သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (အာဗြဟံ)

ခေတ်သစ် ကမ္ဘာနှင့် ယှဉ်မည်ဆိုလျှင် နယူးယောက်မြို့တော် ကဲ့သို့စီးပွါးရေး အရ တိုးတက်ဖွံ့ဖြိုး စည်ပင်ကာ ယဉ်ကျေး မှုပေါင်းစုံ ထွန်းကားရာ အရပ်တွင် မွေးဖွါးပြီး၊  တောမြက်ရိုင်းများ ထူထဲစွာ ပေါက်သည့်  တောရွာဇနပုတ်သို့ မိမိပိုင်ဆိုင်သမျှသော စီးပွါးချမ်းသာမှု အားလုံးနှင့်အတူ ပြောင်းရွှေ့သူဖြစ်သည်။ လူဗြိန်းတွေး တွေးမည်ဆိုလျှင် စီးပွါးဥစ္စာကျဆင်းရန်သာရှိသည်။ သို့သော် နောင်နှစ်များစွာကြာသောအခါ ကမ္ဘာ့အကြီးဆုံးသော ဘာသာရေး သုံးခုဖြစ်သော ဂျူး၊ အစ္စလမ် နှင့် ခရစ်ယာန် ဘာသာရေး တို့၏ ၀ိညာဉ်ဖခင်ကြီးဟု ခေါ်ဝေါ်သမုတ်ခြင်း ခံရသူ ဖြစ်သည်။

သူ၏အမည်ကို အာဗြဟံ ဟု ဘုရားသခင်က ပြောင်းလဲသမုတ်ခြင်းကို မခံခင်တွင် သူ၏နာမည်သည် အာဗြံ ဖြစ်ခဲ့ပြီး “ဂုဏ်ပြုထိုက်သောဖခင်ကြီး” ဟူ အဓိပ္ပါယ်ရသည်။ သူသည် ယူဖရေးတီးစ် မြစ်ကမ်းပေါ်တွင် တည်တားသည့် ဥရု မြို့ (ယနေ့ အီရတ်နိုင်ငံ) တွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ယနေ့ ဥရု မြို့ဟောင်း ကို Nasiriya ဟုခေါ်သည့် အီရတ်နိုင်ငံ၏  မြို့တစ်ခု အနားတွင်  တွေ့ရှိနိုင်သေးသည်။ ၂၀၀၃ ခုနှစ်တွင် အမေရိကန်နှင့် အီရတ်နိုင်ငံအကြား ဖြစ်ပွါးသော စစ်ပွဲ၌ ဤမြို့တွင် အီရတ်စစ်တပ်များ အခိုင်အမာ တပ်ချကာ အမေရိကန်စစ်တပ်ကို အကြီးအကျယ် ခံတိုက်ခဲ့ဘူးသည်။  အာဗြဟံ ခေတ်တုန်းက ဤ ဥရု မြို့ကလေးသည် ကမ္ဘာ့ ပထမဦးဆုံးသော အင်ပါယာကြီး ဟု သမိုင်းပညာရှင်များ သမုတ်ခဲ့သည့် ဆူမာ အင်ပါယာ လက်အောက်တွင် အရေးပါ၊ အချက်အချာကျသော မြို့ကြီးတစ်မြို့ဖြစ်ခဲ့သည်။

ခါနန်အရပ်ဒေသသို့ထွက်ခွါခြင်း
တကယ်တော့  ဥရုမြို့ကိုစွန့်ခွါပြီး ခါနန် အရပ်ဒေသကို ပြောင်းရွှေ့ရန် စိတ်ကူးရသူမှာ  အာဗြဟံ ကိုယ်တိုင် မဟုတ်ခဲ့ပါ။ သူ၏ ဖခင်ကြီးTerah   ဖြစ်သည်။  လောကီအမြင်ဖြင့် စဉ်းစားမည်ဆိုလျှင် ဖခင်ကြီး သူဌေးသူကြွယ်ကြီး တစ်ယောက်ဖြစ်သူ Terah သည် အဘယ် အကြောင်းကြောင့် ခါနန်သို့  ပြောင်းရွှေ့လိုသနည်း ဆိုသည့် မေးခွန်းသည် ပဟေဌိ ဆန်သော နားလည်ရခက်သည့် အရာတစ်ခုဖြစ်သည်။ အချို့ သမိုင်းပညာရှင် များကမူ ဖခင်ကြီး Terah သည် ဘီစီ ၂၀၀၀ ခန့်တွင် ဖြစ်ပွားခဲ့သော ဥရု မြို့ကို ရန်သူများမှ ချေမွဖျက်စီးခဲ့ခြင်းကို ကြိုတင်ရိပ်မိ သိရှိခဲ့သောကြောင့် ဖြစ်မည်ဟု ယုံကြည်ကြသည်။

ဥရုမြို့မှ ခါနန်သို့ တည့်တည့်ထွက်မည်ဆိုလျှင် မိုင် ၆၀၀ ခန့်ဝေးပြီး ပူပြင်းခြောက်သွေ့သော အာရေဗျသဲကန္တာရ ကိုဖြတ်သန်းရပေမည်။ ဖခင်ကြီး Terah သည် မိမိပိုင်ဆိုင်သော သိုး၊ နွား၊ ကုလားအုပ်များနှင့် အိမ်ထောင်မိသားစုအားလုံး ဤမိုင် ၆၀၀ ခရီးကြမ်းကို ဖြတ်သန်းရန် အလွန် အန္ထရယ်များကြောင်း သိရှိနားလည်သဖြင့် မြောက်စူးစူးသို့ ထွက်ခွါမည့်အစား ရေပေါများသည့် အနောက်မြောက်ဖက်သို့ ထွက်ခွါ ခဲ့ကာ မြေထဲပင်လယ်အရပ်ဒေသကို ရောက်သောအခါတွင်မှ ခါနန်ပြည် ရှိရာ တောင်ဖက်ကို ပြန်ဆင်းလာခဲ့ဖြင်းဖြစ်သည်။ မိုင် ၆၀၀ ဝေးသည့် ခါနန်ကို မိုင် ထောင်ကျော် ခရီးပြုခဲ့သည်။

သို့သော် ခါနန် ပြည်ရောက်သည်အထိ မသွားခဲ့ဘဲ မြေထဲပင်လယ်နှင့် ခါနနန်ပြည် အကြားမြို့တစ်မြို့ဖြစ်သော Haran မြို့တွင်ရပ်ကာ အခြေစိုက် နေ ထိုင်ခဲ့သည်။ ဖခင်ကြီး Terah အနိစ္စရောက်ချိန်တွင် အာဗြံသည် အသက် ၇၅ အရွယ်ရှိပြီဖြစ်သည်။ ဘုရားသခင်သည် အာဗြံအား “သင်၏နိုင်ငံ၊ အမျိုး   နှင့် ဖခင်ကြီး၏ အိမ်တို့ကို စွန့်ခွါ၍ ငါပြလတံ့သော အရပ်ဒေသသို့ထွက်ခွါလော့၊ သင့်ကို လူမျိုးအပေါင်းတို့၏ ဖခင်ကြီး  ဖြစ်စေမည်” ဟု မိန့်တော်မူ ခဲ့သည် (ကမ္ဘာ ၁၂း၁-၂) ။

အာဗြံသည် ဘုရားသခင် အမိန့်ပေးသည့်အတိုင် လိုက်နာခဲ့သည်။ မိန်းမ Sarai နှင့် ဥစ္စာပစ္စည်းများအပြင် တူတော်သူ လောတ (သူ၏ အကို ဟာရန် ၏သား) တို့နှင့်အတူထွက်ခွါသွားခဲ့သည်။ အကိုဖြစ်သူ ဟာရန် သည် ဥရု မြို့တွင် ရှိစဉ်ပင် သေဆုံးခဲ့သူဖြစ်သည်။

ဘုရားသခင်၏ကတိတော်
ခါနန်ပြည် Shechem အရပ်တွင် စခန်းချစဉ်တွင် အာဗြံအား ဘုရားသခင်က အံ့သြစရာကောင်းသော ကတိတော် တစ်ခုပေးခဲ့သည်။ ထိုကတိတော်မှာ ဤအရပ်ဒေသ တစ်ခုလုံးကို သင်၏သားစဉ်မြေးအဆက်ဆက်တို့အား အပိုင်ပေးမည် ဟူ၍ဖြစ်သည် (ကမ္ဘာ ၁၂း၇)။

အသက်အရွယ်ကြီးရင့်ပြီဖြစ်သော အာဗြံတွင် သားတစ်ယောက်မျှ မထွန်းကားခဲ့သေးပါ။ သူ့ အသက် ၇၅ နှစ်ခန့်ရှိပြီဖြစ်ပြီး ဇနီး Sarai မှာ ၆၆ နှစ် အရွယ်ဖြစ်သည်။ အာဗြံသည် ဘုရားရှင်၏ ကတိတော်ကို အောက်မေ့ ကျေးဇူးတင်သည့် အနေဖြင့် ကျောက်တုံးများဖြင့် ယဇ်ပုလ္လင် တည်ခဲ့ သည်။ ရှေ့ဆက်လှမ်းရမည့် ဘ၀ခရီးကြမ်းတွင် ဘုရားသခင်ပေးသော ဤ ကတိတော်သည် ကောင်းကြီးလား၊ ကျိန်ခြင်းလား ဟု စဉ်းစားတွေဝေစွာဖြင့် ဆက်လှမ်းလာခဲ့သည်။ တစ်နေ့ မိမိ၏သွေးမှ ဖြစ်တည်လာမည့် သားစဉ်မြေးဆက် တို့အတွက် ဟူသော ဖခင်စိတ်ကို ဘုရားသခင်က ချပေး ခဲ့ခြင်းကြောင့် ခရီးကြမ်း ကို အရှုံးမပေး ကြံ့ကြံ့ခံကာ ဆက်လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်နိုင်သည်။ လမ်းခရီးသည် ကြမ်းတမ်းခက်ထရော်လှသည့် အပြင် ပူပြင်းခြောက်ကပ်လွန်း သောကြောင့် လမ်းခုလပ် အဲဂုတ္တု (အီဂျစ်) ပြည်တွင် ခရီးတထောက်နားရန်ဆုံးဖြတ်ခဲ့ရသည်။ အီဂျစ်ပြည်၏ နိုင်းမြစ်ကြီးသည် ပူပြင်းခြောက်သွေ့လွန်းသော ရာသီတွင် တဒင်္ဂါ အကောင်းဆုံး ခိုနားရာနေရာဖြစ်ခဲ့သည်။

သို့သော် ဤပြည်တွင် အာဗြံ ဒုက္ခ အကြီးအကျယ်ကြုံတွေ့ခဲ့သည်။ အသက်အရွယ်ရပြီဖြစ်သော်လည်း လှပဆဲ ဖြစ်သည့် ဇနီးသည် Sarai ကိုလိုချင် တပ်မက်မော သူ အီဂျစ်နိုင်ငံသား တစ်ယောက်ယောက် က သူ့ကို သတ်ဖြတ် သွားမည်ကို အစိုးရိမ်ပိုခဲ့မိသည်။ ထို့ကြောင့် Sarai အားမိမိ၏ ဇနီးအဖြစ် မဖော်ပြဘဲ ညီမဖြစ်သည် ဟု ထိုနိုင်ငံတွင် လူတို့အားပြောသည်။ Sarai သည် အာဗြံနှင့်ညီမ တ၀မ်းကွဲ တော်စပ်သူ လည်းဖြစ်သောကြောင့် တစ်ဝက် တစ်ပျက် မှန်သည် ဟုလည်း ဆိုနိုင်ပါသည်။

အီဂျစ်ဘုရင်ကြီးက Sarai ကို သဘောကျနှစ်ခြိုက်သဖြင့် အာဗြံ နန်းတွင်းသို့ခေါ်ကာ ဆုလဒ်များစွာ ချပေးခဲ့သည်။ Hagar ဟု အမည်ရပြီး နောင်တွင် အာဗြံ၏ သားဦးကို မွေးဖွါးပေးခဲ့သော ကျွန်မ တစ်ယောက်သည်လည်း ထိုဆုလဒ်များနှင့်တကွ ပါလာဟန်ရှိပါသည်။ ဘုရင်နန်းတွင်းတွင် ကပ်ဆိုးတစ်ခု ဖြစ်သည်။ ရောဂါကပ်ဆိုးသည် ဘုရားသခင် အပြစ်ပေးခြင်းဖြစ်သည်ဟု ထိုခေတ်တွင် ယုံကြည်ကြသည်။ ဘုရင်ကြီးက Sarai ကို သိမ်းပိုက်မှုအပေါ် စိတ်မသန့်ဖြစ်သဖြင့် အာဗြံအား မေးမြန်းသော အခါ မိမိ၏ ညီမ၀မ်းကွဲတော်စပ်သည့် အပြင် ဇနီးလည်းဖြစ်ကြောင့် ၀န်ခံခဲ့သည်။ အာဗြံနှင့် အဖွဲ့အား ဥစ္စာပစ္စည်း အမြောက်အများကို ပေးလျက် အီဂျစ် နိုင်ငံ နယ်စပ်အထိ နန်းတော်အစောင့်အရှောက် များခခြံရံလျက် ပြန်လွှတ် လိုက်သည်။

ခါနန်ပြည်ပြန်မရောက်ခင် Gerar အရပ်ဒေသရောက်သောအခါ ထိုနိုင်ငံ၏ဘုရင် အဘိမလက် နှင့် အလားတူပြဿမျိုးထပ်မံကြုံတွေ့ရသည်။ သို့သော် ဤ တစ်ကြိမ်တွင် ဘုရင်ကြီးအဘိမလက်သည် အာဗြံအား ဘုရားသခင်၏ စေတမန်ပရောဖက်ကြီးတစ်ပါးဖြစ်သည်ဟု အိမ်မက်မြင်သဖြင့်၊ အာဗြံအား လက်ဆောင်ပစ္စည်း အမြောက်အများပေးကာ ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။

အာဗြဟံနှင့်လောတ လမ်းခွဲခြင်း

နှစ်အချိန်အတန် ကြာသောနောက်ပိုင်းတွင် အာဗြံနှင့် တူတော်မောင် လောတတို့သည် မိမိတို့အသီးသီး ပိုင်ဆိုင် သော တိရိစ္ဆာန်များ အလွန်အမင်းများပြားလာသောကြောင့် စားကျက်နေရာနှင့် ပတ်သက်ပြီး အငြင်းပွါးစရာများဖြစ်လာတတ်ကြသည်။ ထို့ကြောင့် လမ်းခွဲရန် ဆုံးဖြတ်ကြကာ အာဗြံက တူတော်မောင် လောတအား သူကြိုက်ရာ အရပ်ကို ဦးစားပေးရွေးချယ် သည်။ လောတသည်  စိမ်းလန်းစိုပြေပြီး ခါနန်တစ်နိုင်ငံလုံး၏ အကောင်းဆုံး စားကျက်ရှိ သည့်  ဂျော်ဒန်မြစ်ကမ်းဖက်ကို ရွှေးချယ်ပြီး အာဗြံက လောတ မရွေးသည့်ဖက်သို့  သူပိုင်ဆိုင်သည့် တိရိစ္ဆာန်များနှင့် ထွက်ခွါသွားသည်။ သို့သော် လောတအတွက် အကြောင်းမလှဖြစ်သွားရသည်မှာ ထိုအရပ်ဒေသသည် အနီးအနားရှိ အခြားသော ဘုရင်များ၊ အုပ်စုများကလည်း မျက်စိကျ လိုချင်သောနေရာ ဖြစ်နေခြင်းပင်။ မြောက်ဖက်အရပ်မှ ဘုရင်လေးပါး တို့သည် ထိုဂျော်ဒန်မြစ်ကမ်း မြို့ကလေးများကို ကျူးကျော် တိုက်ခိုက်လာပြီး ရသမျှ လူ၊ ပစ္စည်း၊ တိရိစ္ဆာန်အားလုံးတို့ကို လုယူသွားသည်။ လောတ၏ ပိုင်ဆိုင်မှုအားလုံးလည်း ပါသွားသည်။

သို့သော်လောတ၏ ဦးလေး အာဗြံသည် ချမ်းသာကြွယ်ဝပြီး သတင်းအချိပ်အဆက်ရှိသောကြောင့်၊ အာဗြံသည် သူ့လက်အောက်ငယ်သား ၃၁၈ ယောက်နှင့်၊ မိတ်ဆွေအချို့တို့ကို စုပြီး မြောက်ပိုင်း ဘုရင်လေးပါး တို့နောက်သို့ လိုက်ကာ သူတို့လုယူသွားသော လူ၊ ပစ္စည်းဥစ္စာ၊ ကျွန် နှင့် တိရိစ္ဆာန်တို့ကိုပြန်လည် လုယူနိုင်ခဲ့သည်။ အာဗြံသည် သူကိုယ်တိုင်အတွက် ဘာတစ်ခုမျှမယူဘဲ၊ ပြန်လုယူ၍ ရရှိသော အရာအားလုံး၏ ဆယ်ပုံတစ်ပုံကို Salem အရပ်ဒေသ တွင်နေထိုင်သော ဘုရားသခင် ၏ တမန်တော် Melchizedek အားပေးလှူသည်။ Salam အရပ်ဒေသ ကိုနောင်တွင် ဂျေရုရှလင် ဟု ပြောင်းလဲသမုတ်သည်။  လောတ  နေထိုင်သော အရပ်ဒေသ၏ ဘုရင်က အာဗြံအား ပြန်လည်သိမ်းပိုက်ရရှိသည့် လူများကိုသာ ပြန်ပေးရန် နှင့် ပစ္စည်းများကို အပိုင်ယူရန်ပြောသော်လည်း အာဗြံက မယူဘဲ ငြင်းဆန်ခဲ့သည်။ အာဗြံ၏ချမ်းသာ မှုအားလုံးသည် ငါတို့၏ ဥစ္စာပစ္စည်းများကြောင့်ဖြစ်သည် ဟုနောင်တစ်ချိန်တွင် သင်တို့ပြောဆိုမည်ကို မလိုလားသောကြောင့် မယူဘဲ ငြင်းဆန်ပါသည်ဟု (ကမ္ဘာ ၁၄း၂၃) တွင်ဖော်ပြထားသည်။

အာဗြံ၏သားနှစ်ယောက်
အာဗြံ၏ဇနီး Sarai က ဘုရားသခင်၏ကတိတော်ရှိသည်အတိုင်း အာဗြံသည် ခါနန်အရပ်ဒေသကို အမွေအဖြစ် ရရှိပြီး သားရရှိရန် သူနှင့်မဟုတ်ဘဲ အခြားအမျိုးသမီးတစ်ယောက်နှင့်ဖြစ်မည်ဟုထင်မှတ်သည်။ Sarai သည် ထိုအချိန်တွင် အသက် ၇၆ နှစ်ရှိပြီး အာဗြံသည် ၈၅ ရှိပြီဖြစ်သည်။ ထို့ကြောင့် အီဂျစ် နိုင်ငံမှ ရရှိခဲ့သော ကျွန်မ Hagar နှင့် လင်ယောကျာင်္း အာဗြံ အား စပ်ယှက်စေပြီး သားမွေးစေသည်။ အစ္စမေးလ် အမည်ရသော သား မွေးသည်။ ဘုရားသခင်ပေးခဲ့သော ကတိသည် ဤသား မဟုတ်ခဲ့ပါ။ သို့သော် ဘုရားသခင်က ကျွန်မ Hagar မွေးသောသားသည်လည်း အာဗြံ၏ သား ပင် ဖြစ် သောကြာင့်ကောင်းကြီးပေးမည်။ လူမျိုး နိုင်ငံတစ်ခု၏ ဖခင်ကြီးဖြစ်စေမည်ဟု ကတိပေးသည်။ ယနေ့ အာရပ် လူမျိုးတို့၏ ဖခင်ကြီးသည် ထိုသား အစ္စမေးလ် ဖြစ်သည်ဟု လူအများတို့က ယုံကြည်ကြသည်။

နောက်ထပ် ၁၅ နှစ်ခန့် ကုန်လွန်သွားအချိန်တွင် Sarai သည် အသက် ၉၀ ခန့်ရှိပြီး အာဗြံ သည် ၉၉ နှစ်ဖြစ်လာသော အချိန်တွင် ဘုရားသခင်သည် ခါနန်ပြည်နှင့် သူပေးသော ကတိတော်ကို မည်သူအားဖြင့် ပေးမည်ကို ထင်ရှားစွာသိရှိစေသည်။ ထိုကတိတော်မှာ အာဗြံနှင့် ဇနီး Sarai အားဖြင့် ရသော သားဖြင့် ဖြစ်သည်။

ထိုခေတ်ထိုအချိန်တွင် တန်ခိုးအာဏာ ရှိသူ၊ မင်းလုပ်သူတို့သည် သူတို့၏ ဘ၀အပြောင်း အလဲဖြစ်ချိန် တွင် ဘ၀မှတ်ကျောက် အဖြစ် နာမည်   ပြောင်းလေ့ရှိကြသည်။ နာမည်သစ် တစ်ခုခု ကိုခံယူလေ့ရှိကြသည်။ ထိုနည်းအတိုင်း ဘုရားသခင်က အာဗြံ ၏အမည်ကို အာဗြဟံ (Abaraham) ဟု၎င်း Sarai ၏အမည်ကို ဆာရာ (Sarah) ဟု၎င်း ပြောင်းလည်း သမုတ်သည်။ ဤအဖြစ်အပျက်သည် ဘုရားသခင်နှင့် အာဗြဟံ ကြား ဖြစ်ပျက် သော သာမန် ကတိတော် တစ်ခုမျှသာ မဟုတ်ဘဲ ဘုရားနှင့် အာဗြဟံ အကြားပြုလုပ်သော ပဋိညာဉ်သစ္စာ တရား (covenant) ဖြစ်သည်။ ဤသစ္စာတရား အတည်ဖြစ်ခြင်း အထိမ်းအမှတ်အတွက် အာဗြဟံ သည် မိမိ မိသားစု နှင့် ကျွန်များအားလုံးထဲမှ အမျိုးသားအားလုံးတို့ကို အရေဖျားလှီးခြင်း (Circumcision) ပြုလုပ်ရသည်။ ဘုရားသခင်က ဤအရေဖျားလှီးခြင်း ကြောင့် သင်၏ ကိုယ်ခန္ဓာသည် ငါ၏ ထာဝရ တည်သော ပဋိညာဉ်သစ္စာ တရား ၏ အထိမ်းအမှတ်ကို ဖော်ပြသည် ဟု မိန့်တော်မူသည်။ ဤ ဓလေ့ကို ယနေ့ထိတိုင်အောင် ဂျူးလူမျိုးများတို့ ကျင့်သုံးကြသည်။ Berit Mila ဟုခေါ်ပြီး ပဋိညဉ်တရားအတွက် အရေဖျားလှီးခြင်း ကိုခံယူသော ဟေဗရူး လူမျိုး ဟု အဓိပ္ပါယ်ရသည်။

နာမည်ပြောင်းပြီး မကြာခင် အချိန်တွင် အာဗြဟံ နှင့် ဆာရာ နေထိုင်သော တဲ သို့ ဧည့်သည် အဂန္တု နှစ်ဦး ရောက်ရှိလာပြီး တစ်နှစ်အတွင်း ဆာရာ သည် သားရတနာကို ဖွါးမြင်မည်ဟု ပြောသည်။ အပြင်တွင် ဧည့်သည် နှစ်ဦးပြောသည့် စကားကို အခန်းတွင်းမှ ကြားသည့် အသက် ၉၀ အရွယ် ဆာရာသည် ရီမော လိုက်မိသည်။ ထို့ကြောင့် ဘုရားသခင်သည် မွေးဖွားလာမည့် သားကို Isaac ဟု သမုတ်သည်။ ရီမောသည် ဟု အဓိပ္ပါယ်ရသည်။

Isaac မွေးချိန်တွင် အီဂျစ် ကျွန်မ Hagar နှင့် ရသောသား အစ္စမေးလ် သည် အသက် ၁၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ထိုခေတ်အခါ ထုံးတမ်းစဉ်လာအရ သားကြီးသြရဿ သည် သားငယ်များရရှိသော ဖခင်၏အမွေထက် နှစ်ဆကျော် ရရှိခံစားခွင့်ရှိသည်။ ထို့အပြင် ကျွန်မ Hagar သည် ဆာရာ ကသား Isaac ကိုမမွေးခင် အချိန်အထိ မိမိသာလျှင် အာဗြဟံ အား သားမွေးပေးနိုင်သူ ဖြစ်သည်ဟု မိမိ၏ သခင်မ ဆာရာအပေါ် ရံဖန်ရံခါ မချေမငံ ဆက်ဆံ တတ်ခဲ့ ဟန်ရှိပါသည်။ ထို့ကြောင့် ဆာရာ သည် မိမိ၏ ရင်သွေးသားငယ် အတွက် ကြောင့် သားကြီးဖြစ်သူ အစ္စမေးလ် နှင့် ကျွန်မ မိခင်အား နှင်ထုတ်ရန် ခင်ပွန်းဖြစ်သူအား တိုက်တွန်းသည်။

အာဗြဟံ သည် သားကြီး အစ္စမေးလ် ကို လည်း အသည်းနှင့်အောင်ချစ်သောကြောင့် ဆာရာ၏တောင်းဆိုမှု အတွက် ရင်ကွဲလုမတတ် ခံစားခဲ့ပါသည်။ သို့သော် ဘုရားသခင်က အစ္စမေးလ် အတွက် စိတ်မပူရန်နှင့် လူမျိုးကြီး တစ်မျိုး၏ ဖခင်ကြီးဖြစ်စေမည် ဟုကတိပေးကာ ဆာရာ ၏ တောင်းဆိုချက်ကို လိုက်လျောရန် အခွင့်ပေးသဖြင့် ကျွန်မ Hagar နှင့် သားကြီး အစ္စမေးလ် ကို အိမ်မှ နှင်ထုတ်လိုက်သည်။

ကြီးစွာသောစုံစမ်းခြင်း
သားငယ် Isaac ၃၇ နှစ်အရွယ်ရောက်သော အချိန်တွင် ဘုရားသခင်က အာဗြဟံထံ သားအားဖြင့် ယဇ်ပူဇော်ခြင်း ပြုလုပ်ရန် စေခိုင်းသည်ဟု ဂျူးလူမျိုးတို့၏ ဆိုရိုးစကားများကဆိုသည်။ ထို့ကြောင့် ဆာရာသည် သားငယ် Isaac အသက် ၃၇ နှစ်တွင် သေသည် ဟုပြောစမှတ်ရှိသည်။ သားငယ်ကိုသတ်ပြီး ယဇ်ပူဇော်ခြင်း ပြုလုပ်ရန် ဘုရား၏စေခိုင်းချက်ကြောင့် နှလုံးကွဲပြီး အသက် ၁၂၇ တွင်သေဆုံးသွားသည်ဟုဆိုသည်။

ကျမ်းစာထဲတွင်မူ Isaac ထိုအချိန်တွင် အသက်မည်မျှရှိကြောင်း ဖော်ပြထားခြင်းမရှိပါ။ သားအဖ နှစ်ယောက်သား Beersheba အရပ်တွင်ရှိသော အိမ်မှ သုံးရက်ခရီးဝေးသော Moriah တောင်ရှိရာသို့ ခရီးပြုသည်ဟုဆိုပါသည်။ Moriah တောင်ကုန်းဟု အမည်ရသော ဂျေရုရှလင် မြို့လယ်တစ်နေရာတွင် နောင်နှစ်ပေါင်းများစွာကြာသောအခါ ဆော်လမွန် ဘုရင်ကြီးက ဘုရားကျောင်းကြီးတစ်ခုကိုတည်ခဲ့ပြီး၊ ဤ နေရာတွင်ပင် အစ္စလမ် ဘာသာဝင်တို့၏ အမိုးဝိုင်း (doom) အဆောက်အဦး ကြီးတစ်ခုက ယနေ့ခေတ်တွင် နေရာယူကာ ဂျေရုရှလင် တစ်မြို့ လုံးမှလှမ်း မြင်နေရသည်။ အာဗြဟံ တို့သားအဖ တက်ရောက်ခဲ့သော Moriah တောင်သည် ဤဂျေရုရှလင် မြို့လယ်ရှိ အထင်ကရနေရာ Moriah တောင်ကုန်းနှင့် အတူတူပင်ဖြစ်မည် ဟုပညာရှင်များက ယုံကြည်သည်။

The place of Moriah today

ဘုရားစကားကို တဝေမတိမ်း လိုက်နာသော အာဗြဟံသည် ယဇ်ပူဇော်ရန် ကျောက်တုံးပလ္လင် တည်ပြီး သားကိုသတ်ရန် ဓါးကို မြောက်လိုက်သော အချိန်တွင်၊ ဘုရားသခင်၏ကောင်းကင် တမန်တော် တစ်ပါး ပေါ်ပြီး သင်သည် ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့သူဖြစ်သည်ကို သိရှိပြီဖြစ်ကြောင်း၊ သားကို မထိမခိုက်စေရန် အမိန့်ပေးကာ ယဇ်ကောင်းအားဖြင့် ကိုးကွယ်ခြင်း အမှုကိုပြုနိုင်ရန် သိုးတစ်ကောင်ကို ပေးသည် ဟု ကျမ်းစာ (ကမ္ဘာ ၂၂း၁၂) တွင်ဖော်ပြပါရှိသည်။

ဓမ္မသစ်ကျမ်းစာတွင် ဖခင် ဖြစ်သော အဖဘုရားသခင်နှင့် ယဇ်ကောင်ဖြစ်သော သား သခင်ယေရှု အကြောင်းကို ဤ အဖြစ်အပျက်က ကြိုတင် နိမိတ်ပြသည်ဟုဆိုနိုင်ပါသည်။ အဗြဟံ က အလွန် ချစ်သောသားကိုပင် မနှမျှောဘဲ ယဇ်ပူဇော်ရန် ပြုခဲ့သကဲ့သို့ ဘုရားသခင်သည် သူ၏အချစ်ဆုံး သားတော် သခင်ယေရှု၏ အသက်ကို မနှမျှောဘဲ အပြစ်သားလူသားအားလုံးအတွက် စတေးခံကာ ယဇ်ပူဇော်ခြင်းကိုအမှုကိုပြုခဲ့ပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို ကျွန်တော်တို့ နားလည်သဘောပေါက်ခံယူ ကြရန် အရေးကြီးလှပါသည်။

အာဗြဟံသည် ချစ်ဇနီး ဆာရာ သေဆုံးပြီး နောက်ထပ် နှစ်လေးဆယ်ခန့် အသက်ရှင်သေးသည်။ ထို့နောက် မိသားစုအတွက် ဂူသင်္ချိုင်း အဖြစ် ၀ယ်ယူ ထားသော Hebron အရပ်ဒေသရှိ Machpelah ဂူ၌ ချစ်သော ဇနီး ဆာရာ၏ဘေးတွင် င်္သဂြိုလ်ကြသည်။ နောင်နှစ်ပေါင်းများစွာကြာမြင့်သောအခါ သား Isaac ချစ်ဇနီး Rebekah နှင့် Leah တို့အပြင် Jacob တို့ကိုလည်း ဤ ဂူသင်္ချိုင်းတွင်ပင် င်္သဂြိုလ်သည်။ ယနေ့ ဤ ဂူသင်္ချိုင်း နေရာတွင် အစ္စလမ် တို့၏ ဗလီ (mosque) တစ်ခုရှိပြီး၊ ထို ဗလီကို Tomb of the Patriarchs ဟုခေါ်သည်။ ထို ဗလီ ကို ဟေရုဒ် ဘုရင်ကြီးက လွန်ခဲ့သည့် နှစ်  နှစ်ထောင် ခန့် ပါတ်ဝန်းကျင်တွင် တည်ဆောက်ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ခန့်တွင် မူဆလင်ဘာသာဝင် တို့ကသိမ်းပိုက်ကာ ယနေ့ထိတိုင်အောင် ဗလီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ဤ အရပ်ဒေသသည် ပါလက်စတိုင်းတို့ ၏နယ်မြေထဲတွင် ရှိသော်လည်း ဂျူးဘာသာဝင် တို့အား အကန့် အသတ်ဖြင့်  ၀င်ရောက် ကိုးကွယ် ကြည်ညိုခွင့်ပေးထားသည်။

ယနေ့အာဗြဟံ၏ဂူသင်္ချိုင်းနေရာ Tomb of the Patriarchs

သောင်းနိုး

Ref: Who’s who and Where’s where in the Bible

Leave a Reply