ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်း အကျဉ်း (ဂျူး)

Click here for PDF Version

ရဟူဒီဘာသာ သည် ကမ္ဘာ့ဘာသာကြီးများ တွင် ခရစ်ယာန်နှင့် အစ္စလမ် ဘာသာ တို့နှင့် အတူ ရှေး အကျဆုံး ဘာသာတရား တစ်ခုဖြစ်သည်။  ယနေ့ ရဟူဒီဘာသာကို လက်ခံ ယုံကြည်သူ ကမ္ဘာတ၀ှမ်းတွင် သန်းပေါင်း ၁၂ သန်း မှ ၁၄ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး အမေရိကန် နိုင်ငံတွင် ၆ သန်းခန့် ရှိမည်ဟု ဆိုသည်။

အဓိကပုဂ္ဂိုလ်များ

  1. Abraham – ဂျူး လူမျိုးတို့၏ ကနဦး ဖခင်ကြီး။
  2. Sarah – Abraham ၏ ဇနီး ဂျူး လူမျိုးစု (၁၂) စု ၏ မိခင်ကြီး
  3. Ishmael – Abraham နှင့် ကျွန်မ Hagar တို့၏သား။ အာရပ် လူမျိုးစုတို့၏ ဖခင်ဖြစ်လာသူ။ သူအားဖြင့် အစ္စလမ်ဘာသာ နှင့် Abraham ကြားတွင် ဆက်စပ်မှုဖြစ်သည်။
  4. Isaac – Abraham နှင့် ဇနီး Sarah တို့၏ သား။ သူ့အားဖြင့် Abraham အားဘုရားသခင်ပေးထားသည့် ကတိတော်ပြည့်စုံခြင်းသို့ရောက်ရသည်။
  5. Jacob – Isaac ၏ အမွါသား နှစ်ယောက်အနက် သားငယ်။ ဘုရားသခင်က သူ နာမည်ကို Israel (အစ္စရေးလ်) ဟုပြောင်းလည်း သမုတ်သည်။ သူ၏ သား ၁၂ ယောက်သည် အစ္စရေးလ် လူမျိုးတို့၏ လူမျိုးနွယ် ၁၂ နွယ် ၏ ဖခင်များဖြစ်သည်။
  6. Joseph – Jacob ၏ အချစ်ရဆုံးသော သားငယ်။ အကို ဖြစ်သူများ၏ မနာလို မှုကြောင့် ရောင်းစားခြင်း ခံရပြီး အီဂျစ်နိုင်ငံ သို့ရောက်သွားကာ၊ ထိုနိုင်ငံ၏ အကြီးအကဲ တစ်ဦးဖြစ်လာပြီး၊ မိုးခေါင်ရေရှားခြင်း အန္တ၇ယ်ကြောင့် ဖခင်နှင့် အကို များအား အီဂျစ်နိုင်ငံသို့ ခေါ်လာသူ။
  7. Moses – အီဂျစ်နိုင်ငံတွင် ကျွန်ခံနေရသော အစ္စရေးလ် (ဂျူး) လူမျိုးများကို ခါနန် ပြည်သို့ ခေါ်ဆောင်သွား ရန် ဘုရားသခင်ရွှေးကောက်တော်မူခြင်းခံရသော ခေါင်းဆောင်။ ဂျူးလူမျိုးများအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေများဖြင့် ချုပ်ကိုင် စုစည်းပြီး လူမျိုးနိုင်ငံ တစ်ခုအဖြစ် ဆိုင်းနိုင်း တောင်တွင် တည်ထောင်သူ။
  8. Joshua – Moses ၏ အရိုက်အရာကို ဆက်ခံသ၊ ဘုရားသခင် ကတိပေးထားသည့် နယ်မြေဖြစ်သော နာမည်ကြီး ဂျေရေခေါမြို့သိမ်း စစ်ပွဲနှင့် ခါနန်ပြည်ကို သိမ်းပိုက်ရန် အတွက်ခေါင်းဆောင်သည့် စစ်သေနာပတိချုပ်။
  9. Saul – အစ္စရေးလ် တို့၏ ပထမဦးဆုံးသော ဘုရင်။ သူ၏ အနှစ် (၄၀) ကြာ နန်းသက်ကို ဘုရားသခင်ကို မနာခံမှုများ၊ သိက္ခာသမာဓိ မဲ့မှုများစွာ တို့အားဖြင့် မှတ်တမ်းတင်ခြင်းကို ခံရသူ။
  10. David – သိုးကျောင်းသားကလေး ဘ၀မှ အစ္စရေးလ် နိုင်ငံ၏ ဒုတိယမြောက် ဘုရင်မင်းမြတ်၊ တန်ခိုးအကြီးဆုံးဘုရင်ကြီးဖြစ်လာသ။ူ
  11. Solomon – David နှင့် စစ်သူကြီး Uriah ၏ ဇနီး Bathsheba တို့ ဖောက်ပြန်ခြင်းမှ မွေးဖွားလာသည့် သား။ အစ္စရေးလ် နိုင်ငံ၏ ခန်းနားကြီးကျယ်သော ဗိမ္မာန်တော်များကို တည်ဆောက်သူ။ အစ္စရေးလ် နိုင်ငံ၏ တတိယမြောက်ဘုရင်။ အစ္စရေးလ် နိုင်ငံ ၂ ပိုင်း မကွဲခင် နောက်ဆုံး စိုးစံသော ဘုရင်။

သမိုင်းအကျဉ်း။
ရဟူဒီ ဘာသာ သမိုင်းအစပိုင်းကို ပြန်ကောက်မည် ဆိုလျှင် Abraham ၏ ဥရု (Ur) အရပ်ဒေသတွင် နေခဲ့စဉ်က စပြီး လေ့လာရမည်ဖြစ်သည်။ ဓမ္မဟောင်း ကျမ်းကို လေ့လာလျှင် Abraham ကို ဘုရားသခင်က ခရစ်မပေါ်ခင် နှစ်ပေါင်း ၂၀၀၀ ခန့်တွင် ကတိပေးထားသည်မှာ သူ့အား နိုင်ငံသစ်တစ်ခု၏ ဖခင်ကြီးဖြစ်စေမည်ဖြစ်ပြီး၊ ထိုနိုင်ငံအားဖြင့် လောကီသားအားလုံး ကယ်တင်ခြင်း ရရှိစေမည် ဟူ၍ဖြစ်သည်။ ဂျူးတို့၏ သမိုင်းကို သမ္မာကျမ်းစာ ၏ ကမ္ဘာဦးကျမ်းတွင် ဆက်လက်လေ့လာမည်ဆိုလျှင် Abraham ၏ ဆွေစဉ်မျိုးဆက် များအကြောင်း၊ နောင်တွင် အစ္စရေးလ် ဟု ပြောင်းလည်း သမုတ်ခြင်းခံရသော ယာကုတ် အထိဖော်ပြထားသည်။

Torah ကျမ်းစာများ ၏ ဒုတိယ နှင့် တတိယ ကျမ်းများဖြစ်သော Exodus နှင့် Leviticus တွင် ဘုရားသခင်က ဂျူးလူမျိုး များကို အီဂျစ်နိုင်ငံမှ ထူးဆန်းအံ့သြဘွယ်ရာ နိမိတ်လက္ခဏာ များအားဖြင့် ကယ်နှုတ်ခေါ်ဆောင်သွားသည်။ ထိုနောက် အစ္စရေးလ် လူမျိုးများ လိုက်နာ ရမည့် ဥပဒေကို လည်း ခေါင်းဆောင်ကြီး မောရှေ အားဖြင့် ပေးခဲ့သည်။ Pentateuch ကျမ်းများ၏ နောက်ဆုံး ကျမ်းဖြစ်သော Deuteronomy တွင် ခေါင်းဆောင်ကြီး မောရှေ ၏ စတင်တည်ထောင်သော အစ္စရေးနိုင်ငံနှင့် လူမျိုးများအား မှာကြားသော နောက်ဆုံးမိန့်မာချက်များကို ဖော်ပြထားသည်။

ခါနန် ပြည်ကို သိမ်းယူပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀၀ ခန့် ကြာသောအခါ Saul သည် အစ္စရေးလ် နိုင်ငံ ၏ ပထမဦးဆုံးသော ဘုရင်ဖြစ်လာသည်။ ဒုတိယ ဘုရင်သည် ဒေးဗစ် ဖြစ်ပြီး ဆောလမွန်သည် တတိယ ဘုရင်ဖြစ်သည်။ ဤ ဘုရင် သုံးပါးသည် မြောက်ပိုင်း တောင်ပိုင်း တစုတစည်း တစ်နိုင်ငံအဖြစ် အုပ်စိုးမင်းလုပ်သော ဘုရင်များဖြစ်သည်။ နှစ်ပေါင်း ၁၂၀ ခန့်ကြာသည်။ BC 930 ခန့်တွင်ဆောလမွန် မင်းကြီးနတ်ရွာစံ ပြီး နောက်ပိုင်း နိုင်ငံ နှစ်ခြမ်းကွဲသွားသည်။ မြောက်ပိုင်းတွင် လူမျိုးနွယ်စု ၁၀ စု အဓိကနေထိုင်ကြပြီး အစ္စရေးလ် နိုင်ငံ ဟု နိုင်ငံကို သမုတ်သည်။ တောင်ပိုင်းတွင် လူမျိုးနွယ်စု ၂ စု အဓိကနေထိုင်ကြပြီး ယုဒ နိုင်ငံ (Judah) ဟု နိုင်ငံကို သမုတ်သည်။

သမ္မာကျမ်းကို လေ့လာလျှင် မြောက်ပိုင်းနိုင်ငံသား (အစ္စရေးလ်) များသည် ပရောဖက် ဟောရှေ နှင့် ပရောဖက် အာမုတ် တို့၏ အတန်တန် သတိပေးသည့် ကြားမှ ဘုရားသခင်ကို မေ့လျော့ လာကြပြီး (1 Kings 12-2 Kings 17) အပြစ်နွံထဲတွင် နှစ်မြောလာကြသည်။ ထို့ကြောင်း BC 722 ခုနှစ်တွင် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် အဆီးရီးယား လူမျိုးများက မြောက်ပိုင်း အစ္စရေးလ် နိုင်ငံ ကို ကျူးကျော်သိမ်းပိုက်လိုက်သည်။

တောင်ပိုင်း ယုဒ နိုင်ငံတွင်လည်း ဘုရားသခင်၏ ပရောဖက်များဖြစ်သော ဟဗ္ဗကုတ်၊ ဟေရှာယ၊ Joel၊ ယေရမိ၊ မိက္ခာ နှင့် Zechariah ကဲ့သို့သော သူများ၏ နောင်တရရန် နှင့် ဗျာဒိတ်ပြုချက်များ ကို အကြိမ်ကြိမ် ဥပက္ခာပြု မှုကြောင့် BC 605 တွင် ဗာဗုလုန် နိုင်ငံ၏ ကျူးကျော်သိမ်းပိုက် ဖျက်ဆီးခြင်းကို ခံရသည်။ ဗာဗုလုန် နိုင်ငံကို သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်း ခံရသော ၇ နှစ်တာ အတွင်းတွင် ဟေယကိ နှင့် ဒံယေလ တို့သည် အစ္စရေး နိုင်ငံ ၏ပြန်လည် တည်ထောင်မည့် အနာဂတ် အကြောင်းများကို ဗျဒိတ်ပြုခဲ့ကြသည်။

BC 536 တွင် ကုရု (Cyrus) ဘုရင်က ဂျူးလူမျိုး များကို ပြည်တော်ပြန်ခွင့်ပေးသည်။ Zerubbabel ဗိမ္မာန်တော် ဟု လူသိများသော ဂျေရုရှလင် ဗိမ္မန်တော်ကို ပြန်လည် တည်ဆောက်ကြရာ နှစ် ၂၀ ခန့်အကြာ BC 516 ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ဗာဗုလုန် နိုင်ငံသို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရသည့် နောက်ပိုင်းတွင် ဂျုးလူမျိုးများသည် ဒေးဗစ် ဘုရင်ကြီး လက်ထက်ကဲ့သို့ အင်အားကြီး ဘုရင့်နိုင်ငံတော်အဖြစ် ပြန်လည် နလန်မထူနိုင်တော့ပါ။ ကမ္ဘာ့အင်ပါယာ နိုင်ငံအဆက်ဆက်တို့၏ ကျူးကျော်ခြင်း၊ သိမ်းပိုက်အနိုင်ယူခြင်း တို့ကိုခံရသည်။ ပါးရှန်းအင်ပါယာ က (BC 450 မှ BC 330) ၊ ဂရိ၊ အီဂျစ်၊ နှင့် ဆီးရီးယား တို့က (BC 330 မှ BC 166) ၊ ဟာမိုးနီးယန်း တို့က (BC 166 မှ BC 163) အသီးသီး သိမ်းပိုက် အနိုင်ကျင့် ခြင်းကို ခံခဲ့ရပြီး၊ BC 163 နောက်ပိုင်းတွင် ရောမစစ်တပ် ၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံရပြန်သည်။

ကျူးကျော်သိမ်းပိုက်သူ တို့၏ ဘာသာရေး ချုပ်ချယ်မှုတို့သည် လည်း မတူညီခဲ့ပါ။ သခင်ယေရှု မွေးဖွါးခဲ့သည် အချိန်ကာလများတွင် ရောမတို့၏ လက်အောက်တွင် ကိုလိုနီ နိုင်ငံအဖြစ်ရှိခဲ့ပြီး အစ္စရေးနိုင်ငံ၏ ဘုရင်ခံချုပ် ဟေရုဒ် မင်းသည် ဂျေရုရှလင် ဗိမ္မာန်တော်ကို အကြီးအကျယ် မွန်းမန် ပြုပြင်သည်။ နှစ်ပေါင်း ၂၀ ခန့်ကြာသည်ဟု ဆိုသည်။ ဂျူးလူမျိုးတို့၏ နေ့တဓူဝ အသက်တာသည် ဘာသာရေးအကြောင်းများကို ပြောဆို၊ ဆွေးနွေး၊ ငြင်းခုံ ခြင်းများဖြင့်သာ ပြည့်နှက်နေခဲ့ပြီး၊ ဘာသာရေးအဖွဲ့အစည်းကြီးများဖြစ်သော (Pharisees, Sadducees, the Essenes နှင့် Zealots) တို့ သည် ဂျူးလူမျိုးများအပေါ် သြဇာလွမ်းမိုးနိုင်ခဲ့ကြသည်။

AD 66 ခုနှစ်တွင် ဂျူး လူမျိုးတို့၏ ရောမ ကျူးကျော်သူတို့ကို ပုန်ကန်တိုက်ခိုက်မှုကြောင့် ဂျေရုရှလင် တစ်မြို့လုံး နှင့် ဟေရုဒ်ဘုရင်ခံ၏ နန်းတော်ကို ရစရာမရှိတော့သည် အထိရောမစစ်တပ်က ဖျက်ဆီးချေမွ ပစ်လိုက်သည်။ ဤဖြစ်ရပ်ကြောင့် ဂျူးလူမျိုးအတော်များများ အဝေးနေရာများသို့ ပြန့်နှံ့သွားကြပြီး Rabbinical Judaism ဟုခေါ်သော ယုံကြည်ခံယူမှု အသစ်တစ်ခု မွေးဖွါးလာခဲ့သည်။ (မှတ်ချက်။ ဂျူးလူမျိုးတို့သည် ဂျေရုရှလင် ဗိမ္မာန်တော်ကို ဗဟိုထားပြီး သူတို့၏ ယုံကြည်မှုကို ကျင့်သုံးခဲ့ကြသော်လည်း ဂျေရုရှလင် ဗိမ္မာန်တော် ဖျက်ဆီးခြင်း ခံရသောနောက်ပိုင်းတွင် သူတို့ ရောက်ရာ အရပ်ဒေသတွင်ပင် ဂျေရုရှလင် ဗိမ္မာန်တော်မရှိသော်လည်း ရဟူဒီ ယုံကြည်ခြင်းကို ဆက်လက်ထိမ်းသိမ်းခြင်း ယုံကြည်ကျင့်သုံးခြင်းဝါဒ ကို Rabbinical Judaism ဟုခေါ်သည်။)

နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာ မွေးဖွါးလာပြီးတဖြည်းဖြည်း ခိုင်မာလာခြင်းနှင့် အတူ ရောမအင်ပါ တဖြည်းဖြည်း ကျဆင်းယုတ်လျှော့လာခြင်းတို့သည် ဂျူးလူမျိုးတို့ကို ဥရောပ တခွင်လုံးနှင့် ရုရှားနိုင်ငံသို့ သွားရောက် အခြေချ နေထိုင်ရန် အကြောင်းများစွာတို့ကို ဖန်တီးပေးနေသကဲ့သို့ဖြစ်သည်။ သူတို့သည် ရောက်ရာ အရပ်ဒေသတိုင်းတွင် မယုံသင်္ကာစွာ ဆက်ဆံမှုခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများစွာတို့ကို ခံခဲ့ကြရသည်။ အလယ်ခေတ် (Middle age) ဟု သမိုင်းပညာရှင်များ က သမုတ်ခဲ့သည် ကာလများတွင်ဖြစ်ပွါးခဲ့သည့် ကပ်ဆိုးကြီးများ ကို ဂျူးများကြောင့် ဖြစ်သည် ဟုစွပ်စွဲခြင်းခဲ့ခဲ့ရသည်။ 1478 ခုနှစ်တွင်ဖြစ်ပွားသော Spanish Inquisition ပြဿနာတွင်လည်း ဂျူးလူမျိုးတို့ကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ နေရတိုင်းတွင် ဂျူးမုန်းတီးရေး ၀ါဒများဖြစ်ပွားခဲ့သည်။ အဆိုးဆုံးကတော့ ၁၉၃၀ နှင့် ၁၉၄၀ နှစ်လွန်များတွင် ဖြစ်ပွားခဲ့ပြီး Holocaust ဟု လူသိများသော နာဇီ ဂျာမဏီတို့က ဂျူးလူမျိုး ၆ သန်းခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုပင်ဖြစ်သည်။

၁၉၄၈ ခုနှစ်တွင် ယနေ့ အစ္စရေးလ် နိုင်ငံကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပြန့်နှံ့ရောက်ရှိနေကြသော ဂျူးလူမျိုးများ အစ္စရေးလ် နိုင်ငံသို့ တဖွဲဖွဲပြန်လာကြသည်။ 1967 ခုနှစ်တွင် အီဂျစ်၊ ဂျော်ဒန် နှင့် ဆီးရီးယား တို့နှင့် ဖြစ်ပွားသော ခြောက်ရက်စစ်ပွဲ (6 days war) တွင် အစ္စရေးလ် နိုင်ငံ ကအနိုင်ရရှိပြီး ဂျေရုရှလင် မြို့တော်ကို အစ္စရေးလ် တို့က ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။

အခြေခံယုံကြည်ချက်များ
ခေတ်သစ် ရဟူဒီဘာသာ ကို လေးမျိုးအဖြစ်ခွဲခြမ်းနိုင်သည်။

  1. Orthodox Jews : တိုးရ (Torah) ဟုခေါ်သော ဟေဗရူး ကျမ်းစာအုပ်မှ ပထမ ကျမ်း ၅ တွဲ နှင့် Talmud ဟုခေါ်သော ဂျူး ဥပဒေသများနှင့် ရိုးရာဓလေံထုံးတမ်းတို့ကို ရေးသားထားသည့် ရှေးခေတ် ဂျူးဘာသာရေးဆရာကြီးများရေးသားခဲ့သည့် ကျမ်းဂန်များ ကို စွဲစွဲမြဲမြဲ၊ တိတိကျကျ လိုက်နာသည်။ ကိုရှာ (Kosher) ဟုခေါ်သည့် နေ့စဉ် ကျင့်ထုံးများကိုလည်း လိုက်နာကျင့်သုံးသည်။ Hasidic Jews ဆိုသည့် အဖွဲ့ငယ်တစ်ခုသည် Orthodox အဖွဲ့၏ လက်ယာစွန်းဝါဒီများဟု သတ်မှတ်ခံယူထားကြသည်။ တနည်းအားဖြင့် အစွန်းရောက် Orthodox Jews များဖြစ်သည်။ သူတို့သည် နှုတ်ကပတ်တော် အပိုင်းအစများကိုထည့်ထားသည့် အနက်ရောင် ဗူးငယ်ကလေးများ (Phylacteries ဟုခေါ်သည်) ကို လက်မောင်း နှင့် နဖူးပေါ်တွင် ၀တ်ဆင်၊ သယ်ဆောင် ထားလေ့ရှိကြသည်။
  2. Conservative Jews (အမေရိကားတွင်တည်ထောင်သည်) လိုက်နာမှု ပျော့ပြောင်းသည့် အဖွဲ့ဖြစ်ပြီး ဂျူးကျန်းဂန်များ၊ များကို ဖတ်ခြင်းလိုက်နာခြင်းမယ်မယ်ရရမရှိသော၊ ရဟူဒီဘာသာဝင်များ ဖြစ်သည်။ သူတို့၏ ရှေးဖခင်ကြီးများကျင့်သုံးခဲ့သော ရဟူဒီ ဂျူးဘာသာကို မပျောက်မပျက် ဆက်လက်ထိမ်းသိမ်းလိုသော ဆန္ဒသာ ရှိပြီး၊ ခေတ်သစ်ကမ္ဘာနှင့် သဟဇာတဖြစ်အောင် နေထိုင်ကျင့်ကြံလိုသော ဂျူးများဖြစ်သည်။
  3. Reformed Jews: တစ်ချို့က Humanistic သို့မဟုတ် Progressive သို့မဟုတ် Liberal Jews ဟုလည်းခေါ်သည်။ ပြုပြင်ပြောင်းလည်းရေးသမားများဖြစ်သည်။ ဂျူးဘာသာ စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ထုံးများကို ကျင့်ကြံလိုက်နာသော်လည်း ခေတ်သစ် လူမှုအသိုင်းအ၀ိုင်း တွင်လည်း တက်တက်ကြွကြွပါဝင်သူများဖြစ်သည်။ ခေတ်ရေစီးကြောင်းနှင့် အတူ၊ သဟဇာတဖြစ်အောင်နေထိုင် သော်လည်း အတော်များများသည် ဘုရားတရားနှင့် ကင်းကွာနေကြသည်။
  4. Messianic Jews (လူနည်းစု) ယေရှုခရစ်တော်ကို ကယ်တင်ရှင် မေရှိယအဖြစ်ယုံကြည်လက်ခံသူ များဖြစ်သည်။ ဂျူး မိဘ၊ ဘိုးဘွားများမှဆင်းသက်လာသူများဖြစ်သော်လည်း၊ ဂျူးလူမျိုးများက သူတို့ကို စစ်မှန်သော ဂျူး မဟုတ်သူများဟု မြင်သည်။

ရဟူဒီ ဂျူးဘာသာဝင်အားလုံးတို့အတွက် ဂျေရုရှလင် မြို့သည် သန့်ရှင်းမြင့်မြတ်သော ဘုရားရှင် ကျိန်းဝပ်ရာ မြို့တော်ဖြစ်သည်။

ဂျူးဘာသာဝင်တို့နှင့် ပတ်သက်၍ အောက်ပါအချက်များကိုလည်း သိမှတ်သင့်သည်။

  • ဘုရားရှင်သည် ဂျူးလူမျိုးများနှင့် ပဋိညဉ်တရားသစ္စာတရားပြုလုပ်ခဲ့သည်ဟု အခိုင်အမာယုံကြည်သည်။
  • ထိုပဋိညဉ် သစ္စာတရား ပြုလုပ်ခြင်း၏အမှတ်လက္ခဏာအဖြစ် မွေးဖွားလာသော ယောင်္ကျားကလေးငယ် တိုင်းကို မွေးဖွားပြီး ရှစ်ရက်မြောက်တွင် အရေဖြားလှီးခြင်းကို ပြုလုပ်သည်။
  • ဘုရားသခင် သတ်မှတ်ထားသော ဥပုသ် တော်နေ့တွင် အလုပ်မလုပ်ဘဲ အနားယူခြင်း။
  • အချို့သော ဂျူးလူမျိုးများသည် ဘာသာတရားကိုင်းရှိုင်းခြင်းမရှိဘဲ၊ သူတို့ကိုသူတို့ ဘုရားမဲ့ဝါဒီများ အဖြစ်ခံယူသည်။
  • အချို့သော ဂျူးများသည် ဂျုးမိဘနှစ်ပါးမှ မွေးဖွါးသောကြောင့်သာ ဂျူးဖြစ်နေကြသော်လည်း အခြားသူများမှ ယုံကြည်ခြင်းကြီးသော ဂျူးဘာသာဝင်များဟု ထင်မြင်တတ်ကြသည်။ ဂျူး မိဘနှစ်ပါးမှ မွေးဖွားသော်လည်း ဂျူးဘာသာကို ယုံကြည်လိုက်လျှောက်ခြင်းမရှိသူ လည်းအမြောက်အများရှိသည်။
  • ဘုရားသခင်ကို တစ်ပါးတည်းသော အရှင်သခင် (သုံးပါးတစ်ဆူမဟုတ်) အဖြစ်ခံယူယုံကြည်သည်။ ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ မမြင်နိုင်သော တန်ခိုးပါဝါ တစ်ခုသက်သက်မဟုတ်ပါ။ သူသည် omnipotent တန်ခိုးကြီးသူ ဖြစ်ပြီး omniscient အရာရာကို သိစွမ်းသူဖြစ်ကာ omnipresent နေရာတိုင်းတွင် တစ်ချိန်တည်းတွင်ရှိ နေသူဖြစ်သည်။ သူသည် သနားခြင်း ဂရုဏာနှင့် ပြည့်ဝသူဖြစ်ပြီး၊ မျှမျှတတ တရားစီရင်သူလည်းဖြစ်သည်။ သစ္စာရှိသူကို ဆုလဒ်များပေးတတ်ပြီး ကောက်ကျစ်စဉ်းလဲသူ များကို အပြစ်စီရင်တတ်သူလည်းဖြစ်သည်။ ဟေဗြဲဘာသာစကားအားဖြင့် ဘုရားသခင်၏ အမည်နာမ ကို Yod, Hei, Vav, Hei ဟူသော ဗျည်း လေးလုံးဖြင့် ရေးသားလေ့ရှိပြီး၊ ထိုလေးလုံးကို အင်္ဂလိပ်လို ဘာသာပြန်ဆိုသောအခါ၊ ဘုရားသခင်၏အမည်နာမသည် YHWH ဟူ၍ဖြစ်သည်။ ဤ စကားလုံးသည် ဖတ်၍ မရသော၊ (၀ါ) အသံထွက်ဆို၍ မရသော စကားလုံး၊ နာမည် ဖြစ်ပြီး ဘုရားရှင်သည် သန့်ရှင်းမြင့်မြတ် လွန်းသဖြင့် ဘုရားရှင်၏နာမည်ကို ရေးသားရန်ပင် မသင့်တော်ဟု ယုံကြည်သောကြောင့် ဖတ်မရသော၊ အသံထွက်၍ မရသော စကားလုံးဖြင့်ရေးသားခြင်းဖြစ်သည် ဟုဆိုသည်။
  • ကျမ်းစာအုပ်များ ဂျူးဘာသာတို့၏ အဓိကကျမ်းစာအုပ်မှာ Tanakh ဟုခေါ်သော မ္မဟောင်းကျမ်းစာအုပ် ဖြစ်ပြီး အဓိကအားဖြင့် မောရှေရေးသားခဲ့သော Pentateuch ဟု ခေါ်ဝေါ်သည့် Torah ထဲမှ ပထမ ငါးအုပ်ပါဝင်သည်။ Talmud ကျမ်းသည် ဂျူးဘာသာရေးဆရာကြီးများရေးသော ဓမ္မဟောင်းကျမ်း၏ အနက်ဖွင့်ဖြစ်သည်။
  • သေခြင်း၏တဖက်ကမ်းအကြောင်းကို ဓမ္မဟောင်းကျမ်းတွင် မယ်မယ်ရရဖော်ပြခဲ့ခြင်း မရှိသည့်အတိုင်း တနေ့နေ့တွင် ကယ်တင်ရှင်မေရှိယကြွဆင်းလာမှာဖြစ်ပြီး သေလွန်ခဲ့ပြီးသောသူများအားလုံး ပြန်ထလာကြမည်ဟု ယုံကြည်သည်။ ထိုအချိန်ကျမှ တရားစီရင်ခြင်းရှိမည်ဟု ယုံကြည်သည်။
  • သောကြာည နေ၀င်ချိန်မှစပြီး စနေနေ့ည နေ၀င်ချိန်အထိကို ဥပုသ်နေ့အဖြစ် သတ်မှတ်ပြီး တရားဇရပ်များများတွင် ၀တ်ပြုစည်းဝေးခြင်းများပြုလုပ်သည်။ တရားဇရပ် Synagogue သည် လူမှုရေးရာ များကိုပြောဆိုတိုင်ပင်ရာ စုဝေးရာအရပ်လည်းဖြစ်သည်။

အရေးကြီးသော နေ့ရက်များ

  1. Rosh Hashanah (September/October) – New Year
  2. Yom Kippur (September/October) – ခွင့်လွှတ်ခြင်းတရားအတွက် ဆုတောင်းရာရက်များ
  3. Sukkot (Five days after Yom Kippur) – တောလည်ရာကျမ်းထဲမှ နှစ်ပေါင်း ၄၀ အဖြစ်အပျက်ကို အမှတ်တရဖြစ်ရန် ကျင်းပသည့် ပွဲတော်၊ ပျော်ရွှင်ခြင်းပွဲတော်။
  4. Hanukkah (December) ဘီစီ ၁၇၅ ခုနှစ်တွင် ကျူးကျော်သူဆီးရီးယား စစ်တပ်ကို မက္ကဘီ အရပ်တွင် အနိုင်ရရှိခဲ့သည့် အထိမ်းအမှတ်။
  5. Purim (February/March) ပါးရှန်း (ယနေ့ အီရန်) တိုင်းပြည်သို့ သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်း ခံရခြင်း မှ ပြန်လည်လွတ်မြောက်သည့် အထိမ်းအမှတ်ဖြင့် ပြုလုပ်ကျင်းပသည့်ပွဲတော်။
  6. Passover (March/April) (ပဿခါပွဲ၊ ထွက်မြောက်ရာကျမ်း ၁၂ ) မောရှေ၏ ဦးဆောင်မှုဖြင့် ဂျူးလူမျိုးများကို အဲဂုတ္တု (အီဂျစ်) နိုင်ငံမှ ထွက်ခွါခွင့်ပေးရန်အတွက် ဘုရားရှင်က အီဂျစ်လူမျိုးအားလုံး၏ သားဦး များကို သတ်ပြီး၊ ဂျူးလူမျိုးများကို ထွက်ခွါခွင့် ရစေသည့် အဖြစ်ကို အစွဲပြု၍ ကျင်းပသည်။
  7. Shavuot (May/June) ဆိုင်းနိုင်းတောင်ပေါ်မှ တိုးရကျမ်း (Torah) ကို မောရှေမှ ရရှိခဲ့သည့် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် နေ့။ ဆတ်စပါး (Barley) ရိပ်သိမ်းခြင်း ကာလ ကုန်ဆုံးခြင်းနှင့် ဂျုံရိပ်သိမ်းကာလ အစလည်းဖြစ်သည်။
  8. Yom Hashoah (usually in April) Holocaust ဟုခေါ်သော ၁၉၄၁ မှ ၁၉၄၅ ခုနှစ်အတွင်း ဂျူးလူမျိုးများကို နာဇီဂျာမဏီတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက် ကို မမေ့မပျောက်စေရန် ကျင်းပသည့် နေ့ရက်။

သောင်းနိုး

မှတ်ချက်။ ။ Len Woods ရေးသားသော Handbook of World Religions (A bible-based review of 50 World faiths) စာအုပ်မှ ကိုးကားတင်ပြထားပါသည်။

Leave a Reply