ကမ္ဘာကျော်ဘောလုံးသမား တစ်ဦး။ ဗိုလ်လုပွဲတွင် ရှုံးသောအခါ မျက်ရည်တွေတွေကျပုံကို တီဗွီဖန်သားပြင်တွင် တွေ့ခဲ့ရ၏။ ရုပ်ရှင် မင်းသမီးတစ်ဦး။ ဇာတ်ကားအတွင်းမဟုတ်ဘဲ၊ အပြင်တွင်တကယ် မျက်ရည်ကျသည်ကို ကျွန်တော်မြင်ဖူးသည်။ အိုင်းရှဲဒိုးများကိုဖြတ်၍ စီးဆင်း လာသော မျက်ရည်များသည် အနက်ရောင်များအဖြစ် စီးဆင်းလာ၏။
ကျွန်တော့်တွင် သူငယ်ချင်းတစ်ယောက်ရှိသည်။ အလွန်စိတ်ဓာတ်မာသူတစ်ဦး။ သို့သော် မိန်းကလေးတစ်ဦး၏ မျက်ရည်စတို့ကိုတွေ့ သောအခါ၊ ယခုတိုင်အောင် ထိုမိန်းကလေး၏ ကျိုးနွံစွာလုပ်ကျွေးခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။ ကျွန်တော်ကိုယ်တိုင်ပင် ချစ်သူ၏ မျက်ရည်စတို့ကြောင့်ပင် တရားဟောဆရာတစ်ဦးဖြစ်လာခဲ့သည်။ “မာရိမှစ၍ လိုက်လာသော ယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည် မြင်တော်မူ သောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူခြင်းရှိ၍ အလောင်းတော်ကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင် သခင် ကြွ၍ကြည့်တော်မူပါဟု လျှောက်ကြ၏။ ယေရှုသည် မျက်ရည်ကျတော်မူ၏။”
(၂)
“ဆရာ၊ ဆရာ ကျွန်မမေသန်းလေ။”
“သြော်၊ မေသန်၊ လက်မှာလည်း ပတ်တီးကြီးစည်းလို့ပါလား။”
မုတ်ဆိုးမတစ်ဦးဖြစ်သူ မေသန်းက မျက်နှာကိုရွဲ့မဲ့ရင်းမှ-
” ကျွတ်ကျွတ်.. နာလိုက်တာ ဆရာရယ်၊ အကြီးကောင် မူးမူးနဲ့ရိုက်လိုက်တာ။ ကျွန်မလက်ကျိုးသွားတယ်။”
ကျွန်တော့်စိတ်ထဲ တော်တော်ထိခိုက်သွားရင်းမှ…
“ဟာ….ကကြီးကောင်တော့ ကျေးဇူးရှင်အမေကို ပြန်ရိုက်တာ၊ ဒီကောင်တော့ ဘုရားသခင်နဲ့တွေ့ တော့မှာပဲ”
မေသန်းက ပျာပျာသလဲနှင့်…
“အဲဒါ ဆရာ့ကိုလာပြောတာ။ မအေကိုပြန်ရိုက်တဲ့ အကြီးကောင်ကို ကျမ်းစာထဲမှာ ဘယ်လိုအပြစ်ပေးသလဲ ဆရာ”
“အင်း၊ ဓမ္မဟောင်းထဲမှာတော့ ဒီလိုကောင်မျိုးကိုကျောက်ခဲနဲ့ ပစ်ပေါက်သတ်ရမယ်။ ဓမ္မသစ်မှာတော့ဒီကောင်တွေဟာ စိုက်တဲ့အတိုင်း ရိတ်ရမယ်။ အသက်မရှည်ဘူး။ မကောင်းစားဘူး။”
ကျွန်တော်၏စကားအဆုံးတွင် မေသန်းမျက်ရည်တွေတွေကျလာပြီး-
“အကြီးကောင်ရဲ့လုပ်ရပ်ကို အမေဖြစ်သူက ခွင့်လွှတ်လိုက်ရင် ဘုရားသခင်က ခွင့်လွှတ်ပါတယ်။ ကျွန်မအကြီးကောင်ကို ခွင့်လွှတ်တယ် ဆရာ။”
“ဟ မေသန်း၊ ခင်ဗျား အတော်ခွင့်လွှတ်နိုင်ပါလား။”
“အမေကိုး ဆရာရဲ့။တကယ်တော့ အကြီးကောင်ဟာ ၀ိညာဉ်သေနေလို့ ဒီလိုဖြစ်တာပါ။ ကျွန်မခွင့်လွှတ်တယ် ဆရာ။ ဘုရားသခင်ကလည်း ခွင့်လွှတ်ပေးဖို့ ဆရာလည်း ဘုရားသခင်ဆီ ၀ိုင်းဆုတောင်းပေးပါ။”
စကားအဆုံးတွင် မေသန်း၏ပါးပြင်တွင် မျက်ရည်ပေါက်ကြီးတွေ တလိမ့်လိမ့်ကျဆင်းလာသည်။
လာပြန်ပြီ။ မျက်ရည်ပေါက်ကြီးတွေ။ သမိုင်းဝင်ပေဦးမည်လား မပြောတတ်။
(၃)
မုတ်ဆိုးမမေသန်း၏ မျက်ရည်ပေါက်တွေကို သူမ၏သားဖြစ်သူ အကြီးကောင်ထံ ကျွန်တော်သယ်ဆောင်သွားသည်။ အမေ၏ မေတ္တာနှင့် ခရစ်တော်၏ကားတိုင်ပေါ်မှ လူသားများအတွက် အသွေးဖြင့်ပေးဆပ်ခဲ့သော မေတ္တာအကြောင်းကို ပြောပြခဲ့သည်။ ခရစ်တော်၏အသွေးတော်နှင့် မုတ်ဆိုးမမေသန်း၏ မျက်ရည်တွေကို အကြီးကောင်အား ကျွန်တော်ပြောပြခဲ့သည်။
“မြို့တံခါးဝသို့ရောက်သောအခါမုတ်ဆိုးမ၌ တစ်ယောက်တည်းသောသား အသေကောင်ကို သဂြိုဟ်ခြင်းငှာ ထုတ်သွား၍ မြို့သူမြို့သားများ တို့သည်လိုက်ကြ၏။ ယေရှုသည် ထိုမိတ်းမကိုမြင်တော်မူလျှင် သနားခြင်းစိတ်တော်ရှိ၍ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့် တို့တော်မူသဖြင့် ထမ်းသောသူတို့သည် ရပ်၍နေကြ၏။
ကိုယ်တော်ကလည်း၊ အချင်းလုလင်၊ထလော့။သင့်အားငါအမိန့်ရှိသည်ဟု မိန့်တော်မူလျှင် သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ၏။” (လုကာ၊၇း၁၂-၁၅)
ယခုလည်း မုဆိုးမမေသန်း၏ မျက်ရည်တွေကို သခင်ယေရှုမြင်တွေ့သွားပြီ။ သေနေသောအကြီးကောင် အသက်ပြန်ရှင်လာပြီ။
(၄)
အကြီးကောင် အရက်ပြတ်၍ ကျမ်းစာကျောင်းတက်နေပြီ။
မောင်နွယ်မြင့် (စာပေဗိမ္မာန်ဆုရ)
မှတ်ချက်၊ မြတ်မင်္ဂလာ သတင်းကောင်းစာမျက်နှာ မှကူးယူထားပါသည်။
You must log in to post a comment.