ဝန်ခံလက်မှတ်ထိုးရဲပါသလား

လူထု တရားဟောပွဲ တစ်ခု၌ အမျိုးသမီးငယ် တစ်ဦး သည် နောက်ဆုံး သောည တိုင်အောင်၊ ကယ်တင်ခြင်း တရားကိုလက်မခံနိုင်ခဲ့ပေ။  နောက်ဆုံးညတရားဟော ဆရာပြန်ခါနီးမှာ သူမသည်လာ၍ “အရမ်းဝမ်းနည်းတယ်ဆရာ” ဟုပြောပြရာ ဆရာက “ဘာအခက်အခဲများ ရှိလို့လည်း” ဟုပြန်မေးပါသည်။ သူမက “ညတိုင်း ဆရာရဲ့ တရားဟောချက်များကို နားထောင်ခဲ့ပေမယ့် စိတ်ရဲ့ငြိမ်သက်ခြင်းမရရှိပါဘူး၊ မနက်ဖြန်တော့ ရမှာပါ လို့ ညတိုင်း မျှော်လင့်ချက်ထားပေမယ့်လည်း၊ အခုထိ ထူးခြားမှုမရှိပါဘူး၊  ဒီည အစည်းအဝေးပွဲလည်း ပြီးသွားပြီဆိုတော့၊ ကယ်တင်ခြင်းတရားကို လက်ခံနိုင်ဖို့၊ သမီးကိုဘယ်လိုလုပ်ပေးမှာလည်း၊ ဆရာပြောတဲ့အတိုင်း နာခံပါ့မယ်” ဟုပြောသည်။

ဆရာက. . လူသားများအားလုံးဟာ အပြစ်သားများဖြစ်တဲ့အကြောင်း၊ ခရစ်တော်သည် လူသားများကိုယ်စား လက်ဝါးကားတိုင်ပေါ်တွင် အသေခံပေးခဲ့တဲ့ အကြောင်း၊ ခရစ်တော်က လူသားများအားလုံးရဲ့ အပြစ်ကြွေးများအားလုံးကို ဆပ်ပေးသွားခဲ့တဲ့အကြောင်း၊ ခရစ်တော်ကို လက်ခံယုံကြည်ခြင်းအားဖြင့် မထိုက်တန်သော်လည်း ဖြောင့်မတ်ခြင်းသို့ ရောက်ရတဲ့အကြောင်း စသဖြင့် အသေးစိတ်ပြန်၍ ရှင်းပြလိုက်သည်။

သူမသည် မျက်ရည်စက်လက်ဖြင့် “သမီးယုံပါ့မယ်၊ လက်ခံပါ့မယ်”  ဟုပြောရာ ဆရာက

“တကယ်လက်ခံမှာလား” ဟုပြန်မေးလိုက်သောအခါ သူမက “ဒီလိုကျတော့လည်း လွယ်လွန်းတယ်” ဟု ပြန်ပြောခဲ့ပါသည်။ ဆရာက စာရွက်တစ်ရွက်ယူ၍ စာအနည်းငယ် ရေးပြီး ဒီနေရာမှာ ၀န်ခံလက်မှတ်ထိုးရဲသလား ဟုမေးပြီး စာရွက်ကိုပြလိုက်သည်။ စာရွက်ပေါ်တွင်  ‘နိုဝင်ဘာလ (၂၁) ရက်နေ့၌ ကျွန်မသည် သခင်ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါသည်’   ဟုရေးသားထားသည်။ သူမသည်စာကိုဖတ်ပြီး “သမီးလက်မှတ်မထိုးရဲဘူး” ဟုဆိုလျက်ခေါင်းခါပြီး စာရွက်ကို ပြန်ပေးသည်။

ခေတ္တခဏ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။ ဆရာက နောက်ထပ်စာရွက် တစ်ရွက်ယူ၍ ‘ နိုဝင်ဘာလ (၂၁) ရက်နေ့၌ သခင်ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်မှ ကျွန်မငြင်းပယ်ပါသည်’  ဟုပြန်ရေးသည်။ သူမကစာရွက်ကို ယူ၍ဖတ်ပြီး မျက်လုံး၊ မျက်ဆံပြူးလျက် “သမီးလက်မှတ် မထိုးရဲဘူး” ဟုခါးခါးသီးသီး ငြင်းဆန်ပြန်သည်။ နှစ်ဦးစလုံး၏ အသက်ရှုသံပင် ကြားရလောက်အောင် ပြန်လည်ငြိမ်သက်သွားသည်။ ထို့နောက် ဆရာက “သခင်ယေရှုကို လက်ခံမှာလား၊ ဒါမှ မဟုတ်ငြင်းမှာလား” ဟု ငြင်သာစွာ ပြန်မေးလိုက်သည်။ ထိုခဏချင်းပင် သူမ၏မျက်နှာသည် ရုတ်တရက် လင်းလက်လာပြီး “သမီးသဘောပေါက်ပါပြီ၊ ပထမစာရွက်ပြန်ပေးပါ” ဟုတောင်းကာ တုန်ရီသောလက်များဖြင့် လျင်မြန်စွာ လက်မှတ်ထိုးလိုက်သည်။

မိတ်ဆွေ. . . ဒီနေ့ သခင်ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ် လက်မခံနိုင်သေးရင်၊ သင်သည် ယေရှုကို ငြင်းပယ်သောသူ ဖြစ်ပါသည်။ သခင်ယေရှုကို လက်ခံခြင်း၏ အခြားတဖက်တွင်၊ သခင်ယေရှုကို ငြင်းပယ်ခြင်းတည်း ဟူသော၊ စာတန်၏ ဖက်တော်သားများ ရှိပါသည်။ ထိုသို့ဆိုလျှင် သင်သည် စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သေးသည်။ အချိန်မနှောင်းခင် သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ် လက်ခံရန် ဆုံးဖြတ်ကြပါစို့။

အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာ သို့ရောက်ခြင်းငှါ စိတ်နှလုံးနှင့်ယုံကြည်ရ၏။ ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။. . .
( ရောမ ၁၀း ၉ -၁၁ )


မှတ်ချက်။   ။ လူမျိုးတကားဓမ္မကျောင်းတော်မှ ထုတ်ဝေသော လူမျိုးတကာ စာစောင် (ဒီဇင်ဘာ ၂၀၀၉) မှ ထပ်ဆင့်တင်ပြထားပါသည်။

Leave a Reply