ကယ်တင်ခြင်း နှင့်ပတ်သက်သောသိသင့်သည့်အချက် (၇) ချက်

သခင်ယေရှုသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ဤလောကသို့ ကြွလာတော်မူသည်။ မိမိကယ်တင်ခြင်း အတွက် ရေငတ်သောသူ၊ ၀န်လေး ပင်ပန်းသော သူများသည် ကိုယ်တော် ထံတော်ပါး သို့လာပြီးလျှင် ထိုလက်ဆောင်ကိုလက်ခံဘို့ရန် ယခုပင်ခေါ်ဖိတ်နေပါသည်။

၁။ ကြီးစွာသောကယ်တင်ခြင်း A Great Salvation (ဟေဗြဲ ၂း၃)
အာဒံခေတ်မှစ၍ ယခုနောက်ဆုံးသောကာလတိုင်အောင် ကျမ်းစာတော်မြတ်သည် ကယ်တင်ခြင်းကို ဗဟိုပြုထားပါသည်။ ဘုရားသခင်ကပင် ကြီးစွာသောကယ်တင်ခြင်း ဟုသမုတ်ခဲ့သည်။ စကြာဝဠာ တစ်ခုလုံးနှင့် ၀ယ်ယူ၍မရသော တရားဖြစ်သောကြောင့် ၄င်းကို နားမထောင် (ဂရုမစိုက်) ဘဲနေလျှင် အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း ဟုဆိုသည်။ မိမိတပါးတည်းသော သားတော်ကိုပင် မနှမြောဘဲ မထိုက်တန်သော အပြစ်သားများကို ကယ်တင်သည့် ဘုရားရှင်၏ မဟာမေတ္တာတော်ကို ငြင်းပယ်သောသူအတွက် ဘယ်လောက်ဝမ်းနည်းစရာကောင်းသနည်း

၂။ ယခုရရှိပိုင်ဆိုင်သော ကယ်တင်ခြင်း A present Salvation (၂ကော ၆း၂)
သာသနာပလူများနှင့် ခရစ်ယာန်ဘာသာဝင်အများစုသည် ကယ်တင်ခြင်းနှင့်ပတ်သက်၍ ဤလောက၌ အသက်ရှင်နေထိုင်စဉ် ရမရ မသိနိုင်ဘဲ၊ သေခါမှ သိလိမ့်မည်ဟုထင်မြင်ကြသည်။ ကျမ်းစာတွင် “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏၊ ယခုပင် ကယ်တင်ရာနေ့ရက် ကာလရှိ၏” ဟုဆိုထားသည်။ လူ့ဘ၀သည် ခဏသာထင်ရှားပြီးမှ ပျောက်ကွယ်တတ်သော အခိုးအငွေ့နှင့် တူပါသည်။ ကယ်တင်ခြင်းသည် အခုယုံ အခုရသည့် တရားပင်ဖြစ်သောကြောင့် ယခုပင်လက်ခံကြပါစို့။


၃။ အညီအမျှဆက်ဆံသောကယ်တင်ခြင်း A common Salvation (ယုဒ ၃ )
လူအပေါင်းတို့သည် အာဒံအားဖြင့် တစ်ယောက်နှင့် တစ်ယောက်ခြားနားခြင်း အလျင်းမရှိဘဲ၊ ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြသည်။ သို့ဖြစ်၍ ကယ်တင်ခြင်းဟူသည် လူကြီးလူငယ်၊ ဆင်းရဲချမ်းသာ၊ ယောင်္ကျားမိန်းမ၊ အဆိုးအကောင်း နှင့် လုံးဝမဆိုင်ပါ။ ဘာသာရေးကိုင်းရှိုင်းသူပေါလုနှင့် ခရစ်တော်နှင့် အတူ ကားတိုင်ပေါ်တွင်ဆွဲထားခြင်းခံရသူ ဓါးပြတို့သည် ခရစ်တော်ကြောင့်သာလျှင် ကျေးဇူးတော်အားဖြင့် အညီအမျှ ကယ်တင်ခြင်းရရှိကြသည်။

၎။ ရမှန်းသိရှိသောကယ်တင်ခြင်း A known Salvation (၁ယော ၅း၁၂-၁၃)
သားတော်ကိုရသောသူသည် ထာဝရအသက်ကိုရ၏၊ ယောင်္ကျားရသော မိန်းမတစ်ယောက်သည် ယောင်္ကျားရမှန်း သေချာစွာသိသကဲ့သို့ ယုံကြည်ခြင်းအားဖြင့် သားတော် (ယေရှု) ကိုရသောသူသည် ထာဝရအသက်ကို ရမှန်း သေချာစွာသိရပါသည်။

ရှင်ယောဟန်သြ၀ါဒစာစောင်ကို ရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်သည် – “သားတော်ကိုယုံကြည်သော သင်တို့သည် ထာဝရအသက်(ကယ်တင်ခြင်း) ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏ – ဟူ၍ဖြစ်သည်။ ထာဝရအသက်ရမှန်း သိရှိသူသာလျှင် နောင်တမလွန်အတွက် စိတ်အေးရပြီး ဘုရားရှင်နှင့် စစ်မှန်သော မိဿဟာယဖွဲ့နိုင်ပါသည်။ ဘုရားသခင်ထံတော်မှလာသော ငြိမ်သက်ဝမ်းမြောက်ခြင်းကို ရရှိပါသည်။

၅။ အဘိုးအခမဲ့ကယ်တင်ခြင်း A Free Salvation
လူသားများ၏ အကောင်းဆုံးသော ကိုယ်ကျင့်တရား၊ ပညတ်တရား၊ ပြုပြင်ပြောင်းလဲရေးတရားနှင့် ဘာသာတရားများအားဖြင့် ကယ်တင်ခြင်း မရနိုင်ပါ။ ဤကယ်တင်ခြင်းသို့ရောက်ဖို့ရန် အခြားနည်းလမ်း မရှိတော့သောကြောင့်၊ အခမဲ့ပေးရခြင်းဖြစ်ပါသည်။ ၀ိညာဉ်ပိုင်းဆိုင်ရာတွင် မျှော်လင့်ချက်ကင်းမဲ့၍ လမ်းစပျာက်နေသူများကသာ လက်ခံနိုင်ပါသည်။ ကယ်တင်ခြင်းဆိုသာမှာ ဈေးပေါသည့် သဘောမျိုးမဟုတ်ဘဲ၊ အခမဲ့သာဖြစ်ပါသည် (Not cheap, but free) မည်သူမျှ ကြိုးစားအားထုတ်၍ မရနိုင်သောကြောင့် အခမဲ့လက်ဆောင်အဖြစ်ပေးရခြင်းဖြစ်သည်။

၆။ ၀ှက်ထားသောကယ်တင်ခြင်း A Hidden Salvation (မဿဲ ၁၃း၄၄)
လူ့လောကတွင် တန်ဖိုးရှိသောရွှေ ငွေဘဏ္ဍာနှင့် ရတနာများကို လူတိုင်းမြင်နိုင်သည့် နေရာတွင် သိမ်းထားလေ့မရှိပါ။ ကောင်းကင်နိုင်ငံတော် (ကယ်တင်ခြင်း) သည် လယ်၌ ၀ှက်ထားသောဘဏ္ဍာနှင့် သခင်ယေရှုက နှိုင်းထားသည်။

၇။ ထာဝရတည်သောကယ်တင်ခြင်း An Eternal Salvation (ဟေဗြဲ ၅း၉)
ကယ်တင်ခြင်းသည် ထာဝရအသက်ဖြစ်သည်။ နှစ်တစ်ရာ၊ နှစ်တစ်သိန်း၊ နှစ်တစ်သန်း မဟုတ်ပါ။ အစအဆုံး မရှိသော နိစ္စထာဝရဖြစ်ပါသည်။ ဟာဂရ နှင့် ရှမေလတို့အတွက် အာဗြဟံ ထည့်ပေးသောရေဗူးသည် တခဏသာ ခံသော်လည်း၊ ဘုရားရှင်မျက်စိဖွင့်ပေးမှုကြောင့် မြင်တွေ့သော ရေတွင်းသည် ကုန်ခန်းခြင်းမရှိပါ။ ရေဗူးသည် ကိုယ်ကျင့်တရားဖြစ်၍ ရေတွင်းသည် ကျေးဇူးတရားဖြစ်ပါသည်။ သခင်ယေရှုက “ငါပေးသောရေသည် ထိုသူ၌ အသက်ရှင်ခြင်း အလိုငှာထွက်သော စမ်းရေ ဖြစ်လိမ့်မည်” ဟုဆိုသည်။ သခင်ယေရှု၏ တစ်ခါတည်းပူဇော်ခြင်းသည် ယုံကြည်သူအား ထာဝရစင်ကြယ်ခြင်းနှင့် စုံလင်ခြင်း အကျိုးရရှိစေပါသည်။


မှတ်ချက်။   ၂၀၀၉ ဒီဇင်ဘာလထုတ် လူမျိုးသကာ ဓမ္မစာစောင်မှ ပြန်လည်တင်ပြထားပါသည်။

Leave a Reply