နှုတ်ကပတ်တော် လောက၏အသက်

နှုတ်ကပတ်တော် ဆိုသည့် မြန်မာ စကားလုံးကို အင်္ဂလိပ်ဘာသာ Word မှ ဘာသာပြန်ဆို ထားခြင်းဖြစ်ပါသည်။  Word ဆိုသည့် အင်္ဂလိပ်စကားလုံးသည်လည်း ဂရိဘာသာ Logos မှ ဘာသာပြန်ဆို သုံးနှုန်းခြင်းဖြစ်ပါသည်။ Logos ဆိုသည့် စကားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ဖြစ်ခြင်းကို ဖော်ပြရာတွင် သုံးနှုန်းသောစကားလုံး ဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် နှုတ်ကပတ်တော်ကို လောက၏အလင်း၊ လောက၏ အသက်ဟူ၍ ဖော်ညွန်းလျက် သုံးနှုန်းထားပါသည်။ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ ခရစ်ယာန်များ၏ ခံယူယုံကြည်ချက်မှာ ဘုရားသခင်၏ နှုတ်ထွက်စကားတော်၊ ခရစ်တော်နှင့် သမ္မာကျမ်းစာတော်မြတ်ဖြစ်သည်ဟု ယုံကြည်ကြပါသည်။ ထိုသို့ ယုံကြည်ချက်နှင့်ပတ်သက်၍ ဤဆောင်းပါး၌ အဆင့်ဆင့်ဖော်ပြသွားပါမည်။
၁။ ဘုရားသခင်၏နှုတ်တော်ထွက်စကား (The Spoken Word)
ခရစ်တော်မပေါ်မီ ကျမ်းဟောင်းတွင် နှုတ်ကပတ်တော်ကို ဘုရားသခင်၏ နှုတ်ထွက်စကားများကို ရည်ညွန်းလျက် သုံးနှုန်းထားပါသည်။ ကျမ်းဟောင်းတွင် နှုတ်ကပတ်တော်ကို အောက်ပါအတိုင်း သုံးနှုန်းထား ကြောင်းတွေ့ရှိနိုင်ပါသည်။
(က) ဖန်ဆင်းခြင်း
ကမ္ဘာဦးကျမ်း အခန်းကြီး (၁) နှင့် (၂) တို့တွင် ဖန်ဆင်းခြင်းအကြောင်းကို တွေ့နိုင်ပါသည်။ အထူးသဖြင့် အခန်းကြီး (၁) ရှိ၊ အခန်းငယ် (၁) မှ (၃၁) အထိတွင် ဖန်ဆင်းခြင်းသည် နှုတ်အားဖြင့် “ဖြစ်စေ… ရှိစေ “ ဆိုပြီး ဖန်ဆင်းကြောင်းတွေ့ရှိရပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ထွက်စကားသည် တန်ခိုးရှိ၍ မဖြစ်၊ မရှိသေးသောအရာများကို အကောင်အထည်အဖြစ် ဖြစ်ပေါ်စေသည့် နှုတ်ကပတ်တော်ဖြစ်ပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်သည် အရာအားလုံးကို ဖန်ဆင်နိုင်စွမ်းသော နှုတ်ထွက်စကားတော်ဖြစ်ပါသည်။
(ခ) ဘုရားသခင်မိန့်တော်မူသည်ကား
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အရာအားလုံးကို ဖြစ်တည်စေခြင်းနှင့် တည်ရှိစေသော ဖန်ဆင်းခြင်းဆိုင်ရာ နှုတ်ထွက်စကားတော်များဖြစ်သည့် နည်းတူ ဖန်ဆင်းပြီးသော အရာများသည် သူ့အလိုတော် အတိုင်း ရွှေ့လျားအသက်ရှင်လာရန်အတွက် ဘုရားသခင်က သူ့အလိုတော်ကို နှုတ်အားဖြင့် မိန့်တော်မူသည်။ ထိုသို့ မိန့်တော်မူသော နှုတ်ကပတ်တော်တွင် အမှန်တရားကို ဖွင့်ပြထားပါသည်။ ဆိုလိုသည်မှာ ဘုရားသခင် မိန့်တော်မူသောအရာတိုင်းတွင် လောကအတွက်၎င်း၊ လူသားတိုင်းအတွက်၎င်း အမှန်တရား ပါဝင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ထွက်စကားဖြစ်သော စကားလုံးများကို နှုတ်ကပတ်တော်ဟု ခေါ်ပါသည်။ ထို နှုတ်ကပတ်တော်ကို ပရောဖက်များမှ တစ်ဆင့် ဖွင့်ပြောလေ့ရှိပါသည်။ ပရောဖက်များမှ ထာဝရဘုရားမိန့်တော်မူသည်ကား ဆိုသည့်အရာသည် လောကအတွက် အလင်း၊ အသက်ဖြစ်ပါသည်။
၂။ ခရစ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော် (Christ the incarnated Word of God)
ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ပါသည်။ ခရစ်တော်နှင့် ပတ်သက်၍ ကျမ်းသစ်၏ ဖော်ပြချက်အရ လောက၏အလင်း၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်၊ လောက၏အသက်ဖြစ်သည်ဟု ဖော်ပြထားပါသည် (ယော ၁း၁-၁၄)။ တစ်နည်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့ခန္ဓာကိုယ်အားဖြင့် ဤ လူ့လောကသမိုင်းတွင် အသက်ရှင်လျက် လှုပ်ရှားသော နှုတ်ကပတ်တော်ဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်သည် လူသားအားလုံးကို အသက်ထာဝရကို ရရှိစေခြင်းငှာ အသေခံတော်မူသည်။
၃။ သမ္မာကျမ်းစာတော်မြတ် (Written Word of God)
သမ္မာကျမ်းစာတော်မြတ်သည် ဘုရားသခင်၏ စာသားအားဖြင့် ဖွင့်ပြသော နှုတ်ကပတ်တော်ဖြစ်ပါသည်။ သမ္မာကျမ်းစာသည် အသက်ကို မပေးနိုင်သော်လည်း အသက်သေခြင်း၊ ရှင်ခြင်းအလုံးစုံတို့ကို မီးမောင်းထိုးပြပေးပါသည်။ သမ္မာကျမ်းစာတော်မြတ်၏ သွန်သင်ချက်အတိုင်း ခံယူ၍ အသက်ရှင်လိုက်လျှောက်ပါက ထာဝရအသက်နှင့် လမ်းလွဲမည်မဟုတ်ပါ။ ထာဝရ အသက်ရှင်ခြင်းကို ညွန်ပြပေးပါသည်။
နှုတ်ကပတ်တော်နှင့် ယနေ့ယုံကြည်သူများ၏တာဝန်များ
နှုတ်ကပတ်တော်သည် လောက၏အလင်း နှင့် အသက်ဖြစ်သည်ဟု ဆိုလာသည့်အခါ ခံယူလိုက်လျှောက်ခြင်းအားဖြင့် အသက်ရှင်ခြင်းတွင် တာဝန်များစွာရှိလာပါသည်။ လုပ်ငန်းတာဝန်ဟု ဆိုလာသည့်အခါ နှုတ်ကပတ်တော်သည် လူသားအားလုံးအတွက်ဖြစ်ကြောင်းကို လူသားများ သိရှိလာရန် ဖြစ်ပါသည်။ ထိုလုပ်ငန်းတာဝန်များမှာ –
(၁) မိမိအသက်တာကို ဆန်းစစ်ခြင်း
မိမိ၌ ရှိမှသာ သူတစ်ပါးကို ဝေငှနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်း ရှိ၊ မရှိ ကို ဆန်းစစ်ရန်ဖြစ်သည်။ နှုတ်ကပတ်တော်သည် မိမိအသက်ရှင်ခြင်းအတွက် အမှန်တကယ်ပင် အလင်း၊ အသက်ဖြစ်သလားဆိုသည်ကို အဟောအပြောသက်သက်ဖြင့် မဟုတ်ဘဲ နေ့စဉ် အသက်ရှင်ခြင်းဖြင့် သက်သေပြုနိုင်ရပါမည်။ ထိုသို့ အသက်ရှင်ခြင်းအားဖြင့် နှုတ်ကပတ်တော်သည် လောက လူသားအားလုံးအတွက် အလင်း၊ အသက်ဖြစ်လာပါမည်။
(၂) လောက၏ အလင်း၊ အသက်
လောက၏ အလင်နှင့် အသက်ဟုဆိုလာသည့်အခါ လောကဆိုသည့် စကားလုံးကို ဦးစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ မြန်မာစကား၌ လောက ဆိုသည့် အသုံးအနှုန်းသည် လွန်စွာ ကျယ်ပြန့်သော အသုံးအနှုန်းဖြစ်ပါသည်။ ဥပမာအားဖြင့် ပညာရေးလောက၊ ကျန်းမာရေးလောက၊ နိုင်ငံရေးလောက၊ ဘာသာရေးလောက၊ အနုပညာလောက၊ စီးပွါးရေးလောက စသည်တို့ဖြစ်ပါသည်။ ခရစ်တော်မှ သင်တို့သည် ဤလောက၏ အလင်း၊ ဆား ဟု သွန်သင်သည့်အခါ မိမိနှင့် ပတ်သက်သော လောက၌ ခရစ်တော်၏ အလိုတော်အတိုင်း အသက်ရှင်ရန် မိန့်မှာခြင်းသာဖြစ်ပါသည်။ မိမိ လုပ်ကိုင်အသက်ရှင် နေသောအရာသည် မိမိနှင့် သက်ဆိုင်သော လောက၏ အလင်းဟုဆိုလာသည့်အခါ မိမိလုပ်ဆောင်ပါဝင်လျက်ရှိသော လောက၌ နှုတ်ကပတ်တော်အတိုင်း ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရန်ဖြစ်သည်။
နှုတ်ကပတ်တော်သည် အလင်းနှင့် အသက်ဖြစ်သည် ဟုဆိုသည့်အခါ မိမိပါဝင်သော လောကကို ပိုင်နိုင်စွာ လုပ်ကိုင်တတ်ရန်ဖြစ်သည်။ ထို့အပြင် မိမိလောကကို မိမိကိုယ်တိုင် သိရှိရန်လည်း လိုအပ်ပါသည်။ ထိုသို့ သိရှိနားလည်ခြင်းအားဖြင့် အလင်းဖြစ်လာနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ မိမိ မကျွမ်းကျင်၊ မရင်းနှီးသော လောက၌ ခြေဦးတည့်မိပါက လောကအတွက် အလင်းမဖြစ်နိုင်သည့် အပြင် လောကကို ဆုတ်ယုတ်ပျက်စီးစေမည်သာ ဖြစ်ပါသည်။
ဥပမာဆိုရပါက မိမိသည် ဘာသာရေးလောကတွင် ကျင်လည်သောသူဖြစ်လျက်နှင့်ပင် စီးပွားရေးလောကကို စိတ်ဝင်းစားပြီး စီးပွားရေးသမား ဆန်ဆန် လုပ်ဆောင်ပါက အကျိုးနည်းစေနိုင်သည်။ ဘာသာရေးကို ညစ်ညမ်းစေနိုင်သည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လောက၏ အလင်း၊ အသက် ဟုဆိုလာသည့်အခါ မိမိပါဝင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အရာ၌ နက်နက်နဲနဲ အပ်နှံခြင်းနှင့် မိမိ၏ လောကသည် အဘယ်နည်းဆိုသည်ကို သိရှိနားလည် သဘောပေါက်ရန်ဖြစ်ပါသည်။
ကေဆိမ်ပီ
မှတ်ချက်။    ၂၀၁၀ အောက်တိုဘာလထုတ် မြန်မာ့တမန် မဂ္ဂဇင်း မှပြန်လည်တင်ပြထားပါသည်။

Leave a Reply