သတိ. . . . ချစ်တတ်ပါ

မောင်လူအေး တစ်ယောက် ဧ၀ံဂေလိ ထွက်လာသည်မှာ နှစ်တွေ မနည်းတော့ပါ။ ဒီနေ့လောက် ပင်ပန်းချောက်ခြား ရတဲ့နေ့လည်း မရှိခဲ့ပါ။ တကယ်တန်းစစ်ကြည့်ရင်လည်း ဘယ်သူ့ကိုမှတော့ အပြစ်ပြောလို့မရပါ။ လူသားစားလူရိုင်းတွေနေတဲ့နေရာ၊ ဒေသကိုမှ ဧ၀ံဂေ လိထွက်ချင်တာကိုး. . . ခံပေါ့။
အဖြစ်ကတော့သည်လိုပါ။ လူသားစားလူရိုင်းတွေရှိရာကို ကယ်တင်ခြင်းသတင်းကောင်း ဟောဖို့အလာ သူ့ကို ခုတ်မယ်၊ ဖြတ်မယ်၊ စားမယ်ဆိုပြီး လူသားစားလူရိုင်းတွေလိုက်လာပါလေရော. . .။ ရန်သူကိုချစ်ရမယ်၊ ကိုယ့်ပါးတစ်ဖက်အရိုက်ခံရရင် ကျန်တဲ့ပါးတစ်ဖက်ပါပေးပြီး အရိုက်ခံလိုက်ပါလို့ သမ္မာကျမ်းစာက ဆိုထားပေမယ့် ကိုယ့်အသားတော့ဘယ်အစားခံနိုင်ပါ့မလဲ. . . ဟုတ်ဘူးလား.. ပြေးရတော့ဒါပေါ့။  မြို့မှာကြီးပြင်းလာခဲ့တဲ့ မြို့သားနဲ့ တောမှာတစ်သက်လုံးကျင်လည်၊ ကျက်စားခဲ့တဲ့လူရိုင်းတို့ရဲ့ အပြေးပြိုင်ပွဲက ကြာကြာတော့ မခံပါဘူး။   
မောင်လူအေးရဲ့နောက်ဆုံးအကြံကတော့ တောသားလူရိုင်းကိုနောက်ဆုံးအနေနဲ့ ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ပြောပြပြီး လူလူချင်းတစ်ဦးကိုတစ်ဦးချစ်ဖို့ ဖြောင့်ဖျ ပြောဆိုမယ်ပေါ့. . .။ အမြန်ဆုံးဆုတောင်း ကိုလူရိုင်းရှေ့မှာ ဒူးထောက်ပြီး တတ်သမျှ၊ မှတ်သမျှ တရစပ်ပြောလိုက်တယ်။ ဒါပေမယ့် ကိုလူရိုင်းက သဘောပေါက်ပုံမရပါဘူး ကောင်းကင်ကိုမျှော်ကြည့်… လှံကြီးတကားကားနဲ့ အကြီးအကျယ်အော်ဟစ်နေတယ်။ မောင်လူအေးလည်း တတ်သမျှ မှတ်သမျှနဲ့ ခပ်ကြောက်ကြောက်ပြန်မေးလိုက်တယ်. . . ဘာလုပ်တာလည်းပေါ့. . . ။ လူရိုင်းရဲ့ အဖြေကြောင့် မောင်လူအေးခမျှာ ရီရမလို. . . ကျေးဇူးတော်ဘဲချီးမွမ်းရမလို. . . ငိုရမလိုဖြစ်သွားတယ်။ ကိုလူရိုင်းပြောသွားဒါကတော့. . “ဒီနေ့တမနက်လုံး အစာရှာဒါ . .အခုမှ အစာရလို့ .. အစားအစာအတွက်ကျေးဇူးတော်ချီးမွမ်းနေဒါ ကွ”. . . ဟူသတတ်။
မိတ်ဆွေ. . . လူသားတိုင်း ကို ဘုရားရှင်ဖန်ဆင်းထားပြီး လူသားအားလုံးကို ဘုရားကချစ်တယ်၊ တန်ဖိုးထားတယ်။ ကျွန်တော်တို့လူသားတွေလည်း အချင်းချင်း လူမျိုးမရွေး၊ ဘာသာမရွေး၊ ဂိုဏ်းဂဏ မရွေး၊ အသားရောင်မရွေး ချစ်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ကိုယ် လိုအပ်တဲ့အရာတစ်ခုရရှိဖို့ အခြားသူ နစ်နာသွားမှာကို ဂရုမစိုက်သူတွေ၊ ဘယ်လောက်ပဲ ကိုယ့်အသင်းတော် ထဲမှာ ကျေးဇူးတော်ချီးမွမ်းပြီးအော်ဟစ်နေပေမယ့် အခြားအသင်းတော်တွေကို ရစရာမရှိအောင်ပုတ်ခတ်တတ်သူတွေ၊ ကိုယ့်အတွက်သာ စဉ်းစားပြီးအခြားသူတွေအတွက် ဂရုမစိုက်တတ်သူတွေဟာ အထက်ကလူသားစားလူရိုင်းနဲ့ ထူးမခြားနားတဲ့ခေတ်သစ် လူရိုင်းများသာဖြစ်ကြောင်း မေတ္တာနဲ့တင်ပြလိုက်ပါတယ်။
လူသားအချင်းချင်း၊ အသင်းတော်အချင်းချင်း၊ လူမျိုးအချင်းချင်းချစ်ခင်နိုင်ကြပါစေ
နာမတော်မြတ်၌
သောင်းနိုး

Leave a Reply