တောင်ပေါ်တရားတော်၏နောက်ခံ (၂)

၃။ တောင်ပေါ်တရားတော်၌ ပါဝင်သောအကြောင်းအရာများ

၁။ ကျင့်ကြံရမည့်နည်းလမ်းများဖော်ပြခြင်း
ဘုရားသခင် သည် လူကို ဖန်ဆင်း သောအခါ ပုံသဏ္ဍာန်  တော်နှင့် အညီ ဖန်ဆင်း ထားပါသည်။  ဤနေ၇ာ၌ ဆိုလိုသည်မှာ မြင်နိုင်သော ကိုယ်ခန္ဓာကို ဖော်ပြလိုခြင်းမဟုတ်၊ “စိတ်ဝိညာဉ်” ကိုဖော်ပြလိုခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ကမ္ဘာဦးမှစပြီး လူမျိုးတစ်မျိုးစီ လိုက်နာမည့် စည်းကမ်းများ အသီးသီးထားလေ့ရှိပါသည်။ သခင်ယေရှု မကြွလာမှီ အချိန်မှစပြီး၊ ဂရိပညာရှင်များသည် အသက်တာ၌ လိုက်လျှောက်ရန် စည်းကမ်းများ ထားလေ့ရှိပါသည်။ ဂရိလူမျိုးများနည်းတူ ချင်းအမျိုးသားများ၌လည်း ဘုရားသခင်ကို ကယ်တင်ရှင်အဖြစ် လက်မခံသေးသော အချိန်တွင်ပင်လျှင် လက်စားမချေကြရန်၊ အဆိုးကို အဆိုးနှင့် မတုန့်ပြန်ရန် ရည်ရွယ်ချက်ဖြင့် “ဖခင်သတ်သူအား ထိုင်ခုံပေး” ဆိုသော ဆိုရိုးထားရှိပါသည်။ ယုဒ လူမျိုးများ၌လည်း အကောင်းပြုကျင့်နိုင်ရန် ဆိုရိုးများ စည်းကမ်းများထား ကြပါသည်။

အချို့ဝေဖန်ရေးသမားများမှ ယေရှုသည် ယုဒလူမျိုးအတွက် တစ်ပါးအမျိုးများ၌ ရှိပြီးသား စည်းကမ်းနှင့် ဆိုရိုးများမှ ကောင်းနိုးရာရာ ခိုးယူသည်ဟု စွပ်စွဲကြသည်။ အမှန်တရားသည် ဘုရားသခင်ထံမှ လာခြင်းဖြစ်ပြီး၊ လူသားများအနေနှင့်လည်း အတိုင်းအတာတစ်ခုအထိ နားလည်ပြီးသားဖြစ်ပါသည်။ ဤအရာကို “တစ်ဝက်တစ်ပျက်အမှန်” (Partial Truth) ဟုခေါ်သည်။ အခြားအမျိုးသားများ၌လည်း ဤကဲ့သို့သော အကြောင်းတရားမျိုးရှိကြပါသည်။ သို့ရာတွင် “တောင်ပေါ်တရားတော်” ၌ ကျင့်ကြံနေထိုင်ရန် ဖော်ပြရာ၌ တစ်ပါး အမျိုးသားများ ကဲ့သို့ မဟုတ်၊ အမှန်တကယ် လိုက်လျှောက်ရန် အရေးကြီးသော အချက်များကိုသာ ဖော်ပြပေးပါသည်။ ယုံကြည်သူ ဘုရားသား သမီးများ လိုက်နာရန် အရေးကြီးသော အချက်များကိုသာ တောင်ပေါ်တရားတော်၌ ဖော်ပြထားပါသည်။

၂။ စိတ်နှလုံးတို့ထိရန် အချက်များဖော်ပြခြင်း။
ရှေးယုဒလူမျိုးနှင့် ပရောဖက်များ၊ ယုဒခေါင်းဆောင်များနှင့် သခင်ယေရှု၏ အမြဲတစေ အငြင်းပွားလေ့ရှိသော အကြောင်းဖြစ်ပေသည်။ ရှေးပဝေသဏီမှ စ၍ ယုဒလူမျိုးများသည် စိတ်ခန္ဓာထက် မျက်မြင်လက်တွေ့ကို ဦးစားပေးလေ့ရှိသည်။ ဓမ္မဟောင်းကျမ်းရှိ ပညတ်တော် (၁၀) ပါးဖြင့် မြင်သာသော အပြင် သဏ္ဍာန်ကို ဦးစားပေးဖော်ပြထားပါသည်။ ယေရှုမူကား အသီးထက် အမြစ်အရေးကြီးသည်။ “ အပြစ်ဖြစ်သော အသီးသည် အမြစ်မှ သန္ဓေတည်ရာမှ စတင်သည်” ဟုဆိုသည်။ တစ်နည်းအားဖြင့် အကျင့်တရားသည် အပြင်မှ အထဲကို ဆွဲခေါ်လာသည်။ “ကောင်းသော အကျင့်ဖြစ်သော ကောင်းသော အသီးလိုပါက ကောင်းသော အပင်အရင်ဖြစ်ပါစေ” ဟုဆိုလိုခြင်းဖြစ်သည်။ သူ ဘာလုပ်၍ မည်ကဲ့သို့ ကျင့်ကြသည် ဆိုသည်ထက် သူသည် မည်သူဖြစ်သည်က ပို၍ အရေးကြီးသည်။ သစ်ပင်တစ်ပင်သည် အဘယ်အသီး သီးသည် ဆိုခြင်းထက် မည်ကဲ့သို့ သော အပင်ဖြစ်သည် ဆိုသည်မှာ အရေးကြီးသည်။ အခြားဘာသာများထက် ခရစ်ယာန် ဘာသာ၏ မွန်မြတ်ခြင်း သည် “စိတ်နှလုံးခံစားချက်” အဓိကထားခြင်းပင်ဖြစ်သည်။ “အကျင့်ကောင်းမွန်သူ” ဆိုခြင်းထက် “စိတ်နှလုံး သိမ်မွေ့သောသူ” ဟုခေါ်ဝေါ်ခြင်းသည် ယုံကြည်သူ ခရစ်ယာန်များ၏ မြင့်မြတ်ခြင်း ဖြစ်ပေသည်။

၃။ တစ်ကမ္ဘာလုံးခြုံ၍ဆုံးမသည်
သခင်ယေရှုသည် တောင်ပေါ်တရားတော် ဟောကြားရ၌ လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံ တစ်နိုင်ငံ တည်းကို မရည်ရွယ်၊ ကမ္ဘာတစ်ခုလုံးကို ခြုံ၍ ရည်ရွယ်ဟောကြားခြင်းဖြစ်သည်။ လူမျိုးတကာအတွက် အသက်ရှင် နေထိုင်ရန် ဆုံးမခြင်းဖြစ်သည်။ ကျေးဇူးတော် (၈) မျိုး၊ ဆုတောင်းနည်း နှင့် တောင်ပေါ်တရားတော် တစ်ခုလုံး သည် အစ၌ ယုဒလူမျိုးများအတွက်သာဖြစ်သည်ဟု ထင်ရသော်လည်း များမကြာမှီ တစ်ကမ္ဘာလုံး၏ ဘုံပိုင်ဖြစ်လာ ခဲ့ည်။ မယုံကြည်သူ၊ ခရစ်ယာန် မဟုတ်သူများပင်လျှင် “တောင်ပေါ်တရားတော်သည် ခရစ်ယာန် များအတွက် သာမက လူမျိုးတကာ အတွက်ဖြစ်သည်” ဟုဆိုကြသည်။

၎။ တောင်ပေါ်တရားတော်၏အဓိကဦးတည်ချက်
တောင်ပေါ်တရားတော်သည် မည်သူတို့ကို ဦးတည်ရေးသား သည်ကို မသိပါက ဆိုလိုရင်းကို နားလည်ရန် ခက်ခဲပါလိမ့်မည်။ မည်သူတို့ကို ရည်ရွယ်ရေးသားသည်ကို အောက်ပါအတိုင်း အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။

(က) တောင်ပေါ်တရားတော်သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်သည် ဟု တစ်ချို့က ယူဆကြသည်။ ဤသို့ ယူဆသူများထဲမှ ရုရှားစာရေးဆရာ (Leo Tolstoy) သည် တစ်ဦးဖြစ်ပါသည်။ တောင်ပေါ်တရားတော်ကို အခြေခံ၍ အုပ်ချုပ်ရေး၊ လူမှုဆက်ဆံရေးကို တည်ဆောက်မည်။ တိုင်းပြည်အုပ်ချုပ်ရာတွင် တောင်ပေါ်တရားတော်ကို အခြေခံပြီး အုပ်ချုပ်ပါက စစ်တိုက်ခြင်းမလို၊ တရားရုံးထားရန် မလို၊ ဤကမ္ဘာသည် အေးချမ်းသော ကမ္ဘာဖြစ်မည်။ ထို့ကြောင့် သူသည် “စစ်တိုက်ခြင်းနှင့် စစ်ပြေငြိမ်းခြင်း” (War and Peace) ဆိုသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။ သူ၏ ရည်ရွယ်ချက် သည် စစ်တိုက်ခြင်း ဟူသမျှ ကွယ်ပျောက်စေရန် “တောင်ပေါ်တရားတော်” ကို အခြေခံ၍ ရေးသားထားပါသည်။

Leo Tolstoy ရေးသားသော “စစ်တိုက်ခြင်း နှင့် စစ်ပြေငြိမ်းခြင်း” စာအုပ်ကို ဖတ်သူ အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင် မဟတ္တမဂန္ဓီ ၏စိတ်နှလုံးကို တို့ထိပါသဖြင့် တောင်ပေါ်ဒေသနာကို အလေးအနက် ထားပြီး၊ ယုံကြည်လက်ခံသည်။ တောင်ပေါ် ဒေသနာတရားတော် အတိုင်း လိုက်လျှောက်နိုင်ပါက ခရစ်ယာန်ဖြစ်ရန် မလိုတော့ပါ။ တောင်ပေါ်တရားတော်သည် ငါ၏ သမ္မာကျမ်းစာဖြစ်သည် ဟုဆိုသည်။ ယနေ့ လူဦးရေသန်းထောင် ဂဏန်းရှိသော အိန္ဒိယနိုင်ငံသည် အင်္ဂလန် အစိုးရ၏ လက်မှ လွတ်လပ်ရေး ရယူနိုင်ခြင်းမှာ စစ်တိုက်ခိုက်၍ မဟုတ် “နူးညံ့သိမ်မွေ့ခြင်း” (None Violence) နည်းဖြင့် လျှောက်လှမ်းရာ အောင်မြင်မှု ရခဲ့ပါသည်။ သူ၏ ၀ါဒလမ်းစဉ်မှာ “တောင်ပေါ်တရားတော်” သာလျှင်ဖြစ်သည်။

၁၉၃၃ ခုနှစ်၊ ဂျာမဏီနိုင်ငံတွင် ဟစ်တလာသည် ယုဒလူမျိုး ခရစ်ယာန် များကို နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဂျာမဏီ နိုင်ငံမှ ခရစ်ယာန်များ နှစ်ခြမ်းကွဲလာသည်။ တစ်ခြမ်းသည် ဟစ်တလာထောက်ခံသူများနှင့် တစ်ခြမ်းသည် ဟစ်တလာဆန့်ကျင်သူများဖြစ်သည်။ ဟစ်တလာဆန့်ကျင်သူများ ထဲမှ နာမည်ကြီးပုဂ္ဂိုလ် တစ်ဦးမှာ ဒိုင်းရစ်ဘွန်ဟိုဖါ (Dietrich Bonhooffer) ဖြစ်သည်။ သူသည် မဟတ္တမဂန္ဓီကဲ့သို့ စစ်လက်နက် အသုံးမပြု၊ အေးချမ်းစွာ အနိုင်ယူလိုသူ ဖြစ်သည်။ သို့ရာတွင် မဟတ္တမဂန္ဓီ ကဲ့သို့ အခွင့်အရေး မရရှိမှီ ၁၉၄၅ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့၌ ကြိုးမိန့်ပေးခြင်း ခံရသည်။ ဘွန်ဟိုဖါသည် တောင်ပေါ်တရားတော် အတိုင်း ခရစ်ယာန်များ လိုက်နာစေလိုသည်။ တောင်ပေါ် တရားတော်၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စာအုပ်တစ်အုပ်လုံးကို ရေးသားရာ “နောက်လိုက်တမန်တော်များအတွက်” ဟုနာမည်ပေးထားသည်။

လွန်ခဲ့သော အနှစ် (၁၀၀) ခန့်မှ စ၍ အမေရိကန်နိုင်ငံ၌ လူဖြူလူမဲ ပြဿနာ၊ လူမျိုးခွဲခြားရေးပြဿနာ အကြီးအကျယ် ရှိခဲ့ဘူးပါသည်။ အာဖရိကတိုက်မှ ကျွန်အဖြစ်ဖမ်းဆီးခံရသော နီဂရိုးများသည် လွတ်လပ်ရေး ရသော်ငြားလည်း ကဲ့ရဲ့ ညှင်းပန်းနှိပ်စက်ခြင်း ခံရသူထဲမှ နာမည်ကြီးခေါင်းဆောင်တစ်ဦးမှာ ဒေါက်တာ မာတင်လူသာကိန်း ဖြစ်သည်။ အသားမဲ တစ်ချို့ လက်နက်ဆွဲကိုင်ပြီး တော်လှန်ရန် ကြိုးစားနေချိန်တွင် နူညံ့သိမ်မွေ့သော နည်းလမ်းကို အခြေခံပြီး လူထုကို ဦးဆောင်ခဲ့သည်။ ၁၉၅၅-၁၉၅၆ ခုနှစ်များ၌ Alabama ပြည်နယ်၊ Montgomery မြို့၌ နီဂရိုးများ ဘတ်စ်ကား မစီး၊ ခြေလျင်လျှောက်သွားကြသည်။ ဤကဲ့သို့ ပြုမူခြင်း အားဖြင့် မျက်နှာဖြူများ စိတ်ထိခိုက်စေခဲ့သည်။ မာတင်လူသာကိန်း၏ အဆိုမှာ “ငါတို့မျက်နှာဖြူများကို မမုန်းပါ၊ ရန်မူရန် မဟုတ်၊ ငါတို့၏ ရန်သူသည် မျက်နှာဖြူများမဟုတ်၊ သူတို့အထဲ၌ရှိသော စိတ်နေသဘောထား သာလျှင်ဖြစ်သည်။ မကောင်းမှုကို မကောင်းမှုနှင့် ပင် အနိုင်မယူနိုင်ပါ” ဟုတောင်ပေါ်တရားတော်ကို အခြေခံ၌ တော်လှန်ပါသည်။

အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးများသည် လူတစ်ဦးစီမှ တောင်ပေါ်တရားတော် အတိုင် လိုက်လျှောက်ရန် အားပေးသူများ ဖြစ်သည်။ သူတို့ကိုယ်တိုင် လိုက်လျှောက်ကြသည်။ အဆိုးကို အဆိုးနှင့် အကြမ်းကို အကြမ်းနှင့် မတုန့်ပြန်ဘဲ၊ အနုနည်းနှင့် သာ ခုခံကြသည်မှာ အသက်စွန့်သည့် တိုင်အောင် ဖြစ်ကြသည်။ မဟတ္တမဂန္ဓီ၊ ဘွန်ဟိုဖါ နှင့် မာတင်လူသာကိန်း တို့သည် သူများ လက်ချက်ဖြင့် ဘ၀နိဂုံးချုပ်ရသူများဖြစ်ကြသည်။

(ဂ) တောင်ပေါ်တရားတော်ကို မုန်းတီးသောအဖွဲ့များလည်းရှိသည်။ မုန်းတီးသူများ နှစ်ခြမ်းထပ်ကွဲသည်။
တစ်ချို့ပုဂ္ဂိုလ်များသည် တောင်ပေါ်တရားတော်သည် အလွန်ပြင်းထန်၍ လိုက်နာရန် မလွယ်ကူ၊ စေခိုင်းချက်များ သည်လည်း မည်သူကမျှ လိုက်နာနိုင်မည် မဟုတ်ဟု ခံယူကြသည်။ “သင်၏ပါးတစ်ဖက်ကို သူတစ်ပါး ပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ ပေးဦးလော့။ သင်တို့ကို တစ်တိုင် သွားစေ၏။ နှစ်တိုင် သွားဦးလော့၊ သင့်အင်္ကျီ ကိုယူလိုသော သူကို သင့်ဝတ်လုံကိုလည်း ယူစေ” ဟူသောခိုင်းစေချက်များကို မည်သူက လိုက်နိုင်မည်နည်း။ အဘယ်ကြောင့် ယေရှုသည် လူမလိုက်လျှောက်နိုင်သော အရာကို ခိုင်းစေသနည်းဟု အံ့သြသူများလည်း ရှိသေးသည်။

တစ်ချို့ပုဂ္ဂိုလ်များသည် တောင်ပေါ်တရားတော် အတိုင်း လိုက်လျှောက်ခြင်းသည် ပျော့ညံ့ရာရောက်သည်။ ယောင်္ကျားအလုပ် မဟုတ်၊ လူစဉ်မမှီသူများ အတွက်သာဖြစ်သည်။ ဤကဲ့သို့ လိုက်လျှောက်ပါက ပျော့ညံ့သော ခရစ်ယာန်များသာဖြစ်ရပါမည် ဟု ခံယူထားကြသည်။ ဤကဲ့သို့ ခံယူသူများ အနက် နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးမှာ ဖရက်ဒရစ်နစ်ချေ (Frederich Nietache) ဖြစ်သည်။

ဖော်ပြပါပုဂ္ဂိုလ်များက တောင်ပေါ်တရားတော်ကို လိုက်နာရန် မစဉ်းစားနိုင်ကြ။ ခက်ခဲသည် ပျော့ညံ့လွန်းသည် ဟု ခံယူကြသည်။

____________________

– ဆက်ရန် –

မှတ်ချက်။ သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း ရေးသားသော တောင်ပေါ်တရားတော် မှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။