တောင်ပေါ်တရားတော်၏နောက်ခံ (၃)

By Rev. Dr. Simon Pau Khan En

(ဂ) တစ်ချို့သောပုဂ္ဂိုလ်များ ကမူ ဤကဲ့သို့  အတင်း စေခိုင်း ခြင်းမှာ သူ  လောကသို့ အမြန် ဆင်းကြွ လာမည်ဟုယူဆပြီး၊  တဒင်္ဂအတွက် သာ ဖြစ်သောကြောင့် မကြွဆင်းမှီ ခဏတဖြုတ်အတွင်း ကျင့်သုံးရန် သွန်သင်ထားခြင်းဖြစ်သည်ဟု ခံယူကြသည်။  ယေရှုသည် (၁၀)နှစ် ကာလအတွင်း၌  ပြန်လည် ကြွဆင်းမည် ဖြစ်၍  ခေတ္တခဏ အတွက် ပြင်းပြင်း ထန်ထန် မှာထားခဲ့ခြင်းဖြစ်သည် ဟု ယုံကြည်သည်။ ဤသို့ ယုံကြည်သူများအနက် (Dr. Albert Schweltzer) သည် နာမည်ကြီးသူ တစ်ဦးဖြစ်သည်။ သူသည် ယခုခေတ်အတွက် သွန်သင်ထားခြင်း မဟုတ်ဟု ဆိုသည်။ 

(ဃ) တစ်ချို့ပုဂ္ဂိုလ်များက တောင်ပေါ်တရားတော်သည် လူတိုင်းအတွက် မဟုတ်၊ ခရစ်ယာန်တိုင်းအတွက်လည်း မဟုတ်ပါ၊ အမှုတော်ဆောင်များ အတွက်သာ တင်းတင်းကြပ်ကြပ် ရေးသားခြင်းဖြစ်သည်။ သာမန်ခရစ်ယာန်များ အတွက် တစ်မျိုး၊ အမှုတော်ဆောင်များအတွက် တစ်ဖုံ လိုက်နာရန် နှစ်ပိုင်း ပိုင်းခြားထားဟန် ရှိသည် ဟုယူဆ ကြသည်။

(င) တစ်ချို့သော ပုဂ္ဂိုလ်များက တောင်ပေါ်တရားတော်သည် လူတိုင်းနှင့် မသက်ဆိုင်။ ခရစ်ယာန် အသိုင်းအ၀ိုင်း၊ အသင်းတော် အတွင်း၌သာ ကျင့်သုံးရန်ဖြစ်သည် ဟုယူဆကြသည်။

ဤကဲ့သို့ သူ့အတွက် ငါ့အတွက်ဆိုပြီး၊ ၀ိဝါဒ ကွဲပြားခဲ့ကြပါသည်။ တစ်ချို့ကလည်း တောင်ပေါ်တရားတော် သည် ခရစ်ယာန်များအတွက် တစ်သဝေမတိမ်း လိုက်နာရန်ဖြစ်သည်၊ မျက်စိက အမှားပြုလုပ်မိလျှင် မျက်စိကို ထုတ်ပစ်ပြီး၊ လက်က အမှား ပြုလုပ်မိပါကလည်း လက်ကို ဖြတ်ပစ် သူများလည်းရှိခဲ့သည်။ သို့ဖြစ်၍ မည်သူ့ကို ရည်ရွယ်ပြီး ရေးသားသည်ကို သိသင့်ပေသည်။ အမှန်မှာ တောင်ပေါ် တရားတော်သည် လူတစ်ချို့ကိုသာ ရည်ရွယ်ပြီး ရေးသားခြင်း မဟုတ်ပါ။ ဘုရားသခင်၏ ကရုဏာတော် ခံစားရပြီး၊ အပြစ်မှ ရွေးနှုတ်ခြင်း ခံရသူ လူသားအားလုံး အတွက်ဖြစ် သည်။ တောင်ပေါ် တရားတော်သည် ကယ်တင်ခြင်း ရဖို့ရန် မဟုတ်ပါ။ ကယ်တင်ခြင်း ရရှိပြီးသူများ၊ ကောင်းကင်နိုင်ငံ စာရင်းဝင်ပြီးသူများ အတွက် ကျင့်ကြံပြုမူရန် ဖြစ်သည်။ ကျေးဇူးတော် ခံစားရန် မဟုတ်၊ ကျေးဇူးတော်ခံစားသူများအား စိန်ခေါ်ခြင်းသာလျှင် ဖြစ်သည်။ ယုံကြည်သူများ လိုက်လျှောက်ရမည့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ အလုပ်ကြိုးစားခြင်း၊ အကျင့်ကောင်းကျင့်ခြင်း စသည်တို့သည် သနားကြင်နာခြင်း၊ ယုံကြည်ခြင်းမှ စီးဆင်းလာခြင်းပင်ဖြစ်သည်။ လုပ်အားခ ရလိုခြင်းသည် မက်မောခြင်း ကြောင့် မဟုတ်ပါ။ ထိုသို့ ဆိုသော် တောင်ပေါ်တရားတော်မှ စေခိုင်းချက်များ ပုထုစဉ်လူသားများ အနေဖြင့် လိုက်နာ နိုင်ကြမည်လော။ အဖြေမှာ ဘုရားသခင်၏ ကြင်နာခြင်း၊ ခွန်အားပေးခြင်းဖြင့် သာလျှင် လိုက်နာနိုင် မည် ဖြစ်သည်။ ယေရှုသည် ဤတောင်ပေါ်တရားတော် ဟောကြားတော်မူစဉ်က တစ်သဝေမတိမ်း လိုက်နာနိုင်မည် မဟုတ်ကြောင်း နားလည်သည်။ လူသည် အားနည်းကြောင်း သိသည်။ လိုက်လျှောက်ရင်း ခြေချော် လက်ချော်ဖြစ်မည်ကို လည်းသိသည်။ သို့တိုင်အောင် ကိုယ်တော်၏ သနားကြင် နာခြင်း သည်ကား လွှမ်းမိုးနေဆဲပင်ဖြစ်သည်။ ယုံကြည်သူများသည် “ကြင်နာခြင်း” နှင့် “ခိုင်းစေခြင်း” နှစ်မျိုးစပ်ကြား၌ ကျင်လည်နေ ရသည်။ သို့ရာတွင် ဤ စေခိုင်းခြင်း နှစ်မျိုးကို မိမိ အင်အားနှင့် ကျော်လွန်နိုင်မည် မဟုတ်ပါ။ ကျော်လွန်အောင်မြင်နိုင်ရန် ဘုရားသခင် ကူညီ ဖေးမဖို့ လိုပါသည်။

ယုံကြည်သူများသည် အသစ်ပြုပြင်ပြီး ဖြစ်၍ တောင်ပေါ်တရားတော် အရ မာန်မာနရှိခြင်း၊ ဟန်ဆောင်ခြင်း နှင့် ကိုယ်ကျင့်တရား အပေါ် ရပ်တည်ခြင်းသည် အရာ မရောက်ပါ။ သို့ဖြင့် ကိုယ်ကျင့်တရားကြောင့် မဟုတ်၊ ငါတို့ အလိုကျ လိုက်လျှောက်ခြင်းနှင့် လည်း မရပါ။ ကယ်တင်ခြင်း စိတ်ချမှုရပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ရည်တွက်ကာ သူ၏ အလိုတော်အတိုင်း လိုက်လျှောက်လိုသော ဆန္ဒရှိရမည်။ လိုက်လျှောက်ဖို့ရန် ခွန်အား နည်းပါးလျှင်လည်း ကိုယ်တော့် ထံမှလာသောခွန်အားနှင့် ပင် လျှင် အသက်ရှင်နိုင်ဖို့ရန် ဖြစ်ပါသည်။ ကယ်တင်ခြင်း ရရန် ကျင့်ကြံ ကြိုးစားရန် မဟုတ်ပါ၊ ကယ်တင်ခြင်းရသောကြောင့် ကျင့်ကြံနေထိုင်ခြင်းဖြစ်ရန် လိုအပ်ပါသည်။ ကိုယ်ကျင့်တရားကောင်းမှုကြောင့် မျက်နှာရသူများ မဖြစ်သင့်ပါ။ သနားကရုဏာတော် ကြောင့်သာ လိုက်လျှောက်သူများ ဖြစ်ဖို့ရန် လိုသည်။ စေခိုင်းသူသည် အင်အားနည်းသောအခါ ခွန်အားပေး၊ ခွင်လွှတ်တတ်သော အရှင်ဖြစ်သည်။ စေခိုင်းချက်များသည် ပညတ်တော်ကြောင့် မဟုတ်၊ ချစ်ခြင်းမေတ္တာ ပြသခြင်းသာ ဖြစ်သည်။ သခင်မှ ကျွန်ကို စေခိုင်းသကဲ့သို့ မဟုတ်၊ ဖခင်မိခင်များမှ၊ သား၊ သမီးများကို စေခိုင်း သကဲ့သို့ဖြစ်သည်။ သို့ဖြစ်၍ ဤတောင်ပေါ်တရားတော်သည် ဘုရားသခင်၏ သနားကြင်နာခြင်း ခံစားသူ အယောက်တိုင်း အတွက်ဖြစ်သည် (မဿဲ ၇း၁၁)။

အထက်ဖေါ်ပြချက်များမှ အကျဉ်းချုပ်အားဖြင့် တောင်ပေါ်တရားတော်ဆိုသည်မှာ။

  1.  ဘာသာတရားမှ အစပြုသော ပြုမူ ကျင့်ကြံရန် နမူနာများ
  2. ယေရှုခရစ်တော် ဘုရား၏ ကရုဏာတော်ကို ရရှိပြီး၊ နောက်တော်လိုက်လျှောက်မည့် သူများ အတွက် လမ်းပြမှု။
  3. အသစ်ဖန်တီးခြင်းမဟုတ်၊ သမ္မာကျမ်းစာ ဖော်ပြနှင့်ပြီးသား ကိုယ်ကျင့်တရား၊ ပရောဖက်များ ဟောကြားပြီး အသက်တာသစ်အတွက် သွန်သင် ဖတ်ပြချက်များ။
  4. မည်သို့မျှ ကြိုးစားပါလေစေ ပြည့်စုံခြင်း မရှိနိုင်သော ပုထုစဉ်လူသားများဖြစ်သည်။ သို့ရာတွင် စိတ်ဓါတ် ကျရန် မဟုတ်၊ ဘုရားသခင်ဆီမှ လာသောခွန်အား နှင့်သာ ဆက်တိုက် လုပ်ဆောင်ရမည့် အချက်သာဖြစ်သည်။

ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံသော သူတိုင်း ဘုရားသခင်၏ နိုင်ငံတော်၌ ၀င်စားကာ ဘုရားသခင်၏ သားဖြစ်ပြီး၊ သူတို့၏ ကျင့်ကြံနေထိုင်ရန် တောင်ပေါ်တရားတော်ကို ပေးထားခဲ့ခြင်း ဖြစ်ပါသည်။ လူ၏ ခွန်အားနှင့် မအောင်မြင်သည်ကို ခိုင်းစေသူသည် ငါတို့၏ အားနည်းမှုအပေါ် ကူညီမစရန် အစဉ်ရှိပါသည် စေခိုင်းသူ၏ ခွန်အားနှင့်ပင်လျှင် လူတို့ နေထိုင်ရမည်သာဖြစ်သည်။

____________________

မှတ်ချက်။ သိက္ခာတော်ရဆရာ ဒေါက်တာဆိုင်မွန်ပေါင်ခန့်အင်း ရေးသားသော တောင်ပေါ်တရားတော် မှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။

Leave a Reply