
“ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသောအစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။” (ဆာ ၁၈း၂)။
သီချင်းစာသား – မာတင်လုသာ (၁၄၈၃ – ၁၅၄၆)
အင်္ဂလိပ်သို့ဘာသာပြန်သူ – ဖရက်ဒရစ်၊ အိပ်ခ်ျ၊ ဟက်ဂ်ျ (၁၈၀၅ – ၁၈၉၀)
တေးရေး – မာတင်လုသာ
ကျမ်းညွန်း – ဆာလံ ၄၆
မာတင်လုသာသည် ဂျာမဏီနိုင်ငံ အိစ်လီဘင်၊ ဆက်ဆိုနီ၌ ၁၄၈၃ ခုနိုဝင်ဘာ (၁၀) ရက်နေ့တွင် မွေးဖွါးသည်။ သူသည် အယ်ဖတ် တက္ကသိုလ်မှ ပညာသင်ကြားအောင်မြင်ခဲ့ပြီးနောက်ပိုင်းတွင် သြဂတ်စတီးနီးယန်း ဘုန်းကြီးဖြစ်လာသည်။ ၀ိတင်ဘတ် တက္ကသိုလ်၌ ဖီလိုဆိုဖီ၊ သီသြလိုဂျီ တို့ကို သင်ကြားသည်။ ၁၅၁၇ အောက်တိုဘာ (၃၁) ရက်နေ့၊ “ပရိုတက်စတင့် ၀ါဒ ဇူလိုင် (၄) ရက်´´ ဟုခေါ်သော နေ့တွင် ဂျာမဏီနိုင်ငံ ၀ိတင်ဘတ် ကသီဒရယ်ကျောင်းတော်ကြီး၌ မာတင်လုသာသည် သူ၏ အချက် (၉၅) ချက်ပါသော စာတမ်းကို ကပ်ထားသည်။ ဤစာတမ်းသည် ရောမအသင်းတော်၏ ကျင့်ထုံးနှင့် သွန်သင်ချက်အမျိုးမျိုးကို ရှုတ်ချဝေဖန်သည်။ ပုပ်ရဟန်းမင်းနှင့် ၄င်း၊ အခြားသော အသင်းတော်ခေါင်းဆောင်များနှင့် ၄င်း၊ ပြင်းထန်သော စိတ်ဝမ်းကွဲပြားမှု နှစ်အတော်အတန်ရှိပြီး နောက်ဆုံး၌ မာတင်လုသာကို ရိုမင်ကာသိုလိပ်အသင်းတော်မှ ၁၅၂၀ ခုနှစ်တွင် နှင်ထုတ်လိုက်သည်။
ပြန်လည်ပြုပြင်ရေးလှုပ်ရှားမှု၏ အကျိုးကျေးဇူးတစ်ခုမှာ အသင်းတော်လူထု သီချင်းဆိုခြင်းကို ပြန်လည် အသက်ဝင်စေခြင်းပင်ဖြစ်သည်။ လုသာ သည် ဓမ္မသီချင်းတေးဂီတများကို အသုံးပြုခြင်းဖြင့် ရရှိသော အကျိုးတရားနှင့် ပတ်သက်၍ လေးလေးနက်နက်သိရှိခံစားနားလည်သူဖြစ်သည်။ သူ၏ခံစားချက်ကို အောက်ပါအတိုင်းဖော်ပြသည်။ “အယူသည်းသောသူ များကဲ့သို့ တေးဂီတကို အထင်အမြင်သေး ခြင်းကို ကျွန်ုပ်မနှစ်မြို့ပါ။ အကြောင်းမှာ တေးဂီတသည် လူတို့၏ တီထွင်ကြံဆမှု အရာတခုမျှသာ မဟုတ်ဘဲ ဘုရားသခင်၏ လက်ဆောင်နှင့် ကျေးဇူးတော် ဖြစ်သောကြောင့်ဖြစ်သည်။ တေးဂီတသည် နတ်ဆိုးတို့ကို နှင်ထုတ်ပြီး လူတို့ကို ၀မ်းမြောက်ရွှင်လန်းစေတယ်။ အမျက်ထွက်ခြင်း၊ မစင်ကြယ်ခြင်း နှင့် အခြားအခြားသော ပရိယယ်များ၊ မကောင်းသော အကြံအစည်များကို မေ့ပျောက်စေတယ်။ ၀မ်းနည်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ပြဿနာအခက်အခဲများ အစပြုရာဖြစ်တဲ့ နတ်ဆိုးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း တေးဂီတအသံတွေကိုကြားရင် ထွက်ပြေးရတယ်´´ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ လူများအထဲရောက်သွားဖို့ ဓမ္မသီချင်းများကို ကျွန်တော်စပ်ဆိုလိုပါတယ်။´´ ဟူ၍၄င်း “ဓမ္မသီချင်းအသုံးဝင်ပုံနှင့် တန်ခိုးကို တိတိကျကျ နားမလည်သောသူတို့ထံ တရားဟောရန်နှင့် သွန်သင်ရန် ကျွန်ုပ်ခွင့် မပြုနိုင်ပါ´´ ဟု သူသည် ရေးသားခဲ့ဘူးသည်။
ပရိုတက်စတင့် လှုပ်ရှားမှု၏ အစွမ်းထက်လှသည့် တစ်ခုတည်းသော ဓမ္မသီချင်းမှာ ဆာလံ ၄၆ ကို အခြေပြုသည့် “ဘုရားသခင်သည် ငါတို့၏ အကွယ်အကာ (A Mighty Fortress Is Our God) ပင်ဖြစ်သည်။ ဤသီချင်းသည် လူတို့၏ စစ်ချီသီချင်း၊ ခွန်အားကိုပေးသောသီချင်းနှင့် မာတုရအဖြစ် အသတ်ခံရသော သူများအတွက် နှိုးဆော်တိုက်တွန်းခွန်အားပေးသော သီချင်းဖြစ်သည်။ ဤသီချင်းကို ဘာသာစကားတိုင်းသို့ ဘာသာပြန်ဆိုပြီး ခရစ်ယာန် ဓမ္မတေးပညာ၌ မွန်မြတ်ပြီ ဂန္တ၀င် စံနမူနာတစ်ခုအဖြစ် မှတ်သားလောက်သော ဓမ္မတေးသီချင်းဖြစ်သည်။
အင်္ဂလန်၌ သောမတ်စ် ကာလာလ်း ၏ ဘာသာပြန်သော သီချင်တို့ကို အများအားဖြင့် အသုံးပြုသောအချိန်၌ ဂျာမဏီနိုင်ငံတွင်မူ ဟားဗတ်တက္ကသိုလ်၏ ပါမောက္ခ တစ်ဦးဖြစ်သူ ဖရက်ဒရစ်အိပ်ခ်ျဟိပ်ဂ်ျ ၏ ဘာသာပြန် သီချင်းများကို အများအားဖြင့် အသုံးပြုလေ့ရှိသည်။ ၁၈၅၂ ခုနှစ်ရောက်သောအခါမှသာ ဤ အင်္ဂလိပ်စကားသို့ ဘာသာပြန်ခြင်းကို ပြုလုပ်ပြီး၊ ၁၈၅၃ ခုနှစ်တွင် WH Furness ရေးသားထုတ်ဝေသော “Gems of German Verse” ဟူသောစာအုပ်တစ်အုပ်မှ လူသိများလာခြင်းဖြစ်သည်။

ဤဓမ္မသီချင်း၏ ပထမစာကြောင်းကို ၀ိတင်ဘတ်၌ ရှိသော မဟာပြုပြင်ရေးသမားကြီး မာတင်လုသာ ၏ အုတ်ဂူတွင် ရေးထွင်းထားပြီး ယနေ့ထိတိုင်အောင် သွားရောက်လေ့လာနိုင်ပါသည်။