ဓမ္မသီချင်းတို့၏ရာဇ၀င် (How Great Thou Art)

အင်္ဂလိပ်သီချင်းစာသား – စတူးဝပ် ကေ ဟိုင်း (၁၈၉၉)
သံစဉ် – စတူးဝပ် ကေ ဟိုင်း နှင့် Manna Music

PDF version for who doesn’t have Myanmar font

“ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်ချီးမွမ်းဘွယ်ဖြစ်တော်မူ၏။  ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။” (ဆာလံ ၁၄၅း ၃)

ဤသီချင်းသည် (၂၀) ရာစုနှစ်၏ ချီးမွမ်းခြင်းသီချင်းတစ်ပုဒ်ဖြစ်ပြီး ပြီးခဲ့သည့် အနှစ်သုံးဆယ်အတွင်းတွင် ယုံကြည်သူတို့ ကြိုက်နှစ်သက်သည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ အကြောင်းမှာ လူကြိုက်များသော ဧ၀ံဂေလိအဆိုတော်များ အထူးသဖြင့် George Beverly Shea ကို အသုံးပြုခြင်းကြောင့်ဖြစ်သည်။ Mr James Caldwell သည် ၁၉၅၁ ခုနှစ်၌ Long Island တွင်ကျင်းပသော Story Brook Bible Conference ၌ သီဆိုပြီး အမေရိကန် ပရိသတ်ကို မိတ်ဆက်ပေး သော်လည်း နာမည်ကြီးသော လန်ဒန်တရားဟောပွဲကြီးအတွင် ဘီလီဂရေဟမ် ဧ၀ံဂေလိ အဖွဲ့မှ Cliff Barrows နှင့် Beverly Shea တို့ သီဆိုသောအခါမှသာ တစ်ကမ္ဘာလုံးသို့ ထင်ရှားကျော်ကြားသွားသည်။

ဆွီဒင်ဘာသာစကား၌ နဂိုမူလစာသားသည် ကဗျာတစ်ပိုဒ်ဖြစ်ပြီး “O Store Gud” ဟုနာမည်ပေးထားသည်။ ၄င်းကို ၁၈၈၆ ၌ ဆွီဒင်လူမျိုးသင်းအုပ်ဆရာတစ်ပါးဖြစ်သော သိက္ခာတော်ရဆရာ ကားလ်ဘိုဘတ်က ရေးသားသည်။ ဘိုဘတ်သည် Sanningsvittnet စာစောင်၏ အောင်မြင်သော အယ်ဒီတာတစ်ဦးလည်းဖြစ်သည်။ ဤသီချင်ရေးသားရန် နှိုးဆော်ခြင်းခံရသည်မှာ ဆွီဒင်၏ လှပသော အရှေ့တောင်ပင်လယ်ကမ်းရိုးတန်း သို့သွားရောက်လည်ပတ်ရာမှဖြစ်သည်ဟု ဆိုကြသည်။ တစ်နေ့၌ တောထဲတွင် လျှောက်သွားနေစဉ် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည်တို့ကို ရုတ်တရက် တွေ့ကြုံခံစားခဲ့ပြီး နောက် တစ်ခဏချင်းတွင်ပင် ၀င်းထိန်သော နေရောက်ခြည်ထွက်လာသည်။ တိတ်ဆိတ်ငြိမ်သက်ပြီး မကြာမီတွင်အနီးအနား၌ရှိသော သစ်ပင်များ၌ ငှက်ကလေးများ၏ တေးသီချင်သီဆိုသံများကို ကြားရသည်။ ထိုသို့သော အတွေ့အကြုံများကြောင့် ထိုသင်းအုပ်ဆရာသည် ဒူးထောက်ချကာ တန်ခိုးကြီးမားသော သူ၏ဘုရားသခင်ကို နှိမ့်ချစွာဖြင့် ၀တ်ပြုကိုးကွယ်သည် သူ၏ ချီးမြောက်ခြင်းကို ဆွီဒင်ဘာသာဖြင့် “O Store Gud, nar Jag den varld beskader” ဟူ၍ အပိုဒ် ကိုးပိုဒ်ပါသော ကဗျာ အနေဖြင့် ဖွဲ့ဆိုထားပါသည်။

နှစ်အတော်အတန်ကြာသောအခါ Varmland နယ်၌ကျင်းပသော အစည်းအဝေးတစ်ခု၌ ဘိုဘတ်ရောက်လာပြီး သူ၏ကဗျာကို ဆွီဒင် သီချင်ဟောင်း တစ်ပုဒ်၏ သံစဉ်ဖြင့် ပရိတ်သတ် သီဆိုကြသည်ကို အံ့သြစွာ ကြားရသည်။
ဤသီချင်း၏ နောက်ဆက်တွဲ ရာဇ၀င်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။ ဘိုဘတ်ဘာသာ ပြန်တည်းဖြတ်ပြီး မကြာမီတွင် ထိုစာသားကို Manfred Von Glehn က ဂျာမဏီ ဘာသာသို့ပြန်ဆိုကာ “Wie Gross Bist Du” ဟူ၍ ခေါင်းစဉ်တပ်သည်။ နောက်ပိုင်း ၁၉၂၅ သို့ ရောက်သောအခါ အီလီနွိုက်၊ ချီကာဂို ရှိ North Park ကောလိပ်၏ သိက္ခာတော်ရဆရာ အီးရိုစတပ်ဗ် ဂျွန်ဆင်က ဆွီဒင် ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည်။ ဤဘာသာပြန်သော သီချင်းသည် ယနေ့ ကျွန်ုပ်တို့ အသုံးပြုသည့် စာသားနှင့် အလွန်ခြားနားသည်။ ၄င်းကို အချို့သော ဓမ္မသီချင်းစာအုပ်များတွင် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ဂျွန်ဆင်၏ ဆွီဒင်ဘာသာမှ တိုက်ရိုက်ဘာသာပြန်သည့် သီချင်းကို “ကြီးမြတ်သော ဘုရား၊ အံ့ဖွယ်ရာများကို ကျွန်ုပ်ကြည့်သောအခါ” ဟူ၍ ခေါင်းစဉ်တပ်ထားသည်။ ၁၉၂၇ ခုနှစ်တွင် I S Prokhan off သည် ဂျာမန် ဘာသာမှ ရုရှားဘာသာသို့ ပြန်ဆိုသည်။

ကာပါသီယန်တောင်တန်းဒေသတွင် မီရှင်လုပ်စဉ်ရိုက်ထားသောပုံ

၁၉၃၃ တွင် သာသနာပြုများဖြစ်သော သိက္ခာတော်ရ ဆရာ S K Hine နှင့် သူ၏ ဇနီးတို့သည် ယူကရိန်း အသင်းတော်တစ်ပါးမှ “O Store Gud” ကို ရုရှားဘာသာစကားအားဖြင့် သင်ယူကြသည်။ မှောင်မိုက်ပြီး ဧ၀ံဂေလိ မရောက်သေး သည့်နေရာတို့၌ နှစ်ယောက်သံစုံအဖြစ် သီဆိုသောအခါ ကယ်တင်ခြင်း မရသေးသော သူများအတွက် မည်မျှအကျိုးသက်ရောက်သည်ကို သူတို့ မှတ်မိကြသည်။ ထိုအချိန်ထိတိုင် ဤ သီချင်းကို အင်္ဂလိပ်မူရင် တေးကဗျာအဖြစ် ရေးသားရန် စိတ်မကူးမိကြသေးချေ။ ၄င်းသည် တော်တောင်ရှုခင်းများရှိရာ ကာပါသီယန် တောင်တန်းဖက်သို့ ကူးလာသည်အထိ စောင့်နေခြင်းဖြစ်သည်။ ပထမ သုံးပိုဒ်တို့သည် တစ်ပိုဒ်ပြီး တစ်ပိုဒ် မမေ့နိုင်သော ကာပါသီယန် တောင်တန်း အတွေ့အကြုံများမှ ထွက်ပေါ်လာသည်။ (စတုတ္ထ အပိုဒ်ကို နောက်ပိုင်း၌ အင်္ဂလန်တွင် ရေးသားသည်)။ တစ်ပိုင်း၌ ရုရှားစာသားများ၊ တစ်ပိုင်း၌ ကိုယ်တော်၏ လက်တော်ဖြင့် လုပ်သော အရာများ၏ အံ့သြဖွယ်ရာမြင်ကွင်းများ စသည်တို့ကြောင့် ပထမနှစ်ပိုဒ်သည် စိတ်ကူး စိတ်သန်းမှ အင်္ဂလိပ်စာသို့ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။ သိက္ခာတော်ရဆရာ ဟိုင်းနှင့် သူ၏ ဇနီးတို့သည် သူတို့၏ ဧ၀ံဂေလိ လုပ်ငန်းကို ကာပါသီယန် တောင်တန်းဒေသများ၌ ဆက်လက် လုပ်ဆောင်ကြပြီး တစ်ရွာပြီးတစ်ရွာ ဧ၀ံဂေလိ သတင်းကောင်း ဝေငှကြသော အခါ အပိုဒ် (၃) ဖြစ်ပေါ်လာသည်။

၁၉၃၉ ခုနှစ်၌ ကမ္ဘာစစ်ကြီး ဖြစ်သောအခါ သိက္ခာတော်ရဆရာဟိုင်း နှင့် သူ၏ ဇနီးတို့သည် ဗြိတိန် သို့ပြန်ရန် လိုအပ်လာသည်။ ယခုတွင် ဤအပိုဒ် သုံးပိုဒ်ကို လက်နက်အဖြစ်ဆွဲကိုလျက် သီချင်ရေးသူသည် သူ၏ ဧ၀ံဂေလိ တရားဟောခြင်းကို လေကြောင်း တိုက်ပွဲဆင်နွဲသည့်၊ တိုက်ပွဲများကြားတွင်ပင် ဆက်လက်လုပ်ဆောင်ခဲ့သည်။ စတုတ္ထအပိုဒ်မှာ စစ်ကြီးပြီးမှသာ ထွက်ပေါ်လာသည်။

ဤဓမ္မသီချင်း၏ သံစဉ်သည် ရှေး ဆွီဒင်လူမျိုးစု၏ သီချင်းတစ်ပုဒ်ကို အခြေခံပြီး ဖန်တီးထားသည်။ ၄င်း၌ Day by Day စသော အခြား ဓမ္မသီချင်း၏ သံစဉ်ကဲ့သို့ ထူးခြားချက်မျိုးရှိသည်။ မစ္စတာ စတူးဝပ် ကေ ဟိုင်း သည် သူ၏ နဂို မူရင်း အင်္ဂလိပ် ကဗျာနှင့် ဆွီဒင် လူမျိုးစု၏ တေးသီချင်းကို အစီအစဉ်လုပ်ပြီး ပုံနှိပ်ထုတ်ဝေသည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပုံနှိပ်ထုတ်ဝေရေး ကုမ္ပဏီအား တရားဝင် ထုတ်ဝေခွင့် ပေးလိုက်ခြင်းက ဤ သီချင်းကို လူကြိုက်များ ကျော်စောလာစေရန် တွန်းအား ပေးသကဲ့သို့ဖြစ်သွားသည်။ ၁၉၇၄ ခုနှစ် ဧပြီလအတွင်းတွင် Christian Herald Magazine သည် စာဖတ်ပရိတ်သတ် များ၏ ဆန္ဒအရ ဤသီချင်းကို အမေရိကန် နိုင်ငံတွင် လူကြိုက်အများဆုံး နံပါတ် (၁) သီချင်းအဖြစ် သမုတ်သည်။

မှတ်ချက် ။ ခရစ်ယာန်စာပေ CLC မှ ထုတ်ဝေသော ‘ဓမ္မသီချင်းများ၏ ရာဇ၀င်’ စာအုပ်မှ ထပ်ဆင့် ၍ ကိုးကား တင်ပြထားပါသည်။