ငရဲပြည်ရောက်လူလေးမျိုး

ကယ်တင်ခြင်း လက်မခံသော သူတိုင်း ငရဲသွား ရမည်ဖြစ်ပြီး ယင်းငရဲ ထဲတွင်လူတန်း စားလေးမျိုး တွေ့ရပါသည်။ ငရဲရောက်လူလေးမျိုးထဲတွင် သင်ပါဝင်ပါက လွတ်မြောက်ရာထွက်ပေါက်လမ်းမရှိပါ။ သေမင်းတမန် မခေါ်မှီ အချိန်မီ ခရစ်တော်ကို လက်ခံရန်လိုသည်။ ထာဝရ ငရဲပြည်ကို ရောက်မည့် လူတန်းစားလေးမျိုးတို့မှာ အောက်ပါအတိုင်းဖြစ်သည်…..
  • ကယ်တင်ခြင်းကို ဂရုမစိုက်သူ (၀ါ) နားမထောင်သူ Neglectors
  • ငြင်းပယ်သောသူ Rejecters
  • မထီမဲ့မြင်ပြုသူများ Despisers
  • ကယ်တင်ခြင်းမကြားသူများ Unreached
ကယ်တင်ခြင်းကို ဂရုမစိုက်သူ (၀ါ) နားမထောင်သူ Neglectors ( ဟေဗြဲ ၂း ၃)
“ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲနေလျှင် အပြစ်ဒဏ်နှင့် မည်ကဲ့သို့ လွတ်ကြလိမ့်မည်နည်း” ဘုရားသခင်၏ အကြီးမြတ်ဆုံးသောအရာမှာ ကယ်တင်ခြင်း တရားပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ကြီးမြတ်သည်ဟု ပြောသောအရာကို ကျွန်ုပ်တို့ ဂရုမစိုက်ပါက အလွန်အန္တရယ်ကြီးပါသည်။ ဤသူများသည် လောကအရာများနှင့်သာ ပျော်မွေ့ပြီး သူ့ဝိညာဉ်အတွက် အချိန်မပေးနိုင်သောသူများဖြစ်သည်။ ကယ်တင်ခြင်းကို မငြင်းပယ်သော်လည်း လောကီရေးရာနှင့်သာ အချိန်ကုန်သောကြောင့် ကယ်တင်ရှင်ကို မရှာဖွေနိုင်၊ သတင်းစကားကို နားမထောင်နိုင်၊ ကယ်တင်ခြင်းနှင့်ဆိုင်သော စာစောင်များကိုလည်း ဖတ်ဖို့ရန် အချိန်မပေးနိုင်ပါ။ ကယ်တင်ခြင်းကိုငြင်းပယ်ပြီး မထီမဲ့မြင်ပြုခြင်း မရှိသော်လည်း ဂရုမစိုက်နိုင်သောကြောင့် ငရဲပြည်သို့ရောက်မည့်သူများဖြစ်သည်။

ငြင်းပယ်သောသူ Rejecters (ယေ ၁၂း ၄၈)
“ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသောစကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်” သခင်ယေရှုသည် အပြစ်စီရင်ဘို့ကြွလာခြင်းမဟုတ်ဘဲ၊ လောကီသားများကို ကယ်တင်ရန်ကြွဆင်းလာခြင်းဖြစ်သည်။ သခင်ယေရှုအသွေးတော်အားဖြင့် ကယ်တင်ပြီးဖြစ်သောကြောင့် ယုံကြည်သူသည် အပြစ်စီရင်ခြင်းမှ လွတ်သော်လည်း သူရဲ့ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို ငြင်းပယ်သောသူ အားလုံးတို့သည် လွတ်ခြင်းအခွင့်မရပါ။ တမန်တော်ရှင်ပေါလု၏ ဟောပြောမှုကြောင့် ရှင်ဘုရင် ဖေလဇ်သည် ကြောက်လန့်သော်လည်း နောက်မှ အဆင်သင့်သောအချိန်ကို စောင့်နေရင်း ရာထူးပြုတ်သောကြောင့် ကယ်တင်ခြင်းလက်ခံရန် အချိန်မရှိတော့ပါ။ ယနေ့သည် ကယ်တင်ရာနေ့ရက်ဖြစ်သည်။ မနက်ဖြန်သည် နောက်ကျနိုင်သောကြောင့် ဒီကနေ့ ဒီသတင်းကောင်းကြားပါက လက်ခံဘို့ရန်အတွက်အရေးကြီးပါသည်။ (တ ၂၄း ၂၄ -၂၇)
မထီမဲ့မြင်ပြုသူများ Despisers ( တမန် ၁၃း ၄၀ – ၄၁)
“အနာဂတ္တိကျမ်း၌လာသည်ကား မထီမဲ့မြင်ပြုတတ်သောသူတို့ ကြည့်ရှုအံ့သြ၍ ပြယ်ပျောက်ခြင်းသို့ရောက်ကြလော့” သခင်ယေရှုနှင့်အတူ လက်ဝါးကားတိုင်မှာ စွဲထားခြင်းခံသော ဓါးပြနှစ်ယောက်တွင် တစ်ယောက်က သခင်ယေရှုကို လက်ခံပြီး တစ်ယောက်က မထီမဲ့မြင်ပြုခဲ့ပါသည်။
ခရစ်တော်မှန်လျှင် မိမိကိုယ်ကို ကယ်ပြီး ငါတို့ကိုကယ်ပါဟု မထီမဲ့မြင်ပြုခဲ့ပါသည်။ ဘေးပတ်ဝန်းကျင်၏ ပြောစကားအတိုင်းလည်းလိုက်ပြောပါသည်။ ယနေ့ သခင်ယေရှု၏ လူ့ဇာတိခံယူခြင်း အံ့သြဖွယ် နိမိတ်လက္ခဏာနှင့် သူ၏ဒုတိယအကြိမ်ကြွလာမည့်အရာနှင့် ကယ်တင်ခြင်းကို မထီမဲ့မြင်ပြုသောသူ၏ အသက်တာသည် အင်မတန်မှ ကြောက်စရာကောင်းပါသည်။
ကယ်တင်ခြင်း မကြားသူများ Unreached (ရောမ ၁၀း ၁၄)
“သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ ပဌနာပြုနိုင်မည်နည်း၊ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း ဟောပြောသူ မရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း” ဤလောကတွင် ကယ်တင်ခြင်း သတင်းကိုကြားပြီး လက်မခံသောသူနှင့် မကြားဘဲနှင့်လက်မခံသောသူများဟူ၍ နှစ်မျိုးရှိပါသည်။ ယုံကြည်သောသူသာလျှင် ကယ်တင်ခြင်းရမည်ဖြစ်ပြီး မကြားသောသူများ ငရဲသို့သွားရမည်ဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းလုံး ဧ၀ံဂေလိ သတင်းဝေငှရန် သခင်ယေရှုမိန့်မှာထားပါသည်။ တောင်ပြည်ကို အစိုးရသော ဘုရင်မ ရှေဘ သည်သူ့ထံသို့ မည်သူတစ်ယောက်မှကယ်တင်ခြင်း မဝေငှသောကြောင့် ကယ်တင်ခြင်းသတင်းကြားနိုင်ဘို့ ရှောလုမုန်ဘုရင်ထံသို့ သွားခဲ့ပါသည်။ နောက်ဆုံးတရားစီရင်သောအချိန်တွင် ကျွန်ုပ်မကြားပါဟု ဆင်ခြေပေးသောသူများ၏ အခြားတစ်ဖက်တွင် သူမသည် သက်သေအဖြစ် ရပ်တည်မည်ဖြစ်သည်။ ကယ်တင်ခြင်းသတင်းကိုသူမထံသို့ မည်သူကမျှ လာရောက်ဝေငှခြင်းမရှိသော်လည်း ကိုယ့်ဖာသာ ကယ်တင်ခြင်းသတင်းပြောကြားသည့်အရပ်သို့ ရောက်အောင်သွားပါသည် ဟုဆိုလိမ့်မည်ဖြစ်သည်။ ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ လက်မခံသောသူ အားလုံး ငရဲသွားရမည်ဖြစ်ပြီး ကြားပြီးလက်မခံသော သူများသည် မကြားဘူးသောသူများထက် ဒုက္ခပို၍ခံစားရမည်ဖြစ်သည်။ (မဿဲ ၁၂း ၂၄၊ ၁၂း ၄၇ – ၄၈ )
မှတ်ချက်။    ။ ဒီဇင်ဘာလ ၂၀၀၉ တွင် ထုတ်ဝေသော “လူမျိုးတကာ” ဓမ္မစာစောင်မှထပ်ဆင့်တင်ပြထားပါသည်။

Leave a Reply