က။ အခြေပြုမှတ်တမ်းတင်သည့်အချက် (The Statement of Doctrine)
ဘုရားသခင် သည် တစ်ဆူတည်း ဖြစ်သော်ငြား လည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် တည်းဟူသော ပုဂ္ဂိုလ်သုံးပါးအနေဖြင့် ထင်ရှားဖော်ပြ နေပါသည်။ ပုဂ္ဂိုလ်သုံးပါး ဟုဆိုရာ၌ ကျွန်ုပ်တို့ လူသားတို့ နားလည်သော ပုဂ္ဂိုလ်သုံးဦး၊ သုံးယောက်ကို ဆိုလိုခြင်း မဟုတ်ပေ။ သုံးပါးအနေဖြင့် ထင်ရှားဖော်ပြခြင်းဖြစ်ပြီး တစ်ဆူတည်းသာ ဖြစ်သည်။
အမှန်အားဖြင့် ဤအချက်သည် အလွန်နက်နဲလှပေသည်။ လူသားတို့၏ခွဲခြားပိုင်းခြားတတ်သော ဆင်ခြင်ဥာဏ်အားဖြင့် စဉ်းစားပါက နားလည်ဖို့ရန် လွန်စွာခက်ခဲနေပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဤသို့ ပုဂ္ဂိုလ်သုံးပါးအနေဖြင့် ထင်ရှားပါသော်လည်း တစ်ဆူတည်းသာဖြစ်ကြောင်း သမ္မာကျမ်းက ဖော်ပြထားပါသည်။ (က ၁း၂၆။ မ ၂၈း၁၉)။
ခ။ သမိုင်းအစဉ်အလာအားဖြင့် လက်ခံအတည်ပြုချက် (Historical Statements of Acceptance)
သုံးပါတစ်ဆူ ဟူသောစကားလုံးသည် လက်တင်ဘာသာ Tranitas ဟူသော စကားလုံးမှ ပေါက်ဖွားလာကြောင်း တွေ့ရှိရပါသည်။ A D 240 မှစ၍ ပညာရှိကြီး တာတူလီယံ (Tertullian) စတင်အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ဂရိလူမျိုးပညာရှင်ကြီး သီအိုဖိလပ်စ် (Theophilus) ကလည်း ဂရိဘာသာအားဖြင့် Tnes ဟူ၍ သုံးစွဲခဲ့ရာမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် တည်းဟူသော သုံးပါးတစ်ဆူအဖြစ် အခိုင်အမာ အသုံးပြုလာကြောင်း တွေ့ရှိရပါသည်။
ဤအချက်သည် နက်နဲသောအရာ ဖြစ်သည်။ ထို့ကြောင့် လူတို့၏ ကြံစည်ဥာဏ်အစွမ်းပကားအားဖြင့် နားလည်၍ မရနိုင်ပါ။ သို့သော်ငြားလည်း ခရစ်ယာန်ဟူသမျှသည် ဤ အချက်၌ ငြင်းပယ်ရန် မရှိ၊ အလိုအလျောက် ခေတ်အဆက်ဆက် လက်ခံယုံကြည်ထားကြောင်း တွေ့ရှိရပါသည်။
ဂ။ သမ္မာကျမ်းစာမှသက်သေပြချက် (The Spiritual Proof)
ဓမ္မဟောင်းကျမ်းကို လေ့လာသည့်အခါ ဘုရားသခင်၌ ပုဂ္ဂိုလ်တစ်ပါးထက် ပိုနေကြောင်းတွေ့ရပါသည်။ ဘုရားသခင်သည် သုံးပါးဖြစ်ကြောင်းကို ဤကဲ့သို့ ဖော်ပြလေ့ရှိပါသည်။ “တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့” (က ၁း၂၆)။ အခြားလေ့လာရန် ကျမ်းပိုဒ်များ (က ၁၁း၇၊ ဟေရှာ ၄၈း၁၆၊ ၆၃း၁၀။ ၆၁း၁)။
ဓမ္မသစ်ကျမ်း၌ ပိုမို၍ နားလည်ရပါသည်။ အထူးသဖြင့် လောကီသားများကို အပြစ်မှ ကယ်လွှတ်စေခဲ့ခြင်း၊ သားတော်သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို စေလွှတ်ခြင်း၊ သားတော်သည်လည်း သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို ဥပဇ္ဈယ်ဆရာအဖြစ် စေလွှတ်ခဲ့ခြင်း စသည့် အချက်များတို့၌ ကောင်းစွာနားလည် သဘောပေါက်ရပါသည်။ သေခြင်းကို အောင်မြင်လျက်ကောင်းကင်သို့မတက်မီ ယေရှုခရစ် မိန့်မှာခဲ့သော စကားအားဖြင့်လည်း ခိုင်လုံစွာသက်သေပြနိုင်သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” ဟုဆိုလေသည် (မ ၂၈း၁၉)။ အခြားကျမ်းပိုဒ်များ (လု ၁း၃၅၊ ၃း၂၁၊ ၂၂။ ၁ကော ၁၂း၎-၆၊ ၂ကော ၁၃း၁၄။ ၁ပေ ၁း၂)။
မှတ်ချက်။ ။ ဂျေကော့ပ် ခမ်ခန့်မုန် ပြုစုပြီး ခရစ်ယာန်စာပေသာသနာပြုလုပ်ငန်း မှ ဖြန့်ဝေသော “သမ္မာကျမ်းမှ အခြေခံ သြ၀ါဒများ” စာအုပ်မှ ထပ်ဆင့် တင်ပြထားပါသည်။
You must log in to post a comment.