မြေကြီးပေါ်၌လည်း အလိုတော်ပြည့်စုံပါစေသော
ယုဒလူမျိုးများ၏ စာရေးနည်း ဟန်ဖြင့် ဖေါ်ပြပြီးသော အချက်အပေါ်ပြန်ဆိုခြင်းသာဖြစ်ပြီး “နိုင်ငံတော် တည်ထောင်ပါစေသော” အကြောင်းအရာနှင့် မထူးမခြား အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် ဤကမ္ဘာ၌ လူသားများက တည်ထောင်မှဖြစ်နိုင်မည်သာ။ ဤသို့ဆိုသော် လူသားများသည် လက်ပိုက်ပြီးနေရန် ဆိုလိုခြင်းမဟုတ်ပါ။ ငါ၏လုပ်ဆောင်ချက်ဖြင့် ဤကမ္ဘာ၌ အဘယ်အရာမျှ ဖြစ်ပေါ်လာမည်မဟုတ်၊ ဖြစ်ချင်တာဖြစ်ပါစေ ဆိုပြီး ဂရုမစိုက်ဘဲ နေရန် မဟုတ်ပါ။ အရာရာသည် တင်ကြိုသတ်မှတ်ပြီးသားဖြစ် ၍၊ ပြုပြင်နိုင်သော အခွင့် မရှိဟု ခံယူခြင်းကို (Fatalism) ဟုခေါ်သည်။
တစ်ခါတစ်ရံ ခရစ်ယာန်များသည် ဘုရားသခင် ဖန်ဆင်းသော ဤကမ္ဘာအပေါ်အမြင်မကြည်လင် တတ်ပေ။ ဤကမ္ဘာလောကသည် အပြစ်ရှိသောနေရာ၊ မကောင်းဆိုးဝါးကမ္ဘာဟု မြင်ပြီး၊ အိမ်ရှင်နေရာ မယူတတ်ဘဲဖြစ်ကာ ဧည့်သည်ကဲ့သို့ နေကြသည်။ ဘုရားသခင်ယုံကြည်ခြင်း၌ အားကြီးလိုပါက ဤကမ္ဘာလောကနှင့် သိပ်မရောနှောနှင့် ဟု ဆိုတတ်ကြသည်။ မှန်ပါ၏လော။
“ဤလောကသည် ငါ့အိမ်မဟုတ်၊ ငှက်ကလေးကဲ့သို့ ခေတ္တမျှသာ
ပစ္စည်းဥစ္စာ ဟူသမျှ အဝေးမှာရှိပြီး၊ ကောင်းကင်တံခါးပေါက်မှ
ကောင်းကင်တမန်များ ခေါ်သောအခါ
သို့ဖြစ်၍ ကောင်းကင်မှ လောကကို မေ့ပစ်မည်သာ”
စသည်ဖြင့် အမေရိကန်နိုင်ငံ၌ ကျွန်ဘ၀နှင့် ငြီးငွေ့သူ အမေရိကန်အာဖရိကန်များ (American African spirit song) တို့သည် ယုံကြည်ခြင်းအရာ၌ (Theology) ကို လွှမ်းမိုးလေ့ရှိသည်။ ဤကမ္ဘာလောကသည် ကောင်းကင်နိုင်ငံ ရောက်ရှိဖို့ ခေတ္တစောင့်နေရာ အဖြစ်သာ သတ်မှတ်ပြီး၊ အိမ်ရှင်တာဝန် မယူချင်ကြပေ။ သို့ရာတွင် သခင်ယေရှုသည် ဤကဲ့သို့နေရန် အလိုတော်မရှိပါ။ ကမ္ဘာပေါ်၌ ဘုရားသခင်မှ ဖန်ဆင်းတော်မူခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သူ့ကိုယ်စား ဤကမ္ဘာလောကကို စောင့်ရှောက်ရန်၊ ပြုပြင်ထိန်းသိမ်းရန်နှင့် အုပ်ချုပ်ရန် ဖြစ်သည် (ကမ္ဘာ ၂း၁၅၊ ၁း၂၈-၂၉)။ အဘ ဘုရားသခင် ဖန်ဆင်းသော ကမ္ဘာ၌ ကိုယ်တော်၏ သားသမီးများက အိမ်ရှင်မလုပ်လျှင် မည်သူက အိမ်ရှင်နေရာယူပါမည်နည်း။
သို့ဖြစ်၍ ခရစ်ယာန်များသည် ဤလောက၌ ဘုရားသခင်၏ အလိုတော်ပြည့်စုံစေရန် တာဝန်ရှိသူများဖြစ်ကြသည်။ တီဒဗလျူ မန်ဆွန် က ဤနေရာ၌ ဆုတောင်းရမည်မှာ “ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ ဤလောက၌လည်း ပြည့်စုံပါစေသော ငါမှအစပြုပါဟု ဆုတောင်းရန်ဖြစ်သည်” ဟုဆိုသည်။
ဘုရားသခင်ပေးသော ဆုတောင်းနည်းအနက် ဘုရားနှင့် စပ်ဆိုင်သော အရာသုံးခုကို လေ့လာပြီးပြီ။ ယခုဆက်လက်၍ လူသားအတွက်တောင်းခံခြင်းအချက် သုံးခုကို လေ့လာကြပါစို့။
ယနေ့အသက်မွေးလောက်သောအစာပေးတော်မူပါ
လူသားများ အစာတစ်ခုတည်းနှင့် အသက်မရှင်သည့်တိုင်အောင် နေ့စဉ် အသက်ရှင်ရန် အစာလိုအပ်ကြောင်း၊ ယေရှု ရှင်းရှင်းလင်းလင်း နားလည်သည်။ သို့ဖြစ်၍ လူသားများ ဆုတောင်းရန် စေခိုင်းရာ၌ ကိုယ်ကာယ၊ အသွေးအသားအတွက် လိုအပ်သောအရာကို အစပထမတောင်းရန် သွန်သင်သည်။ ဤအကြောင်းအရာသည် ခရစ်ယာန်များ ၏ဘုရားသခင်၊ ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်များကယ်တင်ခြင်းအမြင်ကို ရှင်းလင်းစွာ ဖေါ်ပြထားသည်။ ငါတို့ကိုးကွယ်သော ဘုရားသည် ၀ိညာဉ်တစ်ခုတည်းအတွက် မဟုတ်ပဲ၊ အသွေးအသားနှင့် ကိုယ်ကာယကိုလည်း ဂရုစိုက်သူဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းနှင့် ခရစ်ယာန်များ ကယ်တင်ခြင်း တရားတော်သည် ၀ိညာဉ် တစ်ခုတည်းကိုသာ မရည်ရွယ်ပါ။ ၀ိညာဉ်နှင့် ကိုယ်ကာယ နှစ်ခုစလုံး မခွဲမခြား ကယ်တင်လို (Holistic Salvation) သည်။ သခင်ယေရှုက ၀မ်းမြောက်ဘွယ် သတင်းထဲ၌ ပါရှိသော အံ့သြဘွယ်ရာ ပြုလုပ်ခြင်း၊ ဆာငတ်သူကို ကျွေးမွေးခြင်း၊ နာမကျန်းသူများ ကျန်းမာစေခြင်းများသည် ၀ိညာဉ်၌ ကိုယ်တစ်ခုတည်းသာ မဟုတ်၊ အသွေးအသား၌ရှိသော ကိုယ်ခန္ဗာကလည်း ဂရုစိုက်ပြုစုရန် လိုကြောင်း ပေါ်လွင် ထင်ရှားစေပါသည်။ သို့ဖြစ်၍ ခရစ်ယာန်များသည် ၀ိညာဉ်တော်ပြည့်ဝ ဟန်ဆောင်ပြီး၊ ဤကမ္ဘာလောက၌ အသက်ရှင်ရန် လိုအပ်သောအရာများကို ပစ်ထား၍မရပါ။ ယေရှုထက်သာ၍ ၀ိညာဉ်ပြည့်ဝ သကဲ့သို့ ဟန်ဆောင်ရန်မလိုပါ။
သို့ရာတွင် သတိပြုရန် တစ်ခုရှိသည်။ ယေရှုက နေ့ရက်အစဉ်အတိုင်း အစားအစာတောင်းရန် စေခိုင်းသော်လည်း သေရည်သေရက်များ တောင်းရန်မစေခိုင်းပါ။ အသက်ရှင်ရေးလုံလောက်ရုံသာ တောင်းခံစေပြီး၊ အလွန်အကျွံ (Luxury) ဘ၀မေ့လောက်အောင် ချမ်းသာရန် တောင်းစေခြင်း မဟုတ်ပါ။ လူသားများသည် အစာအတွက်သာ မကပဲ သေရည်သေရက် အတွက်ပါ တောင်းခံရရှိသောကြောင့် မူးလဲလေ့ရှိကြပါသည်။ သတိထားစရာပင်၊ ထိုသို့ဆိုသော် “တစ်နေ့အတွက်” အစားအစာ မည်မျှတောင်းခံရမည်နည်း။ ဤတွင် လူသားများ၏ တိုးတက်သော အတိုင်းအတာ အလျှောက် တောင်းတတ်ရန် လိုသည်။ သူများ လကမ္ဘာ၊ ကြယ်ကမ္ဘာရောက်ရှိနေချိန်၌ မနက်စာညစာအတွက် သာတောင်းခံပါက အားရဖွယ်ရာမရှိပေ။ တစ်ကမ္ဘာလုံးရှိလူသားများတိုးတက်သည်နှင့် အညီ (The development of man’s life) ဆုတောင်းချက်များလည်း တိုးတက်သင့်သည်။ သူများ လကမ္ဘာပေါ် သက်ရှင်လှုပ်ရှားနေချိန်၌ ကျွန်တော်တို့ လည်း နွားလှည်းတစ်စီး၊ စက်ဘီးတစ်စီး လောက်တော့ပိုင်ဆိုင်သင့်သည် မဟုတ်ပါလား။ ဤအတိုင်းအတာသည် အလွန်အကျွံဖြစ်နိုင်ပါဦးမလား?
ဤဆုတောင်းခြင်းနှင့် ပတ်သက်၍ ဆုသာတောင်းပြီး အလုပ်လုပ်ရန် မလိုတော့ဟု မဆိုလိုပါ။ ဘုရားသခင်သည် ဣသရေလများအား မာနမုန့်ချပေးခြင်း၊ ငုံးငှက်များ လေထန်သကဲ့သို့ ချပေးခြင်းနှင့် ကျောက်တုံးမှ ရေထွက်စေခြင်းဖြင့် ကျွေးမွေးသော်လည်း ပါးစပ်ထဲ၌ အလွယ်တကူ ၀င်မသွားပါ။ လူ့ဘက်မှ ဆောင်ရွက်ရန် တာဝန်ပေးထားသည်။ အလုပ်မလုပ်ပဲ တောင်းရုံမျှနှင့် ဘုရားသခင်ချပေးမည် မဟုတ်ပါ။ “အလုပ် မလုပ်သူအား မကျွေးနှင့်” ဟူ၍ပင် ဆိုခဲ့သေးသည် (၂သက် ၃း၁၀)။ ဆုလည်းတောင်းပြီး၊ အလုပ်လည်းလုပ်ရမည်သာ။ မာတင်လူသာမှ “ဆုလည်းတောင်းပါ၊ အလုပ်လည်းလုပ်ပါ” ဟုဆို၏။
ယေရှုသည် ကိုယ်ကျိုးမပါစေဘဲ “ယနေ့အတွက် လိုအပ်သောအစာ” ဟုပင်ဆိုခဲ့သေးသည်။ ခံစားရသော ကောင်းကြီးကို ငါတို့ တစ်ဦးတည်းစားပစ်ရန် မဟုတ်ပါ။ ငါတို့ထက် ကြပ်တည်းသူ၊ ဆင်းရဲသားများနှင့် အတူတကွ ဝေမျှစားသုံးရန်၊ အတူတကွခံစားရန် အလိုတော်ရှိ၏။ ကမ္ဘာပေါ်၌စစ်ပွဲ၊ ရန်ပွဲများဖြစ်ရခြင်း၏ အကြောင်းရင်းခံသည် ဤ ကိစ္စကြောင့်ပင်ဖြစ်သည်။ တစ်ချို့သောသူများသည် ခံစားရသောကောင်းကြီးများကို မျှဝေခြင်း မပြုသည့်အပြင်၊ ကောင်းကြီးမခံစားရသော သူများအပေါ်၌ အမြတ်ထုတ်လိုသေးသည်။ ဤကဲ့သို့ “လိုအပ်သော အစာ” ဟုဆိုပါလျက် ရရှိခံစားသော ကောင်းကြီးများကို တစ်ကိုယ်ကောင်းဆန်စွာနှင့် ကိုယ်ကျိုးအတွက်သာ အသုံးပြုသောကြောင့် စစ်တိုက်ခြင်း၊ ညီတူညီမျှဖြစ်ရေးဝါဒ (Ideologies) အမျိုးမျိုးပေါ်ပေါက်လာသည်။ ယေရှု သွန်သင်သကဲ့သို့ ခံစားသော ကောင်းကြီးများကို ငါတို့ထက် ခက်ခဲသောသူ များနှင့် အတူ “၀လင်စွာစားရန်” ပေးတော်မူသည်ဟု ခံယူပြီး မျှဝေကြပါက မည်ကဲ့သို့သော ရန်ပွဲ၊ စစ်ပွဲများရှိနိုင်အံ့နည်း။ သို့ဖြစ်၍ ဆုတောင်းခြင်း၌ “ဝေမျှတတ်ခြင်း” (The Spirit of Sharing) ပညာကိုလည်း သွန်သင်ထားခြင်းဖြစ်သည်။
Rev. Dr. Simon Pau Khan En (B. th, B.R.E, B.D, S.T.M, Ph.D) ရေးသားပြုစု၍ MBC ပုံနှိပ်ထုတ်ဝေရေးဌါန မှထုတ်ဝေသော “တောင်ပေါ်တရားတော်” စာအုပ်မှထပ်ဆင့်တင်ပြထားပါသည်။
You must log in to post a comment.