်၊ မူးရစ်ထုံထိုင်းစေသော အရာ၊ ဆေးလိပ်၊ လောက အပျော်အပါးတို့ကို ချစ်၍ ထိုအထဲမှ မထွက်ချင်ဖြစ်သည်။ ပျက်စီးတတ်သည့်လောက အရာများကို တပ်မက် စွဲလန်းကြသည်။
လူ၏ စိတ်နှလုံးသည် အစဉ်သဖြင့် ဆိုးညစ်သည်။ ကောက်ကျစ်စဉ်းလဲ၍ အလွန်ယိုယွင်းသော သဘောရှိသည်။ လူ့နှလုံးထဲ၌ ကောင်းသောအရာ မရှိ။ မိတ်ဆွေ၏ စိတ်နှလုံးသည် ကောင်း မကောင်း မိမိကိုယ်ကို စစ်ဆေးကြည့်ပါ။(က၊ ၆း ၅၊ ယေရ၊ ၁၇း ၉၊ မာ၊ ၇း ၂၀-၂၃) လူသည် ဦးခေါင်းမှသည် ခြေဖျားတိုင်အောင် တစ်ကိုယ်လုံး အပြစ်ရှိသည်။ မျက်စိက မကောင်းသောအရာများကို ကြည့်သည်။ ဦးနှောက်က မကောင်းသောအရာကို စဉ်းစားတတ်သည်။ နှုတ်က မပြောသင့်သောစကား၊ မုသာစကား၊ သူတပါးကို ထိခိုက်နစ်နာစေသော စကားကို ပြောတတ်သည်။ နားက မကောင်းသောအရာကို ကြားချင်သည်။ လက်က မမှန်သောအပြု အမူကို ပြုလုပ်တတ်သည်။ ခြေက မကောင်းသောနေရာကို သွားချင်သည်။ လူတစ်ကိုယ်လုံး ကောင်းကွက်မရှိပါ။ တစ်ကိုယ်လုံး အနာရောဂါ စွဲသော နူနာရောဂါသည် ကဲ့သို့ ဖြစ်နေသည်(ဟေရှာ၊ ၁း ၄-၆)။
ဘာသာတရားနှင့်ကောင်းမှုလုပ်ခြင်း
ဘာသာတရားတိုင်းသည် ကောင်းရာလုပ်ဖို့ သွန်သင်ကြသည်။ လူအများကလည်း ကုသိုလ်ကောင်းမှု လုပ်ခြင်းဖြင့် ကောင်းရာ ရောက်မည်ဟုထင်တတ်ကြသည်။ သို့ဖြစ်လျှင် ကုသိုလ်ကောင်းမှုကို မည်မျှ လုပ်ရပါမည်နည်း။ မိမိကုသိုလ်ကောင်းမှုဖြင့် တမလွန်ဘ၀အတွက် အာမခံချက် ရှိပြီလော။ ကုသိုလ်ကောင်းမှု မလုပ်ရဟု မဆိုလိုပါ။ ကုသိုလ်ကောင်းမှုသည် လူ့အမြင်၌ ကောင်းသော်လည်း ဘုရားသခင်ရှေ့မှာ ညစ်သောအ၀တ်နှင့် တူသည်။ ကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှုကို ထာဝရ ဘုရားသခင် လက်မခံပါ(ဟေရှာ၊ ၆၄း ၆)။ ဥပမာ – နူနာရောဂါစွဲလျက် တစ်ကိုယ်လုံး ညစ်ပတ်နံစော်နေသူက မိတ်ဆွေအား စေတနာအပြည့်နှင့် လက်ဖက်သုပ်ကို သူ့လက်နှင့်နယ်ကာ ဧည့်ခံ ကျွေးမွေးပါက မိတ်ဆွေ လက်ခံပါမည်လော။ လက်မခံနိုင်ပါ။ ထိုနည်းတူ ရွံ့ရှာဖွယ်ရာ အပြစ်သားဖြစ်သော ကျွန်ုပ်တို့၏ ကုသိုလ် ကောင်းမှုကိုလည်း ထာဝရဘုရားလက်မခံနိုင်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ အသက်ဝိညာဉ်ငရဲမကျဖို့ ဘာသာ တရား လုပ်ခြင်းနှင့် ကောင်းမှုလုပ်ခြင်းက မကယ်တင်နိုင်ပါ။
ဘာသာတရား၏ ပညတ်ချက်များသည် အလွန်ကောင်းသော်လည်း အပြည့်အ၀ လိုက်လျောက် နိုင်သူ ရှိပါသလော။ မရှိပါ။ ကျမ်းစာက ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ။ တစ်ယောက်မျှ မရှိ(ရော၊ ၃း၁၂) ဟု ဆိုထားပါသည်။ ပညတ်တရားက လူအသက်ကိုမသတ်ရ။ သူ့ဥစ္စာကို မခိုးရ။ သူ့မယားကို မပြစ်မှားရဟု ဆိုထားသည်။ ကျွန်ုပ်တို့သည် လူအသက်ကို မသတ်ပါဟု ဆိုသော်လည်း လူတစ်ဦးအား မုန်းမိခြင်း၊ ဒေါသထွက်ခြင်း၊ ရန်တွေ့ခြင်းသည်ပင် လူသတ်ခြင်းဖြစ်သည်ဟု ကျမ်းစာက ဆိုထားပါသည်။ သူ့မယားကို မပြစ်မှားရဟူသော ပညတ်ရှိသော်လည်း ကိလေသာစိတ်နှင့် အမျိုးသမီးတစ်ဦးအား ကြည့်ရှုခြင်းသည်ပင် သူ့မယားကို မပြစ်မှားရဟူသော ပညတ်ချက်ကို ကျူးလွန်နေပြီ မဟုတ်ပါလော။ သူ့ဥစ္စာကို မခိုးရဟု ဆိုသော်ငြားလည်း သူတပါးဥစ္စာကို တပ်မက်လိုချင်ခြင်းသည်ပင်လျှင် အပြစ်ရှိနေပြီ မဟုတ်ပါလော။
လူမတတ်နိုင်
ကျွန်တော်တို့သည် ကောင်းရာသုခဘုံကို စံမြန်းဖို့ရန် လူ့နည်းလူ့ဟန်ဖြင့် အမျိုးမျိုး ကြိုးစားတတ်ကြသော်လည်း ကျွန်တော်တို့၌ အပြစ်မရှိစေရန် မည်သို့မျှ မစွမ်းဆောင်နိုင်ပါ။ သမ္မာကျမ်းစာက ကပ္ပလီလူ(လူမည်း)သည် မိမိအရေအဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကြားကို၎င်း ပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင် ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကို ပြုခြင်းငှါ တတ်နိုင်ကြ လိမ့်မည်ဟု ဆိုထားသည်(ယေ၊ ၁၃း ၂၃)။ ဒုစရိုက်ကို နေ့စဉ်နှင့်အမျှ ပြုလေ့ရှိသော ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းဖြောင့်မတ်ခြင်းငှါ မည်သို့မျှ မတတ်စွမ်းနိုင်ပါ။
သတင်းကောင်း
လူတစ်ဦးသည် မိမိ၌ ရှိသည့်အနာရောဂါကို မိမိအစွမ်းဖြင့် မတတ်နိုင်သည်ကို သိရှိပါက ထိုအနာရောဂါကို ပျောက်ကင်းစေရန် ကုသပေးနိုင်သော သမားတော်ထံ သွားရစမြဲ ဖြစ်သည်။ ကျွန်ုပ်တို့ လူသားတစ်ယောက်စီတိုင်း၌ စွဲကပ်နေသောအပြစ်ရောဂါကို မိမိ၏ ဘာသာတရား၊ အကျင့်အားဖြင့် မကုသနိုင်ကြောင်းသိရှိလျက် ထိုအပြစ်ရောဂါကို ကုသပေးနိုင်သူ၊ အပြစ်မှ ကယ်တင်သူကို ရှာရပေမည်။ မည်သူသည် ကျွန်ုပ်တို့၏ အပြစ်ကို ဖြေရှင်းပေးနိုင်သနည်း။ ကျွန်ုပ်တို့သည် အပြစ်ရှိ၍ မိမိအပြစ်ကြောင့် ငရဲသွားထိုက်သော်လည်း သင်နှင့်ကျွန်ုပ်တိုချစ်တော်မူသော ဘုရားရှင်က အပြစ်ဖြေရှင်းပေးရန် ဤလောကသို့ ကယ်တင်ရှင်ယေရှုကို စေလွှတ်ခဲ့ပါသည်။
ယေရှုခရစ်သည် မည်သူနည်း
ယေရှုသည် ဤလောကသို့ လူသားအနေဖြင့် ကြွမြန်းတော်မူသော ဘုရား ဖြစ်သည်။ ဤကမ္ဘာမတည်မရှိကတည်းက တည်ရှိသောဘုရားဖြစ်သည်။ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သောဘုရားဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော်က ဤလောကသို့ကြွလာတော်မူသော အရှင်ဖြစ်သည်။ သူသည် အပျိုကညာဝမ်းမှ မွေးဖွါးခဲ့၍ လောက၌ အသက်ရှင်စဉ် အပြစ်ဒုစရိုက်ကို မပြု၊ သန့်ရှင်းဖြူစင်ဖြောင့်မတ်သောသူဖြစ်သည်။
ယေရှုသည် လောက၌ ရှိစဉ် အမျိုးမျိုးသော အနာရောဂါစွဲသူများကို ရောဂါမှ ပျောက်ကင်းစေခြင်း၊ နတ်ဆိုးစွဲခံရသူများအား ချမ်းသာပေးခြင်း၊ သေသောသူများကို ပြန်လည်အသက်ရှင်စေခြင်း၊ လူများစွာ တို့အား မွန်မြတ်သော တရားဒေသနာများကို ဟောကြားခြင်းများ ပြုခဲ့ပါသည်။ သူ၏ အဓိက အရေးကြီးဆုံးသော လုပ်ဆောင်ချက်မှာ တစ်လောကလုံးရှိ လူအပေါင်းတို့၏ အပြစ်များအတွက် အသေခံခြင်းပင် ဖြစ်သည်။ အပြစ်တရား၏အခ သေခြင်းကို လက်ဝါးကပ်တိုင်ပေါ်၌ ပေးဆပ်ခဲ့သည်။
သခင်ယေရှု အသေမခံမှီ ဓမ္မဟောင်းအချိန်ကာလက ဘုရား၏လူမျိုးတော်ဖြစ်သော အစ္စရေးအမျိုးသားတို့သည် နှစ်စဉ် ဘုရားသတ်မှတ်ထားသောနေရာ၌ သတ်မှတ်ထားသော ယဇ်ကောင်ဖြင့် အပြစ်ဖြေခြင်းကို ပြုလုပ်ရသည်။ တိရစ္ဆာန်အသွေးကို သွန်း၍ ယဇ်ပူဇော်ရသည်။ ယဇ်ပုရောဟိတ်က သာလျှင် ထိုယဇ်ပူဇော်ခြင်းအမှုကို ပြုရသည်။ အသွေးမပါဘဲ အပြစ်လွတ်ခြင်းမရှိ။ ယခင်က အရိပ်အဖြစ်ပြုခဲ့သော ထိုအမှုသည် ယခု၌ ယေရှုခရစ်တော် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခြင်း၊ အသွေးသွန်းခြင်းဖြင့် မိတ်ဆွေနှင့် ကျွန်ုပ်တို့ အပြစ်ရှိသမျှကို ဖြေရှင်းခဲ့ပါသည်။ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့ အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။´´(၁ ယော၊ ၁း၇) မိတ်ဆွေ၏ အပြစ်များကို ယေရှုခရစ် အသွေးတော်နှင့်ဆေးကြောသန့်စင်ပြီးဖြစ်သည်။
ယေရှုခရစ်သည် မိတ်ဆွေ၏ အပြစ်အလုံးစုံကိုယူတင်လျက် လက်ဝါးကပ်တိုင်ပေါ် အသေခံ ခဲ့သောသူ ဖြစ်သည်။ ဟေရှာ၊ ၅၃း ၆၌ “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို ခရစ်တော်အပေါ်၌ တင်တော်မူ၏” ဟုဆိုထားသည်။ မိတ်ဆွေ၏အပြစ်အလုံးစုံကိုယေရှု ယူဆောင်သွားပြီ ဖြစ်၍ မိတ်ဆွေ၌ အပြစ်မရှိတော့ပါ။ မိတ်ဆွေသည် ဘုရားလုပ်ဆောင်ချက်ကို ယုံကြည်နာခံရန်သာ ရှိပေသည်။
ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံပြီး သင်္ဂြံလ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်ခဲ့သည်။ မိမိသည် သေခြင်းမှ ထမြောက်ကြောင်း သူ၏ တပည့်တော်များထံ ထင်ရှားပြခဲ့သည်။ ထိုနောက်ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွခဲ့သည်။ ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့နေထိုင်ရန် ပြင်ဆင်တော်မူလျက်ရှိသည်။ မကြာမီအချိန်၌ ကမ္ဘာပေါ်သို့ပြန်လည် ကြွလာဦးမည်။ လူသားအပေါင်းတို့ကို တရားစီရင်မည်။
ချစ်သောအဆွေ ထိုအရှင်ယေရှုအကြောင်းကို မိတ်ဆွေသိရုံနှင့်မပြီးသေးပါ။ ထိုအရှင်ကို မိတ်ဆွေ၏ ကယ်တင်ရှင်အဖြစ် သိမှတ်ဝန်ခံဖို့လိုသည်။ ထိုအရှင်ယေရှုသည် မိတ်ဆွေ၏ ယခုဘ၀နှင့် တမလွန် ဘ၀အတွက် အာမခံချက်ပေးပိုင်သောအရှင်အဖြစ် ယခုပင်လက်ခံနိုင်ပေသည်။ အောက်ပါ ဆုတောင်းချက်ဖြင့် ယုံကြည်စွာ ဆုတောင်းကြည့်ပါ။
အရှင်ယေရှုဘုရား- ကျွန်တော်/ကျွန်မသည် အပြစ်သားဖြစ်ပါသည်။ ကိုယ်တော်ရှေ့မှာ ညစ်ညူးသောသူ ဖြစ်ပါသည်။ ကိုယ်တော်သည် ကျွန်တော်/ကျွန်မကိုချစ်၍ အပြစ်အဖိုးအခကို လက်ဝါးကပ်တိုင်၌ ပေးဆပ်လျက် အသေခံခဲ့ခြင်းဖြင့် အပြစ်များကို ယူတင်သွားသည့်အတွက် ကျေးဇူးတင်ပါသည်။ အသွေးတော်ဖြင့် အပြစ်ရှိသမျှကို ဆေးကြောသန့်ရှင်းစေသည့်အတွက် ကျေးဇူးတင်ပါသည်။ အရှင်ယေရှုခရစ်တော်ကို ကျွန်တော်/ကျွန်မ၏ အပြစ်မှ ကယ်တင်သောအရှင်အဖြစ် ယုံကြည်ပါသည်။ (အာမင်)
သင်သည် ယေရှုခရစ်တော်ကို အထက်ပါဆုတောင်းချက်အတိုင်း အမှန်ပင် ယုံကြည်လက်ခံပါက ထာဝရငရဲ ကျစရာ မရှိတော့ပါ။ လောက၌လည်း ထိုအရှင်ကို ဆက်လက်ယုံကြည်ကိုးစားနာခံခြင်းအားဖြင့် ထူးခြားအံ့သြဘွယ်ရာ ကောင်းချီးမင်္ဂလာများ ခံစားရမည်။ တစ်နေ့ သင့်ခန္ဓာချုပ်ငြိမ်းသွားသော်လည်း သင့်ဝိညာဉ်မှာမူ ထာဝရဘုရားထံ ရောက်ရှိမည်မှာ ဧကန်မုချဖြစ်ကြောင်း ဤသတင်းကောင်းကို မေတ္တာဖြင့် ဝေငှရေးသားရပါသည်။ ပိုမိုသိရှိလိုပါက ကျွန်တော်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆရာစောစံအောင် sawsanaung@gmail.com
http://www.jbcs.org.sg/ မှထပ်ဆင့်တင်ပြထားပါသည်။
You must log in to post a comment.