သမ္မာကျမ်းစာအုပ်တွင် ယောရှု ၏ နာမည်ကို ထွက်မြောက်ရာကျမ်း ၁၇း၉ တွင် ပထမ ဆုံးအနေနှင့် တွေ့မြင်နိုင်သည်။ ဟေဗြဲ ဘာသာစကား အရ ယောရှု ဟူသော နာမည်၏ အနက် အဓိပ္ပါယ်မှာ “ကိုယ်တော် သည် ကယ်တင်ရှင် ဖြစ်သည် (The Lord is Salvation)” ဟူ၍ ဖြစ်သည်။ ဂျူးလူမျိုးများအတွက် ယနေ့ အစ္စရေးလ် နိုင်ငံ တည်ရာ အရပ်ဒေသ ကို ခါနန် လူမျိုးများ ထံမှ သိမ်းပိုက် တိုက်ခိုက် ခဲ့သော စစ်သူရဲကောင်း သို့မဟုတ် စစ်ဗိုလ်ချုပ်ကြီး ဖြစ်ပြီး ထိုစဉ်အခါ က ခါနန် လူမျိုးများအတွက် ကြောက်လန့် တုန်လှုပ်ဖွယ်ကောင်းသော၊ ရက်စက် ကြမ်းကြုတ်သော လူ့ဘီလူး၊ ရန်သူ စစ်ခေါင်း ဆောင်တစ်ယောက်ဖြစ်သည် ။ ယောရှု မှတ်စာ တွင် ယောရှု နှင့် ပတ်သက်သည့် အသွင်၊ အပြင် လက္ခဏာ အချို့ကို လေ့လာ ကောက်ချက်ချရမည် ဆိုလျှင် –
“. . . ယောရှုသည်လည်း အာဣမြို့ကို မီးရှို့၍၊ ယနေ့တိုင်အောင် ထာဝရဖျက်ဆီးရာအမှိုက်ပုံ ဖြစ်စေ၏။ (ယောရှု ၈း၂၆)
“. . . ယောရှုထံသို့ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့်အတူ စစ်ချီသောဗိုလ်မင်းတို့နှင့် ဣသရေလ လူအပေါင်းတို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်ကြီးတို့၏ လည်ကုပ် အပေါ်၌ခြေကိုတင်ကြ၏။ ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူအပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူမည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊ ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင်ငါးပင်တို့၌ဆွဲထားလေ၏။ (ယေရှု ၁၀း၂၄-၂၆)
ယောရှု မှတ်စာထဲမှ ဤ အဖြစ်အပျက် များကို ကြည့်လျှင် ခါနန် လူမျိုး များကို လူမျိုး ပြုန်းတိုက်ခိုက်၊ သတ်ဖြတ်ခြင်း ခံရသည်၊ အစုလိုက် အပြုံလိုက် သုတ်သင်ရှင်းလင်း ခြင်း ခံရသည်ဟု ထင်မြင်စရာ ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာ ၏ အဓိကဖော်ပြလိုသည့် အနက်သည် ထိုသို့ မဟုတ်ဘဲ ၀ိညာဉ်ရေး တိုက်ပွဲ အဖြစ် အဓိက ချယ်မှုန်းထားသည်ကို တွေ့ရသည်။ နောဧ ခေတ်က ကမ္ဘာတခွင်လုံးကို ရေနှင့် ဆေးကြော သန့်စင် လိုက်သည့် အဖြစ်အပျက် နှင့် အလားသဏ္ဍန်ဆင်သည့် ၀ိညာဉ်ရေး တိုက်ပွဲ ဖြစ်သည်။ မည်သို့ဆိုစေ ယောရှုသည် ဂျူး သမိုင်း တစ်လျှောက်လုံး၏ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး မသတီ စရာ အကောင်းဆုံး သော သမိုင်းမှတ်တိုင်များ ကို ဖြတ်သန်းခဲ့စဉ်အချိန်တွင် ဂျူးလူမျိုး တစ်ရပ်လုံးကို ဦးစီး ဦးဆောင် ပြုခဲ့သည့် ခေါင်းဆောင်ကြီး ဖြစ်သည် ဆိုသည့် အချက်ကို မည်သို့မျှ ငြင်းပယ် ၍မရပါ။
သတ်ရသောအချိန်
“. . . သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏၊၊ ဖြိုဖျက်ရသော အချိန်နှင့် တည်ဆောက်ရသော အချိန်လည်း ရှိ၏၊ (ဒေသနာ ၃း၃)။

အာဣ မြို့ကိုသိမ်းပိုက်ခြင်း
မောရှေသည် အီဂျစ် နိုင်ငံတွင် ကျွန်ပြုခံရသော ဂျူးလူမျိုးများကို ကယ်တင်ရန် ပြန်ဝင်လာစဉ်တွင် ယောရှုသည် အစေခံ ကျွန်တစ်ယောက်ဖြစ်ခဲ့ပြီး
သူ ၏ နာမည်သည် သြရှေ ဖြစ်ခဲ့သည် (တော ၁၃း၈)။ နောင်တွင် မောရှေ က သူ၏ အမည်အား ယောရှု အဖြစ်သို့ ပြောင်းလိုက်သည် (ဒေသနာ ၁၃း၁၆)။ သြရှေ ၏ အနက် အဓိပ္ပါယ် မှာ “ကယ်တင်ခြင်း (Salvation)“ ဖြစ်ပြီး ယောရှု ၏ အနက် အဓိပ္ပါယ်မှာ “ကိုယ်တော် သည် ကယ်တင်ရှင် ဖြစ်သည် (The Lord is Salvation)” ဖြစ်သည်။ ထွက်မြောက်ရာကျမ်း ၁၇း၉ တွင် ယောရှု ကို ပထမ တွေ့ရှိ ရပြီး ထိုအချိန် ကတည်းမှ စပြီး စစ်သူရဲကောင်း တစ်ယောက် အနေနှင့် ပုံဖော်ရေးသားထားသည်ကို တွေ့ရသည်။ ထိုအချိန်တွင် ယနေ့ အစ္စရေးလ် နိုင်ငံ တောင်ဖက်ခြမ်း ဒေသကို ကျူးကျော် ၀င်ရောက်လာသော ဂျူးလူမျိုး များနှင့် အမလက် လူမျိုးတို့အကြား ဖြစ်ပွါးသော စစ်ပွဲတွင် ယောရှုက ဂျူးစစ်တပ်ကို ဦးဆောင်တိုက်ခိုက်သည် ဟု ဖော်ပြရေးသား ထားသည်။ ထိုစစ်ပွဲတွင် မောရှေ က တောင်ပေါ်တွင် ဘုရားသခင်၏ လှံတံတော် ကို လက်ဖြင့် မြှောက်၍ ရပ် ပြီး၊ ဟုရ နှင့် မောရှေ၏ ညီ အာရုန် တို့က မောရှေ ၏ လက်ညောင်းသော အခါ တဖက်တချက်စီ ကို မ ပေးသည်။ အဘယ်ကြောင့် ဆိုသော် မောရှေ လက်ညောင်း၍ ကျသော အခါ ယောရှု ဦးဆောင်သော ဂျူး စစ်တပ် စစ်ရှုံးပြီး မောရှေ၏ လှံတံတော် ကို ကိုင်ထားသော လက် မြှောက်သော အခါ စစ်နိုင်သောကြောင့် ဖြစ်သည်။
အီဂျစ် နိုင်ငံ မှ ထွက်လာသော ဂျူးလူမျိုးများ ခါနန် နယ်စပ် တောင်ပိုင်းအရပ် ဒေသကို ရောက်သော အခါ ခေါင်းဆောင် မောရှေက ခါနန် လူမျိုးများနှင့် နယ်မြေ ကို စနည်းနာ ရန် တနည်းအားဖြင့် သူလျှို လုပ်ရန် သန်မာ ဖြတ်လတ်သူ၊ ယောရှု အပါအ၀င် ၁၂ ယောက်ကို စေလွှတ်ခဲ့သည်။ ထို ၁၂ ယောက်မှ ၁၀ ယောက် က ခါနန်လူမျိုးများသည် ထွါးကြိုင်း သန်မာ ကြပြီး မြို့ရိုးတို့သည် ခိုင်ခန့်ကြသဖြင့် ခါနန် ပြည်ကို ၀င်ရောက် တိုက်ခိုက်ခြင်း မပြုရန် အဆိုပြုပြီး၊ ယောရှုနှင့် ကာလက် တို့ ၂ ယောက်ကသာ ၀င်ရောက်သိမ်းပိုက်ရန် အဆိုပြုသည်။ ထိုအချိန် နောက်ပိုင်း ဂျူး လူမျိုးများသည် နှစ်ပေါင်း ၄၀ တိုင်အောင် တောထဲတွင် တ၀ဲ လည်လည် သွားလာသက်ရှင်ခဲ့ကြသည်။ နှစ် ၄၀ တောထဲတွင် မျက်စိလည် လမ်းမှား ဖြစ်ပြီး နောက်ဆုံး ဘုရားသခင် ကတိထားတော်မူရာ ခါနန် ပြည် နယ်စပ် ဂျော်ဒန် မြစ်ကို ရောက်လာကြသည်။ ယနေ့ ဂျော်ဒန် နိုင်ငံ ၏ တခုသော နေရာတွင် မောရှေ ကွယ်လွန်သည်။ မသေခင်တွင် ယောရှု အား ဘုရားသခင် ကတိပေးတော်မူသော နယ်မြေ ကို သိမ်းပိုက်ရန် ခေါင်းဆောင်မည့် သူအဖြစ် တာဝန်ပေးခဲ့သည်။
ယောရှုသည် ဘုရားသခင် ရွေးကောက်သော သူဖြစ်ကြောင်း ထူးဆန်းသည့် နိမိတ်လက္ခဏာ များကို သမ္မာကျမ်းစာ တွင်တွေ့နိုင်သည်။ ဘုရားသခင်သည် မောရှေ ၏ ခေါင်းဆောင်မှုတွင် ပင်လယ်နီ ကို ခွဲပြီး ဂျူးလူမျိုးများ ကို ဖြတ်ကူးခွင်ပေး ခဲ့သကဲ့သို့ ယောရှု၏ ခေါင်းဆောင်မှုတွင် ဂျော်ဒန် မြစ်ရေ ကို ရပ်တန့်စေ ပြီး ဖြတ်ကူးခွင့် ကိုပေးခဲ့သည် (ယောရှု ၃)။ ဘုရားသခင်သည် မောရှေကို မီးဖြင့် တောက်လောင်သော ချုံပင် ကို တွေ့မြင်စေပြီး စကားပြော သကဲ့သို့၊ ယောရှု အား ထာဝရဘုရားသခင်၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး နှင့် တွေ့မြင် စေ ခဲ့သည် (ယောရှု ၅း၁၃)။
ယောရှုသည် စစ်ဗိုလ်ချုပ်၊ တစ်ယောက်ဖြစ်သည့် အပြင် ဘုရားသခင်၏ တမန်တော် လည်းဖြစ်သည်။ စည်းကမ်း အလွန်ကြီးသူ၊ အမိန့်ကို တဝေမတိမ်းလိုက်နာသူ၊ လိုက်လျှောက်သည့် ခေါင်းဆောင် ဖြစ်သည်။ အာခန်သည် လောဘ ရမ္မက်ကြောင့် ဘုရားသခင် ကျိန်အပ်သော အရာတို့ကို မိမိ အတွက် ဖွက်ထား ခြင်းကြောင့် အာဣ မြို့ကို ပထမအကြိမ် တိုက်ခိုက်စဉ် စစ်ရှုံးသဖြင့်၊ ယောရှု သည် အာခန် နှင့် တဆွေလုံး တမျိုးလုံး အပြင် သူ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်း အားလုံး ကို ဖျက်ဆီးပစ် သည် (ယောရှု ၇)။
ယနေ့ အစ္စရေးလ် နိုင်ငံ တည်ရှိရာ ဒေသကို ယောရှု ၏ ဦးဆောင် လာသောဂျူးလူမျိုး များ က သိမ်းပိုက် ရယူရန် ယနေ့ ဂျော်ဒန် နှင့် ဆီးရီးယား နိုင်ငံ နယ်စပ် တ၀ိုက်မှ စတင်ပြီး နည်းဗျူဟာ အပိုင်း ၄ ပိုင်း ဖြင့် စနစ်တကျ ၀င်ရောက် သိမ်းပိုက်ခဲ့ကြသည်။
၁။ ဂျော်ဒန်ကိုသိမ်းပိုက်ခြင်း။
ဂျော်ဒန် နိုင်ငံ ၏ နယ်နမိတ် အတွင်းကျရောက်သည့် အရပ်ဒေသကို ငြိမ်းချမ်းစွာ ဖြတ်သန်း ခွင့် တောင်းခဲ့သော်လည်း ဒေသခံ များက ခွင့်မပေးခဲ့ချေ။ ထို့ကြောင့် ဂျူးလူမျိုးများက စစ်ရေး အားဖြင့် တိုက်ခိုက် ပြီး၊ ဂျော်ဒန် အရပ်ဒေသ ၏ အကောင်းဆုံးသော စားကျက်နယ်မြေများကို သိမ်းပိုက်လိုက်သည်။ ထိုအရပ် ဒေသ ကို ဂျူးအမျိုး ၁၂ အမျိုး အနက် ရုဗင် အမျိုး၊ ဂဒ် အမျိုး နှင့် မနာရှေ အမျိုး တ၀က် တို့အား အပိုင် ပေးလိုက်သည် (ယောရှု ၁၂း၆) ။ တောင်ဖက်ဆုံး ဒေသဖြစ်သော ပင်လယ်သေ ကမ်းရိုးတမ်း တလျှောက် နှင့် အရှေ့ ဖက်ခြမ်း ကို ရုဗင် အမျိုး၊ အလယ်ပိုင်း ဒေသကို ဂဒ် အမျိုး အား ၄င်း၊ ဂါလိလဲ ကမ်းခြေမှ ဟာမုန် တောင် အထိ ကျယ်ပြန့်သော မြောက်ဖက်ဆုံး ဒေသကို မနာရှေ အမျိုး တ၀က်တို့ အားပေးလိုက်ခြင်းဖြစ်သည်။
၂။ ခါနန် နိုင်ငံ၏တောင်ဖက်ခြမ်းကို သိမ်းပိုက်ခြင်း
ဂျူးလူမျိုးများသည် ဂျော်ဒန် မြစ်ကို ဖြတ်ကူး လာကြပြီး ဘုရားသခင် ကတိပေးထားသော နယ်မြေ ကို ၀င်ရောက် လာကြသော အခါ နယ်စပ် တွင်တည်ထားသည့် ယေရခေါ မြို့ကို ပထမသိမ်းပိုက် ဖျက်ဆီး လိုက်သည်။ ယေရခေါ မှတဆင့် တောင်ကုန်း အရပ်ဒေသ များသော ခါနန်နိုင်ငံ ၏ တောင်ဖက် တခွင် ကို တဆင့်ပြီးတဆင့် သိမ်းပိုက်သည်။ ဂျူးစစ်တပ်တွင် ခြေလျင် တပ်သားများ သာ ရှိပြီး မြင်းစီးတပ် နှင့် မြင်းနှင့် ဆွဲသော မြင်းရထား တပ်များမရှိသေး ခြင်းကြောင့် တောင်ကုန်း အရပ်ဒေသ များကို ဦးစွာ တိုက်ခိုက်ခြင်း ဖြစ်သည်။ မြေပြန့် လွင်ပြင် တိုက်ပွဲများတွင် မြင်းတပ် နှင့် မြင်းရထား တပ်များကို ဂျူးတို့၏ ခြေလျင် တပ်ဖြင့် အနိုင်ယူရန် လွယ်ကူမည် မဟုတ်ကြောင်း သေချာ တွက်ချက် ခဲ့ပုံ ရသည်။ ရုတ်တရက် အငိုက်ဖမ်း ပြီး လျင်မြန်စွာ တိုက်ခိုက်သည့် နည်းစနစ်သည် ဂျူးစစ်တပ် ကြိုက်နှစ်သက်သည့် စစ်ဆင်ရေး နည်းဗျူဟာ ဖြစ်ခဲ့ပုံ ရပါသည်။ ယေရခေါ မြို့ ထက် ပို၍ကြီးပြီး မဟာဗျူဟာ ကျသော၊ ရန်သူ မဟာမိတ် ၅ နိုင်ငံ တပ်ဆွဲသည့် ဂိဗောင် မြို့ကို သိမ်းပိုက်စဉ်က ဂျူးစစ်တပ် သည် တညလုံး ချီတက်ပြီး ရန်သူ အငိုက်ဖမ်း ကာ လျှပ်တပျက် အနိုင်ယူခဲ့သည်။
၃ ။မြောက်ဖက် ဂါလိလဲ အထိ သိမ်းပိုက်ခြင်း။
တတိယ အဆင့် အနေဖြင့် ဂါလိလဲ အရပ်ဒေသ နှင့် မြောက်ခြမ်း တခွင်ကို ဆက်လက် သိမ်းပိုက်ခြင်း ဖြစ်သည်။ ဤ အဆင့်တွင် အနည်းဆုံး ရန်သူ ၁၂ လူမျိုး တို့နှင့် ဖွဲ့စည်းထားသော မဟာမိတ် တပ်ကြီး များကို ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်။ ဤ တိုက်ပွဲတွင် ရန်သူ မဟာမိတ် တပ်များ အသုံးပြုသော မြင်းနှင့် မြင်းရထား အလွန့် အလွန် များပြားခဲ့သည်။ သို့သော် ယောရှု သည် ထောင်နှင့် ချီသော များပြားလှသည့် ဤ မြင်းတပ် နှင့် မြင်းရထားတပ် များကို သူ၏ အငိုက်ဖမ်း၊ အလစ်ချောင်း လျှပ်တပျက် နည်းဗျူဟာ ဖြင့်ပင်တိုက်ခိုက် အနိုင်ယူခဲ့သည်။
၎။ အကြွင်းအကျန်များကို သန့်စင်ခြင်း။
ကတိတော် နယ်မြေ အားလုံး သိမ်းပိုက် ပြီးသောအခါ စတုတ္ထအဆင့် အနေဖြင့် သိမ်းပိုက်ထားနယ်မြေ အတွင်း ကျန်ရှိနေသေးသော ရန်သူ အကြွင်းအကျန်များ ကို ကျု ပင်ခုတ် ကျု ငုတ်မကျန် ဆိုသလို သုတ်သင် ရှင်းလင်း ခြင်း၊ သန့်စင်ခြင်း ကိုဆက်လက် ပြုလုပ်သည်။ ယောရှုသည် ဤ အဆင့်တွင် ဂျူးအမျိုး အသီးသီး တို့အား မိမိတို့ အပိုင် ရထားသည့် နယ်မြေအသီးသီးတွင် တာဝန်ပေး လုပ်ဆောင်စေသည်။
တည်ဆောက်ရသော အချိန်။
“. . . သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏၊၊ ဖြိုဖျက်ရသော အချိန်နှင့် တည်ဆောက်ရသော အချိန်လည်း ရှိ၏၊ (ဒေသနာ ၃း၃)

ငါနှင့်ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်
သူဘ၀၏ နောက်ဆုံးသော နေ့ရက်ကာလ များကို ရောက်သော အချိန်တွင် ယောရှု သည် ရှေခင် မြို့ ၌ ဣသရေလ လူမျိုး အသီးသီး တို့အား ဖိတ်ခေါ် ပြီး ဘုရားသခင် ကို အကြွင်းမဲ့ ၀တ်ပြု ကိုးကွယ်ပါမည် ဟု ပဋိညဉ် ပြုစေသည် (ယောရှု ၂၄)။ ထိုနေ့တွင် သူသည် ဣသရေလ လူမျိုး တို့အား ဘုရားသခင် မည်ကဲ့သို့ ကောင်းကြီးပေးခဲ့ကြောင်း အာဗြဟံ မှသည် သမိုင်း အဆက်ဆက် ကို ဖော်ပြ လျက် ဘိုးဘေး အစဉ်အဆက် ၀တ်ပြု ကိုးကွယ်ခဲ့သော ဘုရားသခင် ကိုသာ သစ္စာရှိရှိ ကိုးကွယ် ရန် တိုက်တွန်းသည်။ အကယ်၍ အခြားဘုရား တပါးပါး ကို ကိုးကွယ် ၀တ်ပြုချင် သည်ဆိုလျှင် ပြတ်ပြတ်သားသား ဆုံးဖြတ်ရန်၊ သူ ကိုယ်တိုင် နှင့် သူ၏ မိသားစု များမှာ ဘုရားသခင်ကိုသာ သစ္စာမပျက် ကိုးကွယ်မည် ဟု ပြတ်ပြတ်သားသား ကြေငြာပြီး စိမ်ခေါ် ခဲ့သည်။ “. . . ငါနှင့်ငါ့အိမ်သား ဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည် . . .(ယောရှု ၂၄း၁၅)” ။ ယောရှု ၏ စိမ်ခေါ်ချက် ကြောင့် ထိုနေ့တွင် ဣသရေလ လူမျိုး တို့သည် ဘုရားသခင် ကိုသာ ၀တ်ပြုကိုးကွယ်ပြီး ရုပ်တု ဆင်းတု ကိုးကွယ်ခြင်း ကို စွန့်လွှတ်ပါမည် ဟု သစ္စာဆိုခဲ့ကြသည်။ ထိုနောက် ယောရှု နှင့် ဣသရေလ လူမျိုး အသီးသီး တို့သည် မိမိတို့ နေရပ် ဒေသ အသီးသီးသို့ ပြန်ကြပြီး မကြာမမြင့် ခင်တွင် ယောရှု သေဆုံးခဲ့သည်။ သေဆုံးသည့် အချိန်တွင် အသက် ၁၁၀ ရှိသည် (ယောရှု ၂၄း၂၉)။ သူ၏ ရုပ်ကြွင်း ကို အစ္စရေးလ် နိုင်ငံ၏ အလယ်ပိုင်း ဒေသတွင် ရှိသည့် ကုန်းမြေမြင့် အရပ်ဖြစ်သော ဧဖရိမ် တောင်ပေါ်တွင် သဂြိုလ်ခဲ့ကြသည်။
သူ၏ ဘ၀ တစ်ခုလုံးကို ခြုံ၍ ကြည့်လျှင် အီဂျစ်နိုင်ငံတွင် ကျွန်အဖြစ် မွေးဖွားခဲ့သော ကျွန် ယောရှု၊ မောရှေ၏ ယုံကြည် အားကိုး ခြင်းကို ခံရသော ဗိုလ်ချုပ်ကြီး ယောရှု၊ ဘုရားသခင်ကို အကြွင်းမဲ့ သံသယကင်းစွာဖြင့် ယုံကြည် သောအားကိုးသော ယုံကြည်သူ ငယ်သားကောင်း ယောရှု၊ ဘုရားသခင် ကို သေသည် အထိ အိမ်သူအိမ်သားများနှင့် တကွ သစ္စာမပျက် ကိုးကွယ် သော တမန်တော် ယောရှု ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပေသည်။
သောင်းနိုး
Ref:
(1) Who’s who and where’s where in the Bible
(2) Holy bible