နိုင်ငံတော်အတွက်ပါဝင်ကြစို့

လွန်ခဲ့တဲ့ ၂၀ ရာစု၊ ဥရောပတိုက် ဆွစ်ဇာနိုင်ငံရဲ့ တောင်ပေါ်မြို့ကလေး တစ်ခုမှာ ဘုရားကျောင်း အိုလေးတစ်ခုရှိတယ်။ အိုမင်းရင့်ရော်မှုနဲ့၊ ခေါင်မိုး အုတ်ကြွတ်ပြားတွေ စီတဲ့သစ်သားပြားတွေ ဆွေးမြေ့လွန်းလို့  အုတ်ကြွတ်ပြားတွေ အခန့်မသင့်ရင် မသင့်သလို ပြုတ်ပြုတ်ကျလာတတ်တယ်။ ဒါနဲ့ ၀တ်ပြုအစည်းအဝေးပြီး ပြီးချင်း တိုင်းမှာ အထူးဆုတောင်းချိန်ကလေး တစ်ခုယူပြီး ဘုရားကျောင်းခေါင်မိုးပြင်ဖို့ Building Funds ကောက်ခံဖို့ နှင့် အမြန်ဆုံး လိုအပ်တဲ့ ငွေကြေးရနိုင်ဖို့ အဲဒီ ဘုရားကျောင်းကလေးထဲမှာဘဲ ဆုတောင်းကြတယ်။ ဆုတောင်းပြီးဒါနဲ့ ဘုရားကျောင်းခေါင်မိုးပြင်ဖို့ အလှူငွေကောက်ခံတယ်။

အဲဒီဘုရားကျောင်းမှာဘဲ အလွန်ကပ်စေးနဲတဲ့ အသင်းသားတစ်ယောက်ရှိတယ်။ သူဟာ ခေါင်မိုးပြင်ဖို့ အလှူငွေပေးရမှာစိုးလို့ အမြဲတမ်း ဘုရားကျောင်းလာရင်နောက်ဆုံးတန်းမှာ ထိုင်တယ်ဆိုဘဲ။ ၀တ်ပြုအစည်းအဝေးပြီးတာနဲ့ ချက်ချင်းထပြန်ချင်လို့ပေါ့။ တစ်ခုသော တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်တဲ့လူတွေများပြီး နောက်ဆုံးတန်းတွေမှာ ထိုင်စရာနေရာမရှိတော့ဘူးတဲ့။ ဖြစ်ချင်တော့ အဲဒီ ကပ်စေးနဲ ကော်တရာကြီးလည်း ဘုရားကျောင်းကို နောက်ကျမှ ရောက်လာတယ်။ နောက်ဆုံးတန်းကနေ အတတ်နိုင်ဆုံးနောက်ဆုံး ခုံတန်းမှာ နေရာ ရဖို့ တစ်တန်းပြီးတစ်တန်း ချီတုံချတုံ တက်လာရင်း၊ ထိုင်စရာနေရာလွတ်မရှိတော့လို့ ရှေ့ဆုံးတန်းမှာထိုင်လိုက်ရတယ်။

ဝတ်ပြုအစည်းအဝေးလည်းပြီးရော ချက်ချင်း ခေါင်မိုးရန်ပုံငွေရှာဖို့ ဆုတောင်းတဲ့အချိန်စတာ ဆိုတော့ သူ့ခမျာ အရှေ့ဆုံးတန်းကနေ ချက်ချင်းထပြန်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်မှာဆိုတော့ ဆက်ထိုင်ပြီးဆုတောင်းနေတယ်။ ဖြစ်ချင်တော့ အုတ်ကြွတ်ပြားတစ်ချပ် ပြုတ်ကျလာပြီး သူ့ခေါင်းပေါ်တဲ့တဲ့ ကိုမှ ကျလာတယ်။ အုတ်ကြွတ်က သိပ်မကြီးတော့ အကြီးအကျယ်အနာတရတော့ မဖြစ်ဘူးပေါ့။ ဘုရားသခင်ကသူ့ကို စကားပြောဒါပဲလို့ စိတ်ထဲမှာ သိရှိခံစားလိုက်တယ်… အဲဒါကြောင့် ချက်ချင်း ခပ်ကျယ်ကျယ် ကျေးဇူးတော်ချီးမွမ်းရင်း ဆုတောင်းလိုက်တာကတော့ “….. ဘုရားကျောင်းခေါင်မိုးပြင်ဖို့ အလှူငွေ ပေါင် ၁၀၀၀ ထဲ့ လှူပါ့မယ်…” ဟူ၍ ဖြစ်သည်။

အဲ….. နောက်ဆုံးတန်းကနေလည်း ဆုတောင်းသံလေးတစ်ခု မပွင့်တစ်ပွင့် ကြားလိုက်ကြရပါတယ်….
“…ဘုရားသခင် နောက်တစ်ချပ် ချလိုက်ပါအုန်း…….” ဟူသတတ်။

ဘုရားရှင် ချလို့ အုတ်ကြွတ် ပြုတ်ကျတာဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် ဘယ်လိုဘဲဆိုဆို အုတ်ကြွတ်လေးနဲ့ တွေ့သွားမှ ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက် ပါဝင်သင့်မှန်း နားလည်သဘောပေါက်သွားတဲ့ အဲဒီအသင်းသား လိုမဖြစ်ကြစို့နဲ့ရယ်လို့ စာဖတ်သူအားလုံးကို ဝေမျှချင်ပါတယ်။ ဘုရားပေးတဲ့ အသိပညာ၊ အတတ်ပညာ၊ ငွေကြေး၊ စွမ်းအားတွေကို ဘုရားရှင်နိုင်ငံတော်အတွက်ပြန်လည် ဆက်ကပ်နိုင်ကြပါစေလို့လည်း ဆန္ဒပြုပါတယ်။




အမှုတော်မြတ်၌




သောင်းနိုး

Leave a Reply