အချိန်ကား ၁၉၅၂ ခုနှစ်၊ အရိုးခိုက်အောင် အေးသည့် ခရစ္စမတ် အကြိုည၊ တောင်မြောက် ပြည်တွင်းစစ် ကြောင့် ကိုးရီးယား တစ်နိုင်ငံလုံး စစ်ရှောင် ဒုက္ခသည် များအဖြစ် ပြေးလွှား ပုန်းခို နေရသည့် အချိန်။ ငယ်ရွယ် နုပျိုဟန် ရှိသော နေ့စေ့ လစေ့ ကိုယ်ဝန်ဆောင် မိခင် တစ်ယောက်၊ ရုတ်တရက် ဗိုက်နာ သောကြောင့် တွေ့သမျှ လူတိုင်းကို အော်ဟစ် ကာ အကူအညီတောင်းခံ နေသည်။
သို့သော် မည်သူတစ်ယောက်ကမျှ ထိုမိခင်လောင်းကို ဂရုမစိုက်အားပါ။ လူလတ်ပိုင်း အရွယ် လင်မယား ဖြစ်ဟန် ရှိသူ နှစ်ယောက် က နှာခေါင်း ရှုံ့ရင်း အော်ဟစ် ကဲ့ရဲ့ လိုက်သေးသည်။
“ကလေးရဲ့ အဖေကော၊ ဘယ်မှာလဲ? မင်းရဲ့ အမေရိကန် လင် ကော အခုတော့ ဘယ်မှာလဲ?”
လှောင်ပြောင် ရယ်မောပြီး ထွက်သွားကြသည်။
မည်သူ့ကိုမှ အားကိုး ၍ ရမည် မဟုတ်မှန်း သဘောပေါက်သဖြင့်၊ အနီးဆုံး ခရစ်ယာန် မီရှင် အဖွဲ့ ရုံးအထိ ကြိုးစား ၍ သွားရန် ဆုံးဖြတ်ချ ချက်လိုက်သည်။ ထိုနေရာမှ အတော်အတန် တော့ ဝေးသေးသည်။ သို့သော် မတတ်နိုင် အခြား ရွှေးချယ်စရာ လမ်းမရှိ။ ဆီးနှင်း ဖြူလေးများ တဖြုတ်ဖြုတ် စကျလာသည်။ တအား မများခင် သွားမှဖြစ်မည်ဟု စိတ်ကို ပိုင်းချလိုက်ပြီး သွားသည်။ မိနစ် ပိုင်းမျှသာ ရှိသေးသည် ဆီးနှင်းများ ထူထူထဲထဲ ကျလာသဖြင့် ပထမဆုံးတွေ့သည် တံတား ငယ်ကလေးအောက် တွင် ဆီးနှင်းခို ရန် ဆင်းသွားသည်။ ထိုအချိန်တွင်ပင် ဗိုက်က အလွန့်အလွန် နာကျင်လာသည်။ မိနစ်ပိုင်း အတွင်း ကလေးမွေးတော့မည် ဟု သူမသဘောပေါက်လိုက်သည်။
မြင်မြင်သမျှ ဆီးနှင်းဖုံးသည့် ထိုခရစ္စမတ် ညချမ်း ထိုတံတားငယ် ကလေးအောက်တွင်ပင် တစ်ယောက်တည်း ပြုစုစောင့်ရှောက်သူ မရှိဘဲ ကလေးငယ်ကို မွေးဖွါးခဲ့သည်။ အအေးဒဏ် လျှော့ မသွားသည့်အပြင် အမှောင်ထု လွှမ်းလာလေ အေးလာလေဖြစ်ပြီး၊ ဆီးနှင်းများလည်း မညှာမတာကျနေမြဲဆက်ကျနေသည်။ လောကကြီးထဲကို အခုမှ ရောက်လာသော သားအတွက် ပတ်ရစ်စရာ အနှီးတထည်မှလည်း မရှိ။ ကြံရာ မရသည့်အဆုံး လက်ရှိဝတ်နေသော အ၀တ်အစား များကို ချွတ်ပြီး သားကို ပတ်ရစ်လျက် ရင်တွင် တင်းတင်းဖက်ရင်း အအေးဒဏကို ကြိတ်မှိတ်ခံသည်။
နောက်တနေ့ မနက် ခရစ်ယာန်မီရှင် ဆရာ အနီးအနား ရွာကလေးများသို့ ခရစ္စမတ် လက်ဆောင် လိုက်ဝေရန် ထွက်သွားရာ ထိုတံတား အပေါ် ရောက်သည့် အချိန် ကလေးငိုသံ ကြားသဖြင့် ဆင်းကြည့်သည်။ အတွင်းခံ အင်္ကျီ မှလွဲ၍ ဘာမှ ၀တ်မထားသော အသက်ဝိညဉ် မရှိတော့သည့် မိခင်၏ ရင်ခွင်မှ ကလေးငယ်ကိုဆွဲယူသည်။ ထိုကလေးကို မီရှင် ဆရာက မွေးစားသားအဖြစ် ပြုစုစောင့်ရှောက်သည်။
နောင် ၁၀ နှစ် ကြာသောအခါ မီရှင်ဆရာက ကလေးငယ် အား သူ့ မိခင် အကြောင်းကို ပြန်ပြောပြသည်။ တစ်ခုသော ခရစ္စမတ် အကြိုညတွင် သူ့မိခင်က သူ့ကို အသက်ပေးမွေးဖွါးပေးခဲ့ကြောင်း ရှင်းပြသည်။
မွေးသမိခင် ၏ ဖြစ်ကြောင်းကုန်စင် ကြားရသောအခါ ကလေးငယ် ၀မ်းနည်းခံစားရသည်။ မျက်ရည်ကျသည်။
နောက်တနေ့ မနက် စောစော ကလေးငယ်ကို အိပ်ယာ ပေါ်တွင် မတွေ့ သောကြောင့် မီရှင်ဆရာ စိတ်ပူ ပြီးလိုက်ရှာသည်။ အပြင်ထွက်ရှာကြည့်ရာ ဆီးနှင်းပေါ်တွင် ထွက်သွားသော ခြေရာ တစ်စုံကို တွေ့သဖြင့် လိုက်သွားသည်။ နောက်ဆုံး ကလေးငယ် မွေးဖွါးခဲ့သည့် တံတားငယ် ရှိရာအထိ ရောက်သွားသည်။
တံတားအောက်သို့ ဆင်းကြည့်လိုက်သော အခါ ကလေးငယ်လေး ခမျာ အ၀တ်အစား အားလုံးချွတ်လျက် ဒူးထောက် ပြီး အော်ဟစ် ငိုယိုနေသည်ကို တွေ့လိုက်ရသည်။
“အမေ ကျွန်တော့အတွက် ဒီလောက်အေးတဲ့ ဒဏ်ကို ခံခဲ့ရဒါလား ..အမေရယ်”
သည် အဖြစ်မှန် ဖြစ်ရပ်က ၀မ်းနည်းကြေကွဲ စရာကောင်းတဲ့ အခြားသော အမေတစ်ယောက်သားတစ်ယောက် ဖြစ်ရပ်မှန် တစ်ခုကို သတိရစေပါတယ်။ ချမ်းအေးလှတဲ့ တစ်ခုသော ဆောင်းည မှာ ကိုယ်ဝန် နေ့စေ့လစေ့ မာရိ ခမျှာ မွေးဖွါးဖို့ နေရာ အပူတပြင်း လိုက်ရှာခဲ့ရပါတယ်။ နွေးနွေးထွေးထွေးရှိတဲ့ ဗက်လင် မြို့ရဲ့ တည်းခို ခန်းအားလုံးရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆုံး မွေးဖွါးဖို့ နေနေသာသာ လူနေဖို့တောင် မထိုက်တန်တဲ့ နွားတင်းကုတ် ကလေး မှာ မာရိခမျာ မိမိရဲ့ ကလေးကို မွေးဖွါးခဲ့ရပါတယ်။ စကြာဝဌာ တစ်ခုလုံးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်၊ သူရဲ့ နှုတ်မိန့် တစ်ခွန်း နှင့် လောက ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ တန်ခိုးရှင် ယေရှုသခင် ဟာ ကျွန်တော်ကျွန်မအားလုံးကို ကယ်တင် ဖို့အတွက် အလွန့်အလွန် နိမ့်ကျတဲ့ အစပြုခြင်းနဲ့အစပြုခဲ့ပါတယ်။ ဒါဟာ ခရစ်တော်ရဲ့ အနှိုင်းမဲ့မေတ္တာဖြစ်တယ်။
၁ယော ၄း၁၁ တွင် “ချစ်သူတို့၊ ဘုရားသခင်သည်ငါတို့ကို ဤမျှလောက် ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။” ဟု ဆိုထားသည်။
အထက်တွင် ဖော်ပြသော ကိုးရီးယား မိခင်၏ သားအပေါ် ချစ်ခြင်းမေတ္တာသည် မည်မျှလောက် ကြီးမားပါသလဲ။ ထိုမိခင်ထက် သာ၍ ချစ်ခြင်းမေတ္တာနှင့် ပြည့်သော ယေရှုခရစ်တော်က လူသားများ အချင်းချင်း မေတ္တာထား ကြရန် အလိုရှိသည်။
ကျွန်တော်တို့သည် အခြားသူများအပေါ်တွင် ဘုရားသခင်၏ အနှိုင်းမဲ့ မေတ္တာ ကို ထင်ဟပ် ပေါ်လွင်စေသော သူများ ဖြစ်ရန် ဘုရားသခင် အလိုရှိသည်။ အခြားသူများကို မေတ္တာ ပြခြင်းအားဖြင့် ယေရှုခရစ်တော်သည် လူသားများကို မည်မျှချစ်ကြောင်း ထင်ဟပ်စေသည့် သက်သေကောင်းများဖြစ်ရန် ခရစ်တော် အလိုရှိသည်။
ထို့ကြောင့် ခရစ်တော်၏ အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာ ကို ထောက်ရှု လျက် ဧဖက် ၃း၁၇-၁၈ တွင် တမန်တော် ရှင်ပေါလု ၏ ဆုတောင်းချက် အတိုင်း၊ ယခုနှစ် မွေးနေ့တော် အခါ သမယ တွင် အချင်းချင်း ဆုတောင်း သတိရ ကြပါစို့ လို့ တိုက်တွန်း ခွန်အားပေးလိုပါတယ်။
ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝ ပြည့်စုံခြင်းနှင့်ညီလျော်စွာ သင်တို့အား ပေးသနားတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့်၊ သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏နည်းတူ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြင်း၍သိခြင်းငှါ၎င်း၊ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော် ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည်ဆုတောင်းလေ့ရှိ၏။ (ဧဖက် ၃း၁၇-၁၈)
Merry Christmas to you all
သောင်းနိုး
You must log in to post a comment.